၄။ ကပ်ကြီးသုံးပါးမှ လွတ်ရေး – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 3, 2018)
ဒုဗ္ဘိကန္တရကပ်ရယ် ရောဂန္တရကပ်ရယ်.. သတ္တန္တရကပ်ရယ်ဆိုတော့ ဒီခန္ဓာရလာရင် မြေကြီးလက်ခတ်မလွဲ တနေ့သေကြရမှာ ကိုယ့်ရဲ့ဖိုးဖွါးတွေ အဖေတွေအမေတွေသေခဲ့ပြီ ဒီလိုပုဂ္ဂိုလ်တွေက သေမျိုးတွေကမွေးတော့ မိမိကောဘာသားလည်း သေမျိုးပဲ သတ္တန္တရကပ်ကြီးကလည်း ကိုယ့်မှာမျက်ဝါးထင်ထင် လက်ဝယ်ရရှိထားပြီးပြီ၊ တနေ့သေရမယ့်ခန္ဓာပဲ ဒီရုပ်ကြီးရလာရင် ဒီရုပ်ကြီးသည်ရောဂါနှင့်နေတယ်၊ ဒီရုပ်ကြီးသည်ငတ်မွတ်ခေါင်းပါးဘေးတွေ အလိုတွေနှင့်နေတယ်၊ အလိုတွေမပြည့်သမျှ ငတ်မွတ်ခေါင်းပါးတဲ့ဒုဗ္ဘိကန္တရကပ်နှင့်လည်းတွေ့နေရ၊ ရုပ်မှာ ၉၆ ပါးရောဂါဝေဒနာတွေ၊ စိတ်မှာလည်းပဲကိုယ်ခံစားချင်တာမခံစားရတဲ့ဝေဒနာတွေ၊ နာမ်ဝေဒနာ ရုပ်ဝေဒနာဆိုတဲ့ ဒုက္ခ ဒုက္ခ ဝိပရိနာမဒုက္ခ သင်္ခါရဒုက္ခဆိုတဲ့ ဒုက္ခနှစ်ခုရိုက်ပြီးတော့ ဘုန်းဘုန်းတို့တထွေ ဒီခန္ဓာကြီးမှာခံစားနေကြရတယ် ဘေးကျပ်နံကျပ်ခံရတယ် အဲ့ဒါကြီးတွေမြင်အောင်ရှုပေါ့၊ နောက်ပြီးတော့လည်းဒီရုပ်ကြီးကအမြဲတန်းနေမလား မနေဘူးဗျသေရဦးမယ် သေခြင်းတရားကို သတ္တန္တရကပ်ဆိုတဲ့သေခြင်းတရားကြီးကလည်းပြေးမလွတ်ဘူး ဒကာကြီးတို့ ဒကာမကြီးတို့ ဘုန်းဘုန်းတို့တထွေလည်း နောက်ဆယ်နှစ်လောက်ဆိုမရှိတော့ပါဘူး သတ္တန္တရကပ်ထဲဝင်သွားမှာပဲ ဒီကပ်ကြီးသုံးပါးထဲဝင်မယ့်ပုဂ္ဂိုလ်ချည်းပဲ အဲ့ဒီဘေးတွေကလွတ်ဘို့အတွက်ကတော့ ဟောဒီတရားမှတပါးအခြားမရှိဘူး၊ ဒီတရားသည် အိုခြင်း နာခြင်း သေခြင်းမှလွတ်မြောက်တယ်လို့ ဘုရားက ဒီသတိပဌါန်လေးပါး သမ္မပဌါန် အိဒ္ဒြေ ဗိုလ် ဘောစဉ် မဂ္ဂင် ဣဒိပါဒ်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့တရားတွေပြထားခဲ့တယ်၊ အဲ့ဒီကသွားလို့ရှိရင် အိုနာသေရေး ဒုက္ခဘေးကလွတ်ပါတယ် မလွတ်ရင်တောင်မှ အပါယ်လွတ်ရင်တော်ပြီဗျာ ရင်းစားရပြီ၊ ရင်းစားဘာလို့ရလည်း ရင်းစရာကြီးရှိလို့ရင်းစားရမှာ ရင်းစရာကိုမရင်းပဲနှင့်တော့ အရင်းဆုံးမယ် အထင်တလုံးနှင့်ဆိုရင် ကိုယ့်ရှိတဲ့အရင်းလေးတောင်ဆုံးသွားမှာ ထင်မနေနှင့်၊ ဥပါဒါန်အထင်ပုံကြီး အဲ့ဒီအထင်ရှိနေသမျှ အရင်းကတော့ဆုံးမှာပဲ အဲ့တော့ရင်းစရာရှိတုန်းမှာရင်းမှ ရင်းစားရမှာ။
