၁။ ဒိဋ္ဌိတရား (June 3, 2018) – ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ၏ တိုက်အုပ်ဆရာကြီး ဒေါ်ခေမိဿရ မှ ယောဂီတွေအပေါ် ဂရုဏာထား ဆုံးမစကား
အဲ့ဒီ တိတ္ထိတွေက ဘာအကျင့် ကျင့်ကြလဲဆိုတော့…..
ရေငုပ်တယ်၊ တုံးခုန်တယ်၊ မီးလှုံတယ်၊ ဇယ်ခတ်တယ် ဆိုတဲ့ အကျင့်တွေကျင့်ကြပါတယ်လို့ ဆရာလေးတို့ ယောဂီတု့ိတတွေက သိထားကြတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို ဆရာလေးတို့ ယောဂီတို့က ဒိဋ္ဌိလို့ခေါ်ခဲ့ကြ တယ်နော်။
ဒါပေမယ့် အဲ့ဒီတိတ္ထိတွေ ကျင့်နေကြတဲ့ ဒိဋ္ဌိကျင့်စဉ်မျိုးကို ဆရာလေးတို့ ယောဂီတို့တတွေ ကိုယ်တိုင်ကျင့်နေကြတယ်ဆိုတာရော သတိထားမိကြရဲ့လား ယောဂီတို့။ ဒါတွေကို ဆရာလေးတို့လည်း တရားကျင့်တော့မှ သဘောပေါက်သိလာခဲ့ရတာ။
အရင်တုန်းကတော့ ရေငုပ်တယ်၊ တုံးခုန်တယ်၊ မီးလှုံတယ်၊ ဇယ်ခတ်တယ်ဆိုတာကို ဘယ်လိုနားလည်ခဲ့သလဲဆိုတော့…
ရေငုပ်တယ်ဆိုတာက ရေထဲဆင်းသွားလိုက် ငုပ်သွားလိုက်နဲ့ သူတို့လေ့ကျင့်နေတာပေါ့။
တုံးခုန်တယ်ဆိုတာကတော့ သစ်တုံးကြီးတွေပေါ်မှာသွားလိုက် လာလိုက် လေ့ကျင့်နေတာပေါ့။
မီးလှုံတယ်ဆိုတာကလည်း ထင်းပုံကြီးတွေပုံပြီးမီးရှို့ပြီး မီးလှုံကြတာ။
ဇယ်ခတ်တယ်ဆိုတာကလည်း ဇယ်တခုနဲ့တခု အလျင်မပြတ်အောင် ဆက်တိုက်ခတ်ပြီး လေ့ကျင့်တယ်ပေါ့ဆိုပြီး ဒီ ဒိဋ္ဌိကျင့်စဉ်တွေကို ပုံဝတ္ထုထဲကအတိုင်း အဲ့ဒီလိုယူဆထားတာ။
အမှန်က တိတ္ထိတွေကျင့်ခဲ့တဲ့ ဒိဋ္ဌိကျင့်စဉ်က ဆရာလေးတို့ ယောဂီတို့ရဲ့ ဒီခန္ဓာထဲမှာ ဖြစ်နေတာပါ။ ခန္ဓာမှာကျင့်ရင် တွေ့ရပါလိမ့်မယ်။ အပြင်မှာ ပုထုဇဉ်တွေ ပြောလေ့ပြောထရှိကြတာက “မင်းကွာ ဘာမှလည်းမသိ ဘုရားမှန်း ဘာမှန်းလဲမသိ ဒီကောင်တော့ ဒိဋ္ဌိပဲဆိုပြီး သူများကို ပြောနေကြတာတွေလေ။ အမှန်က ကိုယ်ကိုယ်တိုင်က ဒိဋ္ဌိဖြစ်နေတာကို ကိုယ့်ဘာသာကိုယ်မသိကြဘူး။
ယောဂီတို့…တကယ်တော့…
ရေငုပ်တယ်ဆိုတာက တနေ့တနေ့ ဝိပဿနာအသိ တလုံးမှမရှိကြပဲ ဘာလုပ်နေကြလဲဆိုတော့ သားအာရုံ၊ သမီးအာရုံ၊ စီးပွားရေးအာရုံ စတာတွေနဲ့ မျောပြီးတော့နေပြီး တနေ့တနေ့ နေနေကြတာတွေက ရေငုပ် နေကြတာပါပဲ ယောဂီတို့။ အဲ့ဒီ အာရုံ ရေအလျင်ကြောထဲမှာ မြုပ်ချီပေါ်ချီနဲ့ရေငုပ်နေကြတာ ပေါ်တော့ပေါ်လာတယ် ဘယ်အချီပေါ်လာလဲဆိုတော့ ဒုက္ခတွေရောက်လာရင် ပေါ်လာတတ်ကြတယ်။ ငါ့နှယ်နော် ဒုက္ခပါပဲ စသည်ဖြင့် ဘုရားတကြတယ်။ ခလုတ်ထိမှ အမိတကြသလိုပေါ့။ ဒုက္ခရောက်ရင်တော့ တခါပေါ်လာတယ်။ ပြီးတော့ပြန်ငုပ်သွားကြတာပါပဲ။ အဲ့ဒါ အာရုံနဲ့ ရေငုပ်နေကြတာနော်။
