၈။ တရားသမား နှင့် အရူးလွယ်အိတ် – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 3, 2018)
ဘုန်းဘုန်းတို့တုန်းကလည်း ဒီလိုပဲစွဲခဲ့တာပါပဲ။ သဲအင်းမှ သဲအင်း ဖြစ်ခဲ့ကြတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသဲအင်းပြတဲ့နည်းတွေနဲ့ ဝေဒနာတွေချုပ်တယ်၊ ရုပ် နာမ်တွေမြင်ခဲ့တော့ ဒီသဲအင်းတရားတွေကို ဘုန်းဘုန်းတို့လဲ စွဲခဲ့တာပေါ့။
ယောဂီတို့ အသိဝင်ဆင်ခြင်နိုင်ဖို့အတွက် ဘုန်းဘုန်းရဲ့ အဖြစ်အပျက်တစ်ခုကို ဥပမာပေးဟောပြောပြပေးပါမယ်။ ဘုန်းဘုန်းတို့ ခေတ်တုန်းက ထူးကြီးဆရာတော်က နာမည်ကြီးတယ်။ ဘုန်းဘုန်းက သူ့တရားတွေဆို ကြိုက်တယ်။ သူကပါဠိပါရဂူဆိုတော့ ပါဠိများရွတ်ရင် အရမ်းနားထောင်လို့ကောင်းတာပဲ။ ကိုယ်ကသာ နားမလည်တာ သူရွတ်လိုက်ရင် ဒီပါဠိတွေရွတ်နေတဲ့အသံကလေးကိုက နားထောင်ကောင်းနေတာပဲ။ သူ့တရားပွဲတွေဆို သုတ္တန်တစ်ခုကို ခုနှစ်ရက်လောက်ဟောတာ။ တခါတလေ နာရင်းနဲ့ သဘောမပေါက်တာရှိရင် နောက်နေ့စောစောသွားပြီး recorder သမားကို မနေ့က တရားလေးပြန်ဖွင့်ပေးဖို့၊ ပိုက်ဆံငါးကျပ်ပေးပြီးဖွင့်ခိုင်းရတယ်။ ပြန်နာချင်လို့ပေါ့။ နောက်တော့ဘုန်းဘုန်းကို တရားသမားမှန်းသိတော့ပိုက်ဆံမယူပါဘူး။ သိချင်တဲ့တရားတွေဆို ဖွင့်ဖွင့်ပြတယ်။ ဘုန်းဘုန်းတို့ခေတ်က recorder ခေတ်ကိုး။
ဘုန်းဘုန်းက တရားနာရင် ဟောတာကို နာတာ မဟုတ်ဘူး။ အထဲကအဓိပ္ပါယ်ကို မနောကသဘောပေါက်အောင် နာနေခဲ့တာ။ ဟောတဲ့တရားဇာတ်ဝင်ခန်းတွေက ကိုယ့်ခန္ဓာနဲ့အတိုင်း တူလာတာတွေနားထောင်ရင်း ရိပ်မိလာပြီး အဓိပ္ပါယ်ရဲ့ အနက်သဒ္ဒါကို သဘောပေါက်ပြီး နားလည်လာတော့ နားထောင်ရတာ ကောင်းနေတာပဲ။ ကိုယ့်ဟာကိုပဲ နားလည်နေတာ သူများကိုပြန်ပြောပြပါဆို မပြောပြတတ်ဘူး။ ဘာအရသာနဲ့ မှမတူဘူး။ တရားနာနေရတာ သိပ်ကိုကောင်းနေတယ်။ တစ်နေ့ ဆရာတော်ကြီး ရှေ့တည့်တည့်မှာထိုင်ပြီး တရားနာနေတုန်း ထူးကြီးဆရာတော်ကြီးက ဘာထည့်ဟောလဲဆိုတော့မင်းတို့ စာမတတ်ပဲ မင်းတို့ကျင့်တယ်ဖင်သာဂျွတ်တက်မယ် ဘယ်တော့မှ တရားမရဘူးမှတ် ဒီစာပေမှမတတ်ပဲ ဘယ်လိုလုပ်မလဲတဲ့ ဒီစာပေဟာ အင်မတန် နက်နဲတယ် ဒီသတိပဌာန် တရားလေးပါးဆိုတာ အင်မတန်နက်နဲတဲ့ တရားတွေကို စာမတတ်ပဲ ရမ်းကျင့်ပြီးပြတော့ မင်းတို့ဆရာပေါင်းမှားပြီး အဝီစိကျမယ်ဆိုပြီးဟောတော့ ဘုန်းဘုန်းစိတ်ထဲ မခံမရပ်နိုင်အောင်ဖြစ်သွားခဲ့တယ်။ အောင်မာ ဒါသဲအင်းကိုပြောတာဆိုပြီး ဒေါသတွေဖြစ်လိုက်တာ။ ရှေ့ဆုံးကထိုင်ပြီး ဒါငါတို့ သဲအင်းဂူကိုပြောတာ၊ ငါတို့ကိုပြောတာဆိုပြီးဖြစ်နေတာ။
