၂။ အလိုသိမ်းမှ…ငြိမ်းအေးမယ် – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 3, 2018)
ဘုန်းဘုန်းက ဉာဏ်တွေနဲ့ဟောတယ်၊ မိမိတို့က ကံတွေနဲ့လိုက်ရှာတယ်၊ ရှာမတွေ့တော့ ကြံတယ်၊ အဲ့ဒီစိတ်တွေဘာနဲ့ ဥပမာပေးရမလဲဆိုရင် ဘုရားလက်ထက်က ဟောထားတဲ့ သံသရာလွတ်အောင်ပြေးတဲ့ လူဆိုတာလေးနဲ့ဥပမာပေးရင် ရိပ်မိကောင်းရိပ်မိနိုင်တယ်။ ဘုရားကဘာဟောလဲဆိုတော့ ချစ်သားတို့သံံသရာရဲ့အဆုံးကို သံသရာလွတ်တဲ့နေရာကိုသွားနေတဲ့လူတစ်ယောက်က အမြန်လွတ်ချင်တော့ပြေးသွားတယ်၊ လွတ်ချင်စိတ်နဲ့ပြေးလိုက်တာ လတွေ၊ နှစ်တွေကြာလာတော့ ပြေးရင်းနဲ့သတိရလာတယ် သြော်ငါဘာဖြစ်လို့ပြေးနေရတာတုန်းလို့။ ပြေးရင်းနဲ့စဉ်းစားမိတယ် ငါပြေးနေမယ့်အစား ပြေးတာရပ်ပြီး လမ်းလျှောက်ရင်ကောင်းမယ်ဆိုပြီး လမ်းဖြေးဖြေးလျှောက်သွားတယ်။ချစ်သားတို့ပြေးတဲ့ဇော၊ ပြေးတဲ့အလိုတွေဟာ သက်သာသွားပြီးတော့ ပြေးရာကနေ လမ်းလျှောက်လိုက်တဲ့အတွက် သက်သာရာရသွားတယ်၊နည်းနည်းချမ်းသာသွားတယ်။ သူသွားနေတာကတော့ သံသရာဟိုဘက်ကမ်းရောက်အောင်သွားနေတာ၊ ဒီလိုနဲ့လျှောက်ရင်း လျှောက်ရင်းနဲ့ နှစ်တွေ၊ လတွေ ကြာလာတော့ကိုယ့်ကိုယ်ကို ပြန်သတိရလာတယ်။ ငါဘာလို့ လမ်းလျှောက်နေတာလဲ လမ်းလျှောက်မယ့်အစား ရပ်လိုက်တာကောင်းမယ်ဆိုပြီး ရပ်လိုက်တယ်။ အဲ့ဒီတော့ ပိုသက်သာလာတယ်၊ သံသရာတစ်ဖက်ကမ်းနဲ့လည်းပိုနီးလာတယ်။
ဒီလိုနဲ့လတွေ၊ နှစ်တွေကြာတော့ ရပ်နေတာကို ပြန်သတိရလာတယ် ရပ်မယ့်အစား ထိုင်လိုက်တာကောင်းမယ်ဆိုပြီး ထိုင်လိုက်တော့ ရပ်နေရတဲ့ဒုက္ခကြီးကလွတ်သွားပြန်ရော။
ဒုက္ခလွတ်ကြောင်းပြနေတာနော်…..
ပြေးတဲ့ဒုက္ခ၊ လမ်းလျှောက်တဲ့ဒုက္ခ၊ ရပ်တဲ့ဒုက္ခကနေလွတ်သွားတယ်။ သူ့ဟာသူ ဖြစ်ပျက်သွားတာသိတော့သိတယ်။ ဘာကြောင့်လဲဆိုတာတော့အတိအကျမသိဘူးပေါ့။
ဒီလိုနဲ့ထိုင်နေတာကိုသတိရပြီး ထိုင်မယ့်အစား လှဲလိုက်တာကောင်းမယ်ဆိုပြီး လှဲလိုက်တာ ဟိုမှာတစ်ဖက်ကမ်းရောက်သွားရော..ဒါကိုမြတ်စွာဘုရားဟောခဲ့တာပါ။
ဘာကိုဆိုလိုချင်တာလည်းဆိုတော့ အလိုတွေပေါ့၊ တဖြေးဖြေး အလိုတွေသိမ်းသိမ်း၊ သိမ်းသိမ်းလာတာကိုပြတာ။ အလိုတွေက တဖြေးဖြေး၊ တဖြေးဖြေးလျှော့လျှော့လာတော့ မိမိတို့မှာအခုကျင့်ရင်းကျင့်ရင်းနဲ့ အားထုတ်ရင်းနဲ့ ဘာမှမရှိဘူး ဘာလုပ်ရမှန်းမသိဘူး။တစ်နေ့ထက်တစ်ခြား မတွေ့တာက ခံစားမှူတွေလျော့လျော့လာတာ အဲ့တာကိုလျော့လာတယ်လို့မသိဘူး။
ဘယ်လိုပဲသိလဲဆိုတော့ ဘာမှလဲမတွေ့ဘူး။ ရှာလိုက်တော့လည်းမရှိဘူး။ ဒီလိုပဲဖြစ်နေကြတယ်။ ဇဝေဇဝါတွေဖြစ်နေကျတယ်။ အမှန်က ဟိုကလျော့လာတာကို ယောဂီတို့ကမသိကြဘူး။
အခုလည်းမိမိတို့ကလာတာ တရားလိုချင်လို့၊ရလားဆိုတော့မရကြဘူး၊ ဘာလို့လဲဆိုတော့ မိမိတို့မှာကျင့်ရင်းနဲ့ကုန်လာလေ အားမရလေဘဲ။ ကိုယ်ကအလိုနဲ့လိုက်နေတာ ခုဟာကသိမ်းသိမ်းလိုက်လာတာ။
ခုနကဘုရားဟောတဲ့သံသရာလွတ်အောင်ပြေးတဲ့လူလိုပဲသူကတော့လွတ်အောင်ပြေးတာပဲ၊ ဒါပေမယ့် နောက်ဆုံးတော့ပြေးတဲ့စိတ်တွေ ကုန်ဆုံးသွားတယ်။ အခုလည်းအလိုတွေနဲ့ကြံကြတယ်၊ အဲ့ဒီအလိုတွေက ဒီအကျင့်နဲ့တဖြေးဖြေးကုန်သွားပါလိမ့်မယ်၊ တရားကရတာမဟုတ်ဘူး၊ ကုန်သွားတာ။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့စိတ်တွေကုန်သွားတာကိုမိမိတို့ကနားမလည်နိူင်ဘူး။
ဗုဒ္ဓတရားက အန်ဆေးကြီးအန်ထုတ်တာ။ အရင်တုန်းကအကောင်းတွေထင်ပြီးမြိုထား၊ သိမ်းထား၊ စွဲထားတာတွေအကုန်လုံး၊ ကုန်ကုန်လာတာ နောက်ဆုံးအားလုံးကုန်သွားမှ သြော် ငါကုန်ပါပြီလားလို့သိကြပါလိမ့်မယ်။
ရတယ်ဆိုတာ မရှိပါဘူး။
ရတယ်ဆိုတာ အလိုတွေပါ။
ကျင့်ရင်းကျင့်ရင်းနဲ့မိမိတို့ကုန်ဆုံးလာတာသိလာပါလိမ့်မယ်။
Source : (မူရင်း) ယုသင်းချို
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။