တုံးခုန်တယ်ဆိုတာကြပြန်တော့ ဘာလုပ်လဲဆိုတော့ ဒီအာရုံတွေအပေါ်မှာ ကြား ကြားတဲ့အတိုင်း၊ မြင်မြင်တဲ့အတိုင်း မနေတတ်ကြဘူး။ ကြားလိုက်တာနဲ့ ဒါဘယ်သူပဲ ဘယ်ဝါပဲနဲ့ ကြားတာကို ကြားတဲ့အတိုင်းရပ်လိုက်ရင် ဘယ်အပြစ်ဖြစ်မလဲ ဘယ်ဒုက္ခရောက်မလဲ၊ မြင် မြင်ပြန်တော့လဲတခါ ဒီကောင်မလေး အချိုးကိုမပြေဘူး ဝတ်တာစားတာကိုက ဘယ်လိုဆိုပြီး အာရုံတုံးတွေအပေါ်မှာ ထွက်ထွက်ပြီး ကျော်ကျော်ယူနေကြတာ။ မြင်တာကို သူ့သဘာဝအတိုင်းနေပေါ့ အဲ့လိုမဟုတ်ဘူး ခုတော့အမြဲတမ်း တုံးခုန်ကျော်ကြတယ်။ ကိုယ့်ကိုကိုယ်တော့ မကြည့်မိဘူး ငါ့စိတ်က ဒီကထွက်ပါလား၊ သူဘာကိုသွားပြီး ပြဿနာရှာပြီး အပြစ်လုပ်နေပါလားလို့ ကိုယ့်စိတ်ကို ကိုယ်မစစ်ပဲနဲ့ ကျော်မနေကြဘူးလား။ နေ့တိုင်းကျော်နေကြတာနော် ယောဂီတို့။ ကြားလည်းကျော်သွားတာပဲ တွေးရင်းနဲ့လည်း ကျော်သွားတာပဲ။ အာရုံတုံးတွေကို အဲ့ဒီလို ယောဂီတို့တတွေ ကျော်နေကြတာနော်။
ကဲ မီးလှုံတယ်တဲ့ မီးလှုံတာကတော့ ပြောဖွယ်ရာမရှိဘူး မီးလှုံတာဘာလဲဆိုတော့ ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်လေးနေတာရရဲ့သားနဲ့ ဥပမာ ခင်ပွန်းသည်မက ခင်ပွန်းသည်ကို မမြင်ရတဲ့အခါ သူ့သားကို ဟဲ့ နင့်အဖေဘယ်သွားလဲဆိုပြီးမေးတယ်။ မမြင်ရရင် အကြောင်းအေးနေတာမဟုတ်လား။ အဲ့ဒါကို သားအာရုံ၊ သမီးအာရုံ၊ ခင်ပွန်းသည်၊ ခင်ပွန်းသည်မ စတဲ့အာရုံတွေကို သွားသွားညွတ်တာ။ အာရုံမရှိရင်ငြိမ်းနေတာကို မြင်လိုက်ရမှ စိတ်အေးလက်အေးနဲ့ သူ့ကျန်းမာရေးကောင်းတယ်၊ ငါ့ရှေ့ရှိတယ်နဲ့၊ မျက်စိအောက်မှာများမရှိရင် မမြင်ရရင် ပူနေကြတာပဲ၊ ဘယ်သူနဲ့တွေ့ပြီး ဘာများဖြစ်မလဲဆိုပြီး သောကကဖြစ်မနေကြဘူးလား။ အဲ့ဒီလို သောကမီးလေးလှုံနေရမှ၊ ကိုယ့်မျက်စိရှေ့လေးမှာရှိနေတာကို လိုချင်နေကြတယ်။ ဘုန်းဘုန်းကြီးဆိုအမြဲပြောတယ် နင်တို့တွေက နူနာသည်မတွေနဲ့တူတယ်တဲ့။ မီးလေးကင်လိုက်ရမှ အယားပြေတယ်တဲ့။ အဲ့ဒီလိုပဲပေါ့။ အာရုံမီးတွေနဲ့ ယောဂီတို့တတွေဟာ လှုံပြီးနေနေလိုက်ကြတာဟာ မီးလှှုံနေကြတဲ့ ဒိဋ္ဌိတွေနဲ့တူကြတယ်လေ မဟုတ်ဘူးလား ယောဂီတို့။
ဇယ်ခတ်တာတော့ ပြောမနေနဲ့စိတ်တွေယောက်ယက်ခတ်နေကြတာ။ တနေ့ တနေ့ မြင်ရင် သတိထာကြည့်စမ်း မြင်တဲ့စိတ်နဲ့ ပေါင်းသွားလိုက် တွေးတဲ့စိတ်နဲ့ပေါင်းသွားလိုက်နဲ့မြင်တဲ့စိတ်ကို မြင်တဲ့အတိုင်းရပ်ပါလား မရပ်ကြဘူး။ ကြားရင် ကြားတဲ့အတိုင်း၊ တွေးရင် တွေးတဲ့စိတ်တွေအတိုင်း ရပ်ပါလား မရပ်ကြဘူး။