ဘုန်းဘုန်းတို့ မူလသဲအင်းဂူဆရာတော်ကြီးကလဲ ဖဿော၊ ဖဿတွေလုပ်မနေနဲ့ ဝေဒနာနိယောဓေါတွေ လုပ်မနေနဲ့ ကျင့်သာကျင့်ဆိုတော့ သဘောတွေကျလိုက်တာဆိုတာများ ပြောမနေနဲ့တော့။ အခုထူးကြီးဆရာတော်က ဒီလိုပြောလာတာဆိုတော့ ဟုတ်တယ် ဒါငါတို့သဲအင်းကို ပြောတာဆိုပြီး ကိုယ့်တစ်ယောက်တည်း စိတ်ထဲမှာ ဘုန်းကြီးချင်းရန်တိုက်နေတာ တရားနာရင်းနဲ့ကိုယ့်တစ်ယောက်တည်းဖြစ်နေတာနော် တရားသမားရဲ့ဖြစ်တတ်တဲ့ စိတ်ကိုပြောတာနော်။ ဟိုဘုန်းကြီးတရားကဟိုလို ဒီဘုန်းကြီးတရားကဒီလိုနဲ့ တရားနာနေရင်းနဲ့ မိမိတို့ရဲ့ အတွင်းအဇ္ဇျတ္တမှာ အကုသိုလ်စိတ်ဖြစ်နေတာလေးတွေကို သိစေချင်လို့ ဘုန်းဘုန်းပြောပြတာပါ။
တရားအားထုတ်ရင်းနဲ့ တရားသာနာနေတာ အဲ့ဒီစိတ်ကလေးတွေရှိနေတာက အကုသိုလ်ပါပဲ။ အရိယာတွေပေါ်မှာသွားပြီး ကိုယ်က မဟုတ်ဘူး၊ ဟုတ်တယ် သွားဝေဖန်မိနေတာနော်။ ဘုန်းဘုန်းလည်း နောက်မှဒါတွေကို သဘောပေါက်လာတာပါ။ အဲ့ဒီတုန်းကတော့ ထူးကြီးတရားနာနေရင်းနဲ့ ကိုယ့်သဲအင်းကို ပြောတာဆိုပြီး ဘယ်လိုမှဆက်မနာချင်တော့ဘူး။ စာမတတ်၊ ပေမတတ်ပဲကျင့်ပြီး အကုန်လုံး အဝီစိကျကုန်မယ် ဆိုတော့ ဘယ်လိုမှမကြိုက်ဘူး။
သဲအင်းဂူဆရာတော်ကြီးကလဲ တောင်းစားတဲ့သူအရွတ်ပဲရမယ် ယဿာနုဘာဝတောဆရာတွေနဲ့ တွေ့ရင် ကိုယ်ကျိုးနဲရောလဲပြောရော အမယ် သဘောတွေကျလိုက်တာဆိုတာ။ ကိုယ်ကသဲအင်းကိုကြိုက်တာဆိုတော့ သဘောကျတာပေါ့။
ကိုယ်ကြိုက်တဲ့ ဆရာနဲ့တွေ့တော့ဖြစ်နေတဲ့ စိတ်ကို ပြောနေတာပါ။ နောက်မှကိုယ့်ရဲ့ မူမမှန်တဲ့ စိတ်ကလေးကို ရိပ်မိလာခဲ့တယ်။ ငါဟာ ငါကိုယ်ကြိုက်တဲ့ဆရာဆိုရင်တစ်မျိုး၊ မကြိုက်တဲ့ဆရာဆိုရင်တစ်မျိုးနဲ့ ကိုယ့်စိတ်လေးမူမမှန်တာကို သိလာခဲ့တယ်။
တရားနာနေရင်း ခန္ဓာနဲ့ဉာဏ်ကပ်ပြီးနာတော့ ကောင်းတဲ့နေရာကနေ ဒီလိုစကားလုံးတွေပါလာရင် ပုဂ္ဂိုလ်ရေးတွေပါတယ်ဆိုပြီး ဖြစ်နေရော။ အမှန်မှာက ဟောတဲ့ဆရာက ပုဂ္ဂိုလ်ရေးပါတာမဟုတ်ဘူး ကိုယ်ကပါနေတာ။ အဲ့ဒီကိုယ်ဖြစ်နေတဲ့စိတ်ကလေးကို သိလာရော ကြည့်စမ်း ငါတရားနာနေတယ် ဒါပေမယ့် ဒီစိတ်ကလေးက လျှောက်ပြီးပြဿနာရှာနေတယ်ဆိုတာသိလာခဲ့တယ်။
