၅။ လက္ခဏာ ဉာဏ်စခန်း ဟောကွက် – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 3, 2018)
ဉာဏ်စခန်းဆိုတာ သီလခန်း၊ သမာဓိခန်း မဟုတ်တော့ဘူး။ သီလနဲ့ သမာဓိခန်းသွားတယ်။ သမာဓိကတဆင့် သတိနဲ့ လက္ခဏာခန်းကို သွားတယ်။ ဈာန်နဲ့ ပညာခန်း ဉာဏ်ခန်းကိုသွားတယ်။ ဒါကို ဘုန်းဘုန်းတို့ တရားကျင့်ပြီး နောက်တော့မှ နားလည်သွားခဲ့တယ်။ အရင်တုန်းကတော့ သီလခန်းမှန်းမသိ ဉာဏ်ခန်းမှန်းမသိ ဒီလိုပဲကျင့်ကြတာပေါ့။ ဒါဘုန်းဘုန်းတို့လည်း မသိခဲ့ဘူး။ ဒီဘက်ရောက်တော့မှ ဪ ဒါကသီလခန်း ဒါကသမာဓိခန်း ဒါကလက္ခဏာခန်း ဒါကဈာန်ခန်း ဒါကဉာဏ်ခန်း.. နှစ်တွေကြာတော့မှ သဘောတွေပေါက်လာတယ်၊ သုတဝါအရိယာသာဝကောတဲ့ … သုတနဲ့ ပြည့်စုံရင် အရိယာသာဝကဖြစ်တယ်၊ ဘာ”သုတ” လည်း ခန္ဓာမှာဉာဏ်ရောက်တဲ့ ခန္ဓာဉာဏ်ရောက်သုတ၊ ခန္ဓာ အာယတန ဓါတ် သစ္စာ ရုပ် နာမ် ဒါတွေလည်းပညတ်ပဲ … သို့သော်လည်း ဒါတွေက အရိယာနယ်ကသိတဲ့ ဝိဇ္ဇာနယ်ကသိတဲ့ ဝိဇ္ဇာမာနေနပညတ်၊ ငါ သူတပါး ယောင်္ကျား မိန်းမ တောတောင် ရေမြေ ခွေးကြက်ငှက် ဒါတွေလည်းပညတ်ပဲ သို့သော်လည်း ဒါတွေက အဝိဇ္ဇာနယ်ကသိတဲ့ အဝိဇ္ဇာမာနေနပညတ် အဝိဇ္ဇာနှင့်သိတဲ့သညာတွေပေါ့၊ ရုပ်နာမ်ခန္ဓာဓါတ်သစ္စာက ဝိဇ္ဇာတွေသိတဲ့ပညတ်ပဲ ဝိဇ္ဇာဉာဏ်ပေါ့၊ ဝိဇ္ဇာတွေထဲမှာ အင်းဝိဇ္ဇာ ဆေးဝိဇ္ဇာ မန္တံဝိဇ္ဇာ.. ဝိဇ္ဇာတွေအများကြီးရှိတယ် ဒါပေမယ့် ဝိဇ္ဇာအားလုံးထဲမှာ အရိယာဝိဇ္ဇာက အထက်ဆုံး မဂ်ပေါက်ဖိုလ်ဝင်သွားတာ။
“ဝိဇ္ဇာဆိုတာ အတတ်သိတဲ့ပုဂ္ဂိုလ်” လို့ခေါ်တယ်၊ လောကဝိဇ္ဇာတွေကျတော့ လောကလူသားတွေ အပြင် ၃၁ ဘုံပေါ်မှာ အတတ်သိသွားတယ်၊ အရိယာဝိဇ္ဇာတွေကျတော့ ဒီတလံမျှသော ခန္ဓာကိုယ်အတွင်းမှာ အကုန်လုံး ရုပ်တွေရော နာမ်တွေရော ခန္ဓာငါးပါး ဖြစ်ခြင်းပျက်ခြင်းတွေ အကြောင်းအကျိုးဆက်နွယ်ပုံတွေ အားလုံးကို သိသွားတာ။ ဒါတွေဟာ မည်သူမျှသိနိုင်တာမဟုတ် “အရိယာတွေမှ သိအပ်တဲ့သစ္စာ အရိယာသစ္စာ” ဖြစ်ပါတယ်။
ဉာဏ်ကိုသွားချင်ရင် ဈာန်နှင့်သွားရတယ်။ လက္ခဏာကိုသွားချင်ရင် သတိနှင့်သွားရတယ်။ သတိဦးစီးပြီးတော့ သွားရတယ်၊ ဒါဖြင့်ရင် ဒီဈာန်ခန်းမှာ သတိမပါလို့လား..ပါပါတယ် ဒီဈာန်ခန်းရောက်အောင် သတိကပို့ပေးလိုက်တယ်၊ ဒီလိုပဲ သမာဓိတည်အောင် သီလကပို့ပေးလိုက်တယ်။ သီလဆိုတာက သမာဓိတည်အောင်ပို့ပေးတဲ့ယာဉ်တခုပဲ။ ဒါလေးတွေ တကယ်မသိသေးရင်လည်း သညာနှင့်သိရအောင်ပါ။ သီလသည် သမာဓိကို တွန်းပို့ပေးလိုက်တဲ့ ယာဉ်တခုပဲ။ သမာဓိကလည်းပဲ သတိဆီကို တွန်းပို့ပေးလိုက်တယ်၊ ဒါကြောင့်မို့ အသိနှင့်သတိကွဲသွားရင် တော်တော်နေလို့ထိုင်လို့ကောင်းသွားပြီ၊ အဲ့ဒီတော့ဒီ “သတိ” မြဲလာတဲ့ခါကျတော့ သတိဦးစီးပြီးတော့ ကာယပေါ်မှာသတိ ဝေဒနာပေါ်မှာသတိ စိတ္တပေါ်မှာသတိ ဓမ္မပေါ်မှာသတိဆိုတဲ့ သတိပဋ္ဌာန်တရားလေးပါးရှိတယ်၊ ဒါလေးတွေအခြေခံပြီး ဟောသွားပြီးတော့ သဘောပေါက်မှ ကျင့်ရင် ပိုကောင်းတာပေါ့၊ အဲ့လိုမဟုတ်ပဲ ကျင့်ဆိုလို့သာ ကျင့်ရတယ် အယူအဆသဘောမပေါက်ရင် မျောက်အုန်းသီးရထားသလိုပဲ ကောင်းမှန်းတော့သိတယ် ဘယ်ကနေစပြီးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်တတ်တယ်ပေါ့ ယောဂီတို့။
ဟိုအစပိုင်းကတော့ အရေအတွက်တွေနဲ့ပြယူသွားတာ။ အခုဒီစခန်းက အရည်အတွက်ကနေ အရည်အချင်းဆီကို ဝင်လာတယ်၊ အရည်အချင်းပြည့်ပြည့်နှင့် ကိုယ်ကိုယ်တိုင်ကိုသိချင်တဲ့ဆန္ဒရှိမှ၊ ဆန္ဒကလည်း အရေးကြီးပါတယ်။
မြတ်စွာဘုရားတောထွက်တုန်းကလည်း ဆန္ဒမပါပဲထွက်လို့မရဘူး။ သုတ္တန်နည်းကတော့ မြင်းမီးဆွဲပြီး လိုက်တဲ့ မောင်စံပေါ့၊ ဒီဆန္ဒပါမှ တောထွက်လို့ရတယ်။ ဆန္ဒကလည်း အရေးကြီးသေးတယ်။ အခုမိမိတို့လည်း ကာမဂုဏ်တော လောဘတော မောဟတော ဒေါသတော မာနဆိုတဲ့တောတွေကနေ လွတ်မြောက်ဖို့အတွက် ဆန္ဒက အရေးကြီးတယ်။