ကြားတဲ့စိတ်နဲ့ ပေါင်းလိုက်၊ တွေးတဲ့စိတ်နဲ့ ပေါင်းလိုက်နဲ့ သေချာစစ်ကြည့်ကြ။ အခုစိတ်စစ်တဲ့အပိုင်းတွေမှာ တခုမှမနားဘူး။ ကြားတဲ့စိတ် မြင်တဲ့စိတ် တွေးတဲ့စိတ် ထိတဲ့စိတ်တွေမှာ တချက်မှမနားဘူး ဇယ်ခတ်သလိုမျိုး ဒီအာရုံပေါ်စိတ်တွေ နဲ့ သွားသွားပေါင်းပြီးတော့ ဇယ်ဆက်ပြီး ခတ်နေကြတာယောဂီတို့။
အဲ့ဒီတော့ ရေငုပ်တယ်၊ တုံးခုန်တယ်၊ ဇယ်ခတ်တယ်၊ မီးလှုံတယ်ဆိုတာ ဘယ်သူတွေလုပ်တာလဲ။ အရည်းကြီးတွေလုပ်တာ မဟုတ်ဘူးနော်။ ကိုယ်တွေက လုပ်တာပါ။ ကိုယ့်ခန္ဓာက ဒိဋ္ဌိကြီးတွေ။ အဲ့ဒီဒိဋ္ဌိကြီးတွေနဲ့ နေနေကြတာ။ အဲ့ဒါတွေမသိပဲ ဒိဋ္ဌိဆိုရင် သူများလက်ညှိုးထိုး၊ ကိုယ်ကိုယ်တိုင်ကတော့ ဒီမှာဒိဋ္ဌိဖြစ်နေတာ မသိကြဘူး။ ပြန်မစစ်တတ်ကြဘူး။
ကျင့်ခွင်မှာကျပြန်တော့လည်း ခြေ၊ လက်၊ ကိုယ်ခေါင်းစသည်ဖြင့် ယူထားတဲ့ အမှတ်မှား၊ အသိမှား၊ အယူမှားဆိုတာတွေက ဒိဋ္ဌိတရားတွေပဲ။ လောကမှာ ကျင့်သုံးတဲ့အခါမှာလည်း ကိုယ့်ကိုကိုယ် ဒိဋ္ဌိမှန်းသိပြီး ကိုယ့်ဒိဋ္ဌိကိုယ်မြင်ပြီး ကိုယ်ကိုယ်တိုင်ပါယ်ရလိမ့်မယ်ယောဂီတို့။ သူများကိုကြည့်ပြီး သူများကိုအပြစ် မြင်ရမှာမဟုတ်ဘူး။ ကိုယ်တုံးခုန်တာ ကိုယ်သိရမှာ။ ဒိဋ္ဌိတွေက ဒါပဲကျင့်တယ်။ ဒိဋ္ဌိတွေက အဲ့ဒါနဲ့ပဲနေနေကြတာ။ သူများကို ဘုရားမှန်းမသိဘူး၊ တရားမှန်းမသိဘူးနဲ့ ကိုယ့်ကျမှသိတယ်ဆိုပဲ။ ကိုယ့်ဟာကိုယ်ကျော်နေတဲ့တုံးတွေ ကိုယ့်ဟာကိုယ် မီးလှုံနေတာတွေ ကိုယ်ကိုယ်တိုင်ဒိဋ္ဌိဖြစ်နေတာတွေ မသိကြဘူးနော်။ ဆရာလေးတို့လဲ ဒီတရားတွေကို ကျင့်ခဲ့တော့မှ ဟုတ်သားပဲ ငါသူများတွေကို ဒိဋ္ဌိလို့ပြောခဲ့မိတာ ငါကိုယ်တိုင် ဒိဋ္ဌိလို့သိလိုက်ရတယ်။ ပရမတ်အရှိတရားကို ပြန်မြင်ခဲ့ရတယ်။
ဒါ့ကြောင့် ဆရာလေးမှာချင်တာက ကိုယ့်ဒိဋ္ဌိကို ကိုယ်ကိုယ်တိုင် ရအောင်ပါယ်ကြပါ။ သံသရာတလျှောက်လုံးကတည်းကပါလာခဲ့တဲ့ ဒီ အမှတ်မှား၊ အသိမှား၊ အယူမှားဆိုတဲ့ ဒိဋ္ဌိတရားတွေကို ကြိုးစားအားထုတ်ပြီး သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ ဗိုလ် ၅ ပါးနဲ့ ရအောင်ပယ်သတ်ကြပါယောဂီတို့။
နေ့စဉ်အာရုံတွေပေါ်မှာ
ရေမငုပ်မိပါစေနဲ့…
တုံးမခုန်မိပါစေနဲ့…
မီးမလှုံမိပါစေနဲ့…
ဇယ်မခတ်မိပါစေနဲ့…
Source : (မူရင်း) ယုသင်းချို
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။