ဒါကြောင့်ဒီခန္ဓာကြီးကို အခုထိုင်ကြတယ် ဘယ်နေရာတကွက်ကောင်းတာတွ့ဘူးလည်း တယောက်မှမတွေ့ဘူး ဒုက္ခတွေနှင့် ဒုက္ခသစ္စာကြီး အဲ့ဒါကိုငါကောင်သူကောင် ယောင်္ကျားကောင် မိန်းမကောင်မထင်နှင့်၊ ဒုဗ္ဘိကန္တရကပ်နှင့်လည်းတွေ့နေတယ် အလိုတွေမပြည့်သမျှ၊ ဒီရုပ်ကြီးမှာရောဂါတွေကလည်း အမြဲထူပျောနေတယ် ရောဂါတွေအမျိုးမျိုး ဝေဒနာတွေအမျိုးမျိုး စားရတာလည်းဝေဒနာ သောက်ရတာလည်းဝေဒနာ အိပ်ရတာလည်းဝေဒနာ ဒီဝေဒနာတလက်မမြင်လို့ပါ မြင်ရင်သိပ်ကြောက်စရာကောင်းတယ်၊ ဒါကြောင့်မို့ဝေဒနာသတိပဌါန်မှာ ကြားတာဝေဒနာ သိတာဝေဒနာ စားတာဝေဒနာ ယိုတာဝေဒနာ ပေါက်တာဝေဒနာ မြင်တာဝေဒနာ နံတာဝေဒနာ… ဝေဒနာတလုံးတည်းမဂ်စိတ်တည်သွားရင် အဲ့ဒီဝေဒနာကိုကြည့်လိုက်တော့မှ ဒီခန္ဓာကြီးဟာ ဝေဒနာတုံးဝေဒနာခဲ ဒုက္ခသစ္စာကြီးအမှန်ဖြစ်နေတာကြီးကိုတွေ့တော့မှ ကိုယ့်ကိုကိုကြောက်မက်ဖွယ်ရာ ရုပ်ကြီးပဲ၊ ဒီရုပ်ကြီးဟာဘာနှင့်တူသွားသလည်းဆိုတော့ အဲ့ဒီလိုဝေဒနာမြင်တဲ့ပုဂ္ဂိုလ်ကျတော့လေ ဘုန်းဘုန်းတို့ မာရ်နတ်လိုပေါ့ ရှင်ဥပဂုတ္တနှင့်တန်ခိုးပြိုင်တော့ ခွေးသေကောင်ပုပ်ကြီး လောက်တွေဖွါးဖွါးနဲ့ မာရ်နတ်လည်ပင်းပစ်စွပ်ပေးလိုက်သလို မာရ်နတ်ကအင်မတန်သန့်ပြန့်တာ သန့်သန့်ပြန့်ပြန့်နေတာဆိုတော့ သူ့လည်ပင်းခွေးသေကောင်ပုပ်ကြီးကသူ့မေးစေ့နားထိပြီး ပုပ်စော်တွေနံနေတော့ သူရွံတာပေါ့ ချွတ်လို့လည်းမရ ဟိုကတန်ခိုးရှင်ကပစ်သွင်းပေးလိုက်တာ၊ အင်မတန်မှသန့်ပြန့်ပြီးတော့ သူ့ကိုယ်သူအထင်တွေကြီးနေတယ် တန်ခိုးကြီးတဲ့ပုဂ္ဂိုလ်ထင်နေတာကြီးဟာ အခုတော့ ခွေးသေကောင်ပုပ်ကြီး လောက်တွေနှင့်လည်ပင်းမှာဆိုတော့ စားလို့လည်းမဝင် အိပ်လို့လည်းမပျော် စားတော့လည်းခွေးသေကောင်ပုပ်ကြီးနှင့် အိပ်တော့ သွားတော့လည်းခွေးသေကောင်ပုပ်ကြီးနှင့် လောက်တွေတဖွါးဖွါးနှင့် မာရ်နတ်ကြီးဒုက္ခတွေရောက်စိတ်တွေဆင်းရဲ နတ်ပြည်တက် ဗြမ္မာ့ပြည်တက် ဖြုတ်ပေးပါ မင်းဘယ်သူလုပ်တာလည်း ရှင်ဥပဂုတ္တဆိုတော့ မဖြုတ်ရဲဘူး၊ အဲ့ဒီတော့မှ မင်းသွားတောင်းပန်ပါ.. ရှင်ဥပဂုတ္တဆီသွားတောင်ပန်တော့မှရမယ်ဆိုတော့မှ မာရ်နတ်ကြီးလက်မှိုင်ချရသလို.. ဝေဒနာတုံးဝေဒနာခဲကြီးတွေ့သွားတော့မှ ဟောဒီခန္ဓာကြီး ယောင်္ကျား မိန်းမပျောက်သွားပြီးတော့ ဝေဒနာတုံး ဝေဒနာခဲဖြစ်သွားပြီးတော့ ဒီရုပ်ပေါ်မှာငါ့ရုပ်ငါ့ကိုယ်လို့ သာယာနေတဲ့မာရ်နတ်စိတ်ကလေးဟာ ခွေးသေကောင်ပုပ်ကြီးလည်ပင်းစွပ်ထားသလို ဒီရုပ်ကြီးနှင့် သွားရတာဝေဒနာ စားရတာဝေဒနာ အိပ်ရတာဝေဒနာ.. ဝေဒနာတုံးဝေဒနာခဲ ဒုက္ခသစ္စာကြီးမြင်နေပါတယ် အဲ့သလိုကိုဖြစ်ခဲ့ရတယ် ယောဂီတိုင်းဖြစ်ရမယ် ဒီတရားက။
အဲ့ဒီတော့မှ ဒီရုပ်ကြီးပေါ်မှာမလိုချင် ဒီရုပ်ကြီးပေါ်မှာကြည့်စမ်း ငါယောင်္ကျားမိန်းမပဲထင်နေခဲ့တာ ဝေဒနာတုံး ဝေဒနာခဲဆိုတာ ငါအတိတ်ကမသိခဲ့ပါလား၊ ဟိုအတိတ်ဘဝက ဒီလိုမသိခဲ့တဲ့အတွက် လူဖြစ်ချင်တယ် နတ်ဖြစ်ချင်တယ်ဆိုတဲ့ သမုဒယတဏှာ၊ ဒုက္ခလို့ မသိတာကအဝိဇ္ဇာ မသိတော့ လူဖြစ်ချင်တယ် နတ်ဖြစ်ချင်တယ် သူဌေးဖြစ်ချင်တယ်ဆိုတဲ့ တဏှာ၊ မသိတော့လိုချင်တာကော လိုချင်တော့ အဲ့ဒီမှာလူဖြစ်အောင်စွဲလန်း နတ်ဖြစ်အောင်စွဲလန်းတော့ဥပါဒါန် စွဲလန်းတော့ ကံသင်္ခါရတွေ ဒါနတွေနှင့်ပြုလုပ်တယ် သံသရာရဲ့လည်ကြောင်းဒါန၊ ဝဋ်တဒါနခေါ်တာပေါ့ ဝဋ်ကိုတောင်းဆိုတယ် လူဖြစ်ချင်တယ် နတ်ဖြစ်ချင်တယ် ဝဋ်တောင်းတယ်၊ အဲ့သလိုဒါနတွေပြုလုပ်လိုက်တဲ့ခါကျ စေဒနာကပို့လိုက်တော့ ယခုလက်ရှိရရှိလာတာ ဒုက္ခဝေဒနာခဲကြီး အဲ့သလိုမြင်တာ၊ အတိတ်အကြောင်းတရားတွေ ပစ္စုပ္ပန်အကျိုးတရားဒုက္ခသစ္စာပေါ်ကလှမ်းကြည့်တော့မှ အတိတ်ကအကြောင်းတရားတွေလှမ်းတွေ့လာရတယ် ကြောင်းကျိုးတွေဆက်စပ်ပြီးတော့တွေ့လာရတယ်။
အဲ့ဒီတော့ ဒီကပ်ကြီးသုံးပါး ဒုဗ္ဘိကန္တရကပ် ဘယ်မှာဆိုက်နေသလည်း မျက်စိပေါက်ကဆိုက်နေသလား နားပေါက် နှာခေါင်းပေါက် လျှာပေါက် ကိုယ်ပေါက် မနောပေါက်ကဆိုက်နေသလား.. အလိုမပြည့်သမျှ အလိုတွေမသိမ်းသမျှ ဒုဗ္ဘိကန္တရကပ်ဆိုတာ အလိုတွေနှင့်အမြဲတန်းထိတွေ့နေရတာ ဒါကပ်ပဲ၊ ရောဂန္တရကပ် ဒီရုပ်ကြီးရလာရင် ၉၆ ပါးရောဂါဝေဒနာတွေ ဘယ်တော့မှပြေးမလွတ်ဘူး၊ ၉၆ ပါးရောဂါဝေဒနာကတမျိုး သားရေးသမီးရေးတွေနှင့် ကိုယ်လိုချင်တာလေးမရတော့ သောကပရိဒေဝတွေတောက်လောင်ရတဲ့နာမ်ဝေဒနာကတမျိုး၊ နာမ်ဝေဒနာကပိုဆိုးတယ် နာမ်ဝေဒနာကလူကိုသတ်တယ်၊ ရုပ်ဝေဒနာကဆေးကုလို့ရတယ် နာမ်ဝေဒနာကိုမရဘူး၊ အဲ့ဒီနာမ်ဝေဒနာကိုလွတ်တာ ဟောဒီတရားပဲရတယ်၊ စိတ်ရဲ့ထွက်ပေါက်က ဟောဒီတရားမှတပါးရတာဘာမှမရှိဘူး၊ ရုပ်ရဲ့ထွက်ပေါက်ကငွေနှင့်ထွက်လို့ရတယ် စိတ်ရဲ့ထွက်ပေါက်က ဒီတရားနှင့်မှရတယ်။