ပြီးတော့ သဒ္ဓါလဲ အရေးကြီးတယ်။ သဒ္ဓါဆိုတာ ယုံကြည်မှု။ ဒီပွဲမှာတော့ မြင်အောင် သိအောင်လုပ်မယ် ဘာတွေသိရမှာလည်း ဒီခန္ဓာမှာ အရှိကိုအရှိအတိုင်းသိအောင်လုပ်တာ မြင်အောင်လုပ်တာ။ မြင်တာဆိုတာက ဒီမျက်စိလုံးနှင့်မမြင်ပါဘူး။ ဒီမျက်စိလုံးက အပြင်ပညတ်တွေ လျောက်မြင်တဲ့မျက်စိ။ ပရမတ်မျက်စိက ဉာဏ်နှင့်မြင်တဲ့ မျက်စိ။ ပရမတ်မျက်စိနဲ့ မြင်တာ။
ဉာဏ်မျက်စိရအောင် အခုကစပြီး ဉာဏ်စခန်းနှင့်သွားမယ်။ ဉာဏ်စခန်းသွားတော့ ဈာန်ခန်းကို ယူရတယ်၊ အဲ့ဒီတော့ ကာမဆယ့်တစ်ဘုံကိုသွားတဲ့ခါကျတော့ သတိနှင့်သွားတယ်။ အဲ့ဒီကာမဆယ့်တစ်ဘုံကနေ တက လွန်မြောက်ပြီ နောက်အထက်ဘုံတွေ ဆက်တက်နိုင်ဖို့အတွက် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် စတဲ့ ဈာန်တရားတွေ ရရှိဖို့လိုတယ်။ ဈာန်တွေနဲ့ အထက်ကိုတက်သွားရတာ … ဈာန်မပါရင် အထက်တက်လို့ မရနိုင်ပါဘူး။ ဒီဈာန်တရားက ဘယ်လောက်အရေးကြီးကြောင်းကို ယောဂီတို့ သိထားဖို့လိုပါတယ်။
ဈာန်ဆိုတာ ကောင်းကင်မြေလျှိုးတယ်မှတ်ပြီး ဘုန်းဘုန်းလည်းကျင့်ခဲ့တာ မြေကြီးတော့ မလျှိုးခဲ့ပါဘူး။ ကောင်းကင်တွေတော့ တက်ခဲ့ဖူးတယ်။ ဒါကိုယ်တွေ့တွေပါ။ ကိလေသာသေမလားလို့လုပ်တာ မသေပါဘူး၊ ဒါတွေက လောကမှာတော့ တန်ခိုးကြီးတာပေါ့။ ဒါတွေ ဘာလုပ်မှာလည်း… သံသရာရဲ့လွတ်မြောက်ရာသာ လိုချင်လို့ ဒါတွေပယ်ပြီးတော့ ကျင့်တော့မှ ဈာန်ဆိုတာကို သေသေချာချာ နားလည်လာခဲ့တယ်။
“ဈာန်ဆိုတာ နိဝရဏ တရားတွေ ငြိမ်းအေးတာကို ဈာန်” လို့ခေါ်တယ်။ ကိုယ့်အတွင်းအစ္ဇျတ္ထမှာရှိတဲ့ လောဘတို့ မောဟတို့ ဒေါသတို့ ရာဂတို့ အဲ့ဒီစိတ်တွေကို ဈာန်က လောင်ကျွမ်းပေးလိုက်တယ်၊ အဲ့ဒီတော့ စိတ်ထဲမှာ ဗလာဖြစ်သွားတယ်။ အဲ့ဒီဗလာက နိဗ္ဗာန်ပေါ့၊ နို့မို့လို့ရှိရင် ယောဂီတွေရဲ့ အတွင်းအစ္ဇျတ္ထ နာမ်တရားမှာ ပူပင်သောက ပရိဒေဝစိုးရိမ်တဲ့စိတ်တွေ ဝိတက် ဝီစာရတွေနဲ့ရောပွမ်းပြီးတော့ ဟောဒီရုပ်ကြီးထဲမှာ နေရတယ်၊ အဲ့ဒီစိတ်ကိုပဲ ငါဖြစ်နေတယ်။ အခု ငါဆိုတဲ့ဒိဋ္ဌိတလုံးကို ဖြုတ်ချင်လို့ ငါလို့ ယူထားတဲ့ အယူပေါ့ အယူမှားနေတယ်။