သေချာပြန်ကြည့်ရင် ထူးကြီးဆရာတော်တို့ဆိုတာ စာပေပရိပတ္တိတတ်ကျွမ်းတော့ သူတို့က စိတ္တသတိပဋ္ဌာန်၊ ဓမ္မာသတိပဋ္ဌာန်တို့က စပြတာ။ မိုးကုတ်လည်း ဒီလိုပဲ စာပေကတတ်လာတာဆိုတော့ စိတ္တသတိပဋ္ဌာန်က စပြတာ။ စာတတ်ပေတတ်၊ ငယ်ဖြူရဟန်းတွေက သူတို့ဟာ ငယ်ငယ်လေးကတည်းက ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းပြီးနေလာခဲ့တော့ ဘုန်းဘုန်းတိုလို့ တရားထိုင်ရင် ဣန္ဒြေကို အထူးထိန်းနေစရာမလိုဘူး။ သူတို့မှာ ဣန္ဒြေသိက္ခာတော်တွေက သာမန်လူတွေထက်စာရင် ရှိနေပြီးသား။
ဘုန်းဘုန်းတို့လိုစာမတတ်တဲ့ ပုဂ္ဂိုလ်တွေက ကာယသတိပဋ္ဌာန်၊ ဝေဒနာသတိပဋ္ဌာန်ကနေ စရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီခန္ဓာကြီးရဲ့ အတုံးအခဲကြီးဖြိုခွဲရသေးတယ်၊ ဓါတ်ကြီးလေးပါးကို အရင်ဖြိုခွဲရတယ်။ ဝေဒနာတွေနဲ့ အကြမ်းတွေကို ဒလကြမ်းအရင်ရှု့တယ်။ အခုယောဂီတွေဆိုလဲ ဝေဒနာကြမ်းတွေကို ရှှု့ပြီး တင်းခံ၊ တောင့်ခံ၊ ပေခံ၊ ကြိတ်ခံ၊ မှတ်ခံရင်းနဲ့လာခဲ့တဲ့ လမ်းတွေကနေ တက်လာကြတာပါ။ ကိုယ်လာခဲ့တဲ့ လမ်းတွေကိုပြန်ကြည့်စမ်း။ ဉာဏ်မပါပဲ အဲ့ဒီလိုလာရင်းနဲ့ အခုဒီလက္ခဏာစခန်းတွေအထိ ရောက်လာတာပါ။
ဒါပေမယ့် စာပေသမားတွေကျတော့မတူဘူး။ စာပေသမားတွေကတာ့ ဓါတ်တွေနဲ့ ရုပ်ကိုထောက်ပြီး သရုပ်ခွဲပါတယ်။ ဖြစ်လာတဲ့ ဝေဒနာပေါ်မှာ ကုသိုလ်နဲ့ယှဉ်တဲ့စိတ်၊ အကုသိုလ်နဲ့ ယှဉ်တဲ့စိတ် စသည်ဖြင့် ဖြစ်တဲ့စိတ်ကို ထောက်ပြီး ဆင်ခြင်ကြတာပါ။
အဲ့ဒီတော့ ဘုန်းဘုန်းတို့ ယောဂီတွေကို ဆုံးမချင်တာကတရားသမားဆိုတာ အရူးလွယ်အိတ်လိုနေရပါတယ်။ အရူးတွေကတွေ့သမျှ ကိုယ့်အိတ်ထဲ အကုန်ကောက်ထည့်သလို တရားသမားကလဲ တွေ့တဲ့တရားနာယူမှတ်သားပြီး ကိုယ်လက်သင့်ခံတာယူပြီး၊ လက်သင့်မခံနိုင်တဲ့ဟာ မယူပါနဲ့၊ ထုတ်မသုံးပါနဲ့။ တရားနာရင်း တရားသဘောတစ်လုံးလောက်လဲသဘောပေါက်လည်း မနည်းပါဘူး။ ဘယ်ဆရာတော်တရားပဲဖြစ်ဖြစ် နာကြပါ၊ အရူးလွယ်အိတ်လို သင့်တာကိုယူပြီး မသင့်တာကိုမယူနဲ့ပေါ့။
အရိယာတွေပေါ်မှာ ဝေဖန်စိတ်တွေရှိခဲ့ရင်လဲ မိမိတို့စိတ် မိမိတို့ကိုယ်တိုင်စမ်းစစ်ပြီး အကုသိုလ်ဖြစ်စေမည့် အကြောင်းတရားတွေပေါ်မှာ လွတ်မြောက်အောင် နေကြပါလို့ ဘုန်းဘုန်းကမှာကြားလိုပါတယ်။
ကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
ရွှေတံခါးအပိုင်း(၂) ပြည်မြို့။
Source : (မူရင်း) ယုသင်းချို
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။