အဲဒီတော့ ဒီခန္ဓာရလာတော့ ရောဂန္တရကပ် ဒုဗ္ဘိကန္တရကပ်ငတ်မွတ်ခေါင်းပါးခြင်း ရောဂါတွေဖြစ်လာတော့ တနေ့ဒီခန္ဓာကြီးတွေက အခုအသက် ၆၀ ကျော်ပုဂ္ဂိုလ်တွေ နောက်နှစ်ပေါင်း ၄၀ ဘယ်သူမှမရှိတော့ဘူး ဘုန်းဘုန်းတို့တထွေ တယောက်မှမရှိတော့ဘူး၊ ဒါကြီးတွေဟာခြောက်ပေခေါင်းထဲဝင်ရမယ့်အရုပ်ကြီးတွေ၊ အဲ့ဒီတော့ အရှည်ကြီးလည်းမနေရတော့တဲ့ရုပ်ကို ဒီရုပ်ကိုဘာလို့ညှာတာကြတော့မှာတုန်း တွယ်တာကြတော့မှာတုန်း အချိန်ရှိခိုက်လုံ့လစိုက်ပြီးတော့ လာတုန်းကလည်းတယောက်တည်းပဲ ပြန်တော့လည်းတယောက်တည်း ဘာမှပါတာမဟုတ်ဘူး ပါသွားမှာက ကိုယ်ပြုလုပ်ခဲ့တဲ့ကံတွေ၊ ကုသိုလ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ကကုသိုလ်ထုပ်ယူတက်၊ အကုသိုလ်ကံများခဲ့တဲ့ပုဂ္ဂိုလ်က အကုသိုလ်ထုပ်ကြီးနှင့်အောက်ဆင်း ဒါပဲရှိတယ်၊ အဲ့ဒီတော့မှ ကိုယ့်လာရာလမ်းပြန်တော့မှ ဝမ်းနဲပက်လက်နှင့်ပြန်ရမှာမို့လို့ ဘုန်းဘုန်းသတိပေးတာပါ၊ အဲ့ဒီတော့လက်ရှိခန္ဓာကြီးသာကြည့်ကြပါ ငါကောင်သူကောင် ယောင်္ကျားကောင် မိန်းမကောင်ဆိုတာကြီးနှင့်အမြဲနေတယ် အဲ့ဒါကိုပျောက်အောင်ဖျောက်တဲ့နည်းက ဝိပဿနာမှလွဲ၍ဘာမှမရှိဘူး၊ ဘုရားက ငါသူတပါးယောင်္ကျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါ အသက်လိပ်ပြာမရှိပါဘူးဟောထားတာ အခုဘုန်းဘုန်းတို့က ငါလည်းရှိတယ် သူလည်းရှိတယ် သတ္တဝါ အသက် လိပ်ပြာလည်းရှိတယ် အဲ့ဒီတော့ဘုရားဟောတာနှင့် ဘုန်းဘုန်းတို့ကဗုဒ္ဓဘာသာယူပြီးတော့ ယူထားတဲ့အယူနှင့်ကတလမ်းစီဖြစ်နေတယ်၊ အဲ့ဒီတော့ ဘုရားအယူဖြစ်အောင် ငါကိုပြုတ်အောင်ဖြုတ်ရမယ် ဒိဌိဖြုတ်ရမယ်၊ ဒိဌိဖြုတ်ချလိုက်ရင် ဒီခန္ဓာကြီးဟာရုပ်နှင့်နာမ်တွေ့တယ်၊ အဲ့ဒီလောက်အဆင့်ရောက်အောင် ကြိုးကြိုးစားစားနှင့် အိမ်မှာလည်းအားထုတ်ကြပါလို့ ဘုန်းဘုန်းတိုက်တွန်းလိုက်ပါတယ်….။
ကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
ရွှေတံခါးအပိုင်း(၂) ပြည်မြို့။
Source : (မူရင်း) ကိုသန်းလှိုင်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။