ဒီရုပ်ကြီးက ငါမဟုတ်ကြောင်း ဒီနာမ်ကလည်းငါမဟုတ်ကြောင်းကိုသိသွားမှ၊ ရုပ်ကိုကြည့်လိုက်တော့လည်း ငါလို့ယူရအောင် ဖေါက်ပြန်တဲ့အတုံးကြီး၊ အသုဘနဲ့ကြည့်တော့အသုဘ၊ ရုပ်နှင့်ကြည့်တော့ ဖေါက်ပြန်တဲ့ရုပ်၊ ၃၂ ကောဋ္ဌာသနဲ့ကြည့်တော့ သွေးပုပ်၊ ပြည်ပုပ်တွေနဲ့ နေတဲ့ခန္ဓာ၊ ဘာနှင့်ကြည့်ကြည့် ဒါတွေက တွေ့လာပါလိမ့်မယ်။ ယောဂီတို့အခု ဒီနေရာကို ပါရမီရှိလို့လဲ ရောက်လာကြတာပါပဲ။ ပါရမီမရှိပဲ ဒီစခန်းကို မတက်နိုင်ပါဘူး။ ဘယ်လောက်ပဲကြိုးစားကြိုးစား အကြောင်းတခုခုကြောင့် ကျန်နေခဲ့လိမ့်မယ်။ ဒါကုသိုလ်ထူးတဲ့ပုဂ္ဂိုလ် ပုဂ္ဂိုလ်ထူးတွေမှ လာကျင့်တာ။ ထူးအောင်လည်း ထူးထက်မက ထူးအောင်လည်းလုပ်တာ။ဒါဘုန်းဘုန်းတို့မှာ ယောဂီတွေကို တရားဘယ်လိုပြရမလဲဆိုတဲ့ ဉာဏ်သွားတွေ ရှိပါတယ်။
ဒီတော့ များသောအားဖြင့် ယောဂီတွေ ဘယ်မှာတလည်လည်ဖြစ်နေလဲဆိုတော့ ဝေဒနာမှာလည်နေတတ်ကြပါတယ်၊ ဝေဒနာမှာ မှတ်ထားပါ။ ဝေဒနာချုပ်နည်းတွေ အမျိုးမျိုးရှိတယ်။
🔸 ဝေဒနာပေါ်မှာ ဣရိယာပုတ်ဖုံးသွားတဲ့ ဝေဒနာချုပ်နည်းရှိတယ်။ ဣရိယာပုတ်ဖုံးသွားပြီ သူဘယ်လိုမှဓါတ်တလုံးရဲ့အနိစ္စကိုမမြင်နိုင်ပါဘူး။
🔸 ညောင်းတယ်ညာတယ်ဖြစ်လာတယ်၊ သည်းခံနိုင်သလောက်တော့ သည်းခံတာပေါ့လေ။ သည်းခံပြီးတော့ရှု့မှတ်မှုနှင့်နေကြတယ်။ သိပ်မခံနိုင်တော့ အသာလေး အသိကပ်ပြီး ပြင်လိုက်တော့ ဒီဝေဒနာက ပျောက်သွားရော။ ပျောက်သွားပြီးတော့ ကိုယ့်ဟာကိုယ်ရှု့မှတ်မှုနှင့်ပြန်နေနေတယ်။ အဲ့ဒါက သညာချုပ်ပဲဖြစ်တယ်။ မခံနိုင်တဲ့အခါ ပြင်ပြင်နေတဲ့အတွက် ဘုန်းဘုန်းတို့က ဓါတ်တလုံးရဲ့အနိစ္စကိုပြချင်ပေမယ့်လို့ သူကညောင်းတာညာတာကို အသိလေးနှင့်ပြင်ရတယ်ဆိုတော့ အသိလေးနှင့်ပြင်ပြင်နေတော့ ညောင်းတာညာတာကြီးက ပြင်လို့ပျောက်ပျောက်သွားတဲ့အတွက် ပြင်လို့ပျောက်တဲ့နည်း ဒါကသညာနှင့်ပျောက်တဲ့နည်း သညာနှင့်ချုပ်တဲ့နည်းခေါ်တယ်။
🔸 ဒီလိုဆိုရင် ငါတော့မပြင်ဘူး… ရအောင် ကြိုးစားမယ်ဆိုပြီးတော့ ဝေဒနာတွေတက်လာတယ် မပြင်ဘူး ပေတေကပ်ညပ်ပြီးတော့ အတင်းကပ်ညှစ်ပြီးတော့ တခါတည်းကို ချုပ်ယူလိုက်တယ်။ အဲ့ဒါကျတော့လည်းဘာဖြစ်သွားသလဲဆိုတော့ အတ္တချုပ်ကြီးဖြစ်နေပြန်ရော့၊ မပြင်တာတော့မှန်သား ဒီဝေဒနာကို မပြင်ရဘူးဆိုတော့ အောင့်ခံတောင့်ခံ တခါတည်းပေခံကပ်ခံပြီးတော့ စိတ်ကိုညှစ်ချလိုက်တာ ဝေဒနာကိုမခံနိုင်တော့ စိတ်ကိုအတင်းညှစ်ချပစ်လိုက်တာ ဖျတ်ဆို ချုပ်သွားရော့ ဒါအတ္တချုပ်တွေပေါ့။ မပြင်ရပဲချုပ်တယ်ဆိုတော့ အဲ့သလိုချုပ်တယ်မှတ်လို့ ဘုန်းဘုန်းတို့လည်းချုပ်ခဲ့ဘူးတယ် ဒါအတ္တချုပ်၊ မှတ်ထားပါနော်။ ဒီဝေဒနာပေါ်မှာ ချုပ်နည်းတွေကို ဒါသညာနဲ့ မှတ်ထားပါ။
🔸 ဝေဒနာတက်လာတော့ အာနာပါနရှုတယ်။ ရှုလိုက်တော့ ဝေဒနာပေါ်လွတ်သွားတယ်။ စိတ်ဆိုတာ နှစ်စိတ်မရှိဘူး တစိတ်ပဲရှိတယ်။ ဝေဒနာပေါ်မှာ အာရုံသွားပြုတဲ့စိတ်ကလေးက ရှု့လိုက်တော့ ဝင်လေထွက်လေပေါ်ကို စိတ်ရောက်လာတယ်။ ဒီတော့စိတ်က ဟိုမှာတင်းတယ်တောင့်တယ်ဆီမှာ မရှိတော့ဘူး။ ဝေဒနာပေါ်ကနေ လွတ်သွားတယ်။ အောက်ကလေးဘုံဆိုတဲ့ ရုပ်ဝေဒနာလွတ်အောင် ရှူလေပေါ်မှာ ဈာန်တင်ပြီးတော့ စိတ်ကလေးတင်ထားတော့ ဘယ်မှမပြေးတော့ဘူး။ ဒါကတော့ ဈာန်ချုပ်နည်းပေါ့။
လေးဘုံဆိုတာက လောကလိုပြောတော့ အပါယ်လေးဘုံပေါ့။ ဒီမှာကတော့ ဘုန်းဘုန်းတို့ရဲ့လေးဘုံက ဓါတ်ကြီးလေးပါးပေါ့။ ဒီဓါတ်ကြီးလေးပါး လေးဘုံရောက်သွားရင် တယောက်မှ ချမ်းသာခွင့်မရှိဘူး။ ဒါကြောင့်မို့ အပါယ်လေးဘုံရောက်ရင် ချမ်းသာခွင့်မရှိပါဘူး။ ဒါပရမတ်ဘက်က ခေါ်တာ၊ ပညတ်ဘက်ကခေါ်ရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်ပေါ့ဗျာ။ ဒါကလောကလူတွေရဲ့အသိ၊ အရိယာဖြစ်မယ့်ပုဂ္ဂိုလ်တွေ သိတာက ဓါတ်ကြီးလေးပါးလေးဘုံပါ။ ဒီလေးဘုံကိုတော့ ရောက်ကြမှာချည်းပဲ ဘယ်သူ့ဖြစ်ဖြစ် အခုစခန်းမှာ ဘယ်လောက်ပဲသွားသွား ရောက်ဦးမှာပဲ။ လေးဘုံကနေ လွတ်ချင်ရင်တော့ ဈာန်နှင့်သွားရလိမ့်မယ်…ယောဂီတို့။
အပါယ်လေးဘုံ၊ လူ့ဘုံတစ်ဘုံ၊ နတ်ပြည်ခြောက်ထပ်ဆိုတဲ့ ကာမဆယ့်တစ်ဘုံမှာကျတော့ ကာမကိလေသာတွေ ရောထွေးနေပြီး သတိနဲ့သွားရတဲ့အတွက် ဒီစိတ်ကလေးက စုံချည် ဆန်ချည်ရှိနေတတ်တယ်။ အကုသိုလ်စိတ်ဖြစ်နေတယ်ဆိုရင် လေးဘုံကို ရောက်တယ်။ ကုသိုလ်စိတ်တလှည့် အကုသိုလ်စိတ်တလှည့်နဲ့ ဖြစ်နေရင် လူ့ဘုံရောက်တယ်။ အကုသိုလ်စိတ်မရှိဘဲနဲ့ မြင်တိုင်းကြားတိုင်းအပေါ်မှာ ကုသိုလ်စိတ်ကလေးနဲ့နေတယ်ဆိုရင် နတ်ပြည်ခြောက်ထပ်၊ မျက်စိ နား နှာ လျှာ ကိုယ် မနော ဒီခြောက်ပေါက် ခြောက်ဒွါရမှာပဲ မူတည်လာတယ်။ ဒီအပေါ်မှာပဲ ဘုံစဉ်ခေါ်တာ။ အဘိဓမ္မာတွေ သင်ထားတဲ့ ပုဂ္ဂိုလ်ဆိုရင် ဘုန်းဘုန်းအခုလို ဟောလိုက်တာနဲ့ ထင်းခနဲ ထင်းခနဲ သဘောပေါက်ပါတယ်၊ အဘိဓမ္မာဆိုတာ ဒီခန္ဓာဟောတာ အခုဘုန်းဘုန်းဟောနေတာ တကယ်လက်တွေ့ကျတဲ့ အဘိဓမ္မာပဲ။
အဲ့ဒီတော့ ခုနတုန်းက အာနာပါန ရှုလိုက်လို့ အရှုကောင်းလာရင် ညောင်းတာညာတာတွေကို မခံစားရတော့ဘူး။ အဲ့ဒါကျတော့ ဈာန်ချုပ်ကြီးဖြစ်နေပြန်ရော၊ ကြည့်စမ်း … လူတွေဟာနော် ကြံကြတာပဲ၊ မင်္ဂလသုတ်ထဲမှာ ဟောထားသလိုပေါ့ … မင်္ဂလသုတ်မှာ ဘယ်လိုဟောထားသလဲဆိုတာ ဒါယောဂီတွေတိုင်း သိကြပါတယ်။
“ယံမင်္ဂလံ ဒွါဒသဟိ စိန္တယိံသု သဒေဝကာ၊ သောတ္တာနံ နာဓိဂစ္ဆ န္တိ အဌတ္တိံ သဉ္စမင်္ဂလံ။ ဒေသိတံ ဒေဝဝေဝေန ပဗ္ဗပါပဝိနာသနံ၊ သဗ္ဗလောကဟိတတ္တာယ မင်္ဂလံတံဘဏာမဟေ ” အစချီလိုက်တဲ့မင်္ဂလသုတ် ၃၈ ဖြာမင်္ဂလာ။
“ယံမင်္ဂလံ” အကြင်အခါ၌ “ဒွါဒသဟိ” တစ်ဆယ့်နှစ်နှစ်တို့ကာလပတ်လုံး “စိန္တယိံသု” ကြံစည်ကြတယ်၊ ဘယ်သူတွေလည်း “ဒေဝဒေဝေန” လူတွေနတ်တွေပေါ့၊ “သဗ္ဗပါပဝိနာသနံ” အလုံးစုံသောအပေါ်မှာ “သဗ္ဗလောကဟိတတ္တာယ မင်္ဂလံတံဘဏာမဟေ” … စသဖြင့်ပေါ့ဗျာ … ဒီမင်္ဂလာတရားကို ပုထုဇဉ်တွေ နာူလည်သဘောပေါက်ဖို့ မလွယ်လှပါဘူး။ ဒဗုဒ္ဓတရားတွေကကောင်းတယ်။ အယူအဆနဲ့ ဉာဏ်နဲ့ဟောနေတဲ့ တရားတွေကို မိမိတို့တတွေက နားမလည်ဘူး။ ဘုန်းဘုန်းတို့လည်း တချိန်က နားမလည်ခဲ့ပါဘူး။
“ယံမင်္ဂလံ” အကြင်အခါ၌ “ဒွါဒသဟိ ဒွါဒသ” ဆိုတာ တစ်ဆယ့်နှစ်နှစ်တို့ကာလပတ်လုံး … လောကီနယ်မှာလည်း မှန်ပါတယ်။ သမုတိသစ္စာလည်း ပါယ်လို့မရဘူး။ ပါယ်လည်းမှားတယ်။ သွားတွယ်လည်းမှားတယ်။ ပါယ်မှား၊ တွယ်မှားတွေ။ ဒီတရားတွေက အမှန်ကို သစ္စာကို သိမှရတယ်။ “ဒွါဒသဟိ” တစ်ဆယ့်နှစ်မှာ ရှိတယ်။ စာပေမှာကျတော့ ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံးဆိုတော့ လူတွေ နတ်တွေ ဘုရားလက်ထက်ခါက ဒီမင်္ဂလာတရားကို ဆယ့်နှစ်နှစ်တိုင်တိုင် ရှာကြတယ်တဲ့လိုဆိုတယ်။ “သောတ္တာနံ နာဓိဂစ္ဆ န္တိ” မရကြဘူးတဲ့ … သုတ္တန်ကတော့ ဒကာကြီးတို့နားလည်ပါတယ်။
အဘိဓမ္မာနည်းနဲ့ ပြန်ကြည့်လိုက်တော့ “ဒွါဒသဟိ” တစ်ဆယ့်နှစ်မှာ ရှာရမယ်။ မင်္ဂလာရှိအောင် ရှာရတာ။ အခု ဒကာကြီးတို့ ဘုန်းဘုန်းတို့ ဒီတရားတွေမသိရင် မင်္ဂလာမရှိဘူး။ ဒီတော့ ပရမတ်အနေနဲ့ကြည့်မယ်နော် … အတိုက်ဓာတ်ဘယ်နှစ်ပါးရှိသလဲ … ခြောက်ပါး (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ သဘော)ဆိုတဲ့ ခြောက်ပါးက အတိုက်ဓါတ်။ အခံဓာတ်က မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော ခြောက်ခု … မျက်စိရှိရင်အဆင်းလာတိုက်မယ်၊ အတိုက်ဓာတ်က ဓားမြတွေနော် … လာတိုက်မှာပဲ ဝင်တိုက်မယ်။ နားရှိရင် အသံလာတိုက်မယ်၊ နှာခေါင်းရှိရင် အနံ့လာတိုက်မယ်၊ ကိုယ်ရှိရင် အတွေ့တွေက လာတိုက်မယ် ဒါကြောင့်မို့ ဖောဋ္ဌဗ္ဗာရုံနဲ့ထိတွေ့တဲ့ပုဂ္ဂိုလ်ဟာ ကိုယ်တွေ့ကျတော့မခံနိုင်ပါဘူး။ အခုကာယကိုယ်ကြီးနဲ့ အောက်ကအမာနဲ့ထိတွေ့လိုက်ရင်မခံနိင်ပါဘူး၊ အထိအတွေ့ကလည်း ဒီကာယကိုယ်ကို လာတိုက်ဦးမယ်၊ မနောကလည်း ကိုယ့်မှာမြင်ထားသိထားတဲ့ သဘောတွေကရော လာမတိုက်ဘူးလား၊ ဒါဖြင့်ရင် အတိုက်ဓာတ်ခြောက်ပါး၊ အခံဓါတ်ခြောက်ပါး အဲ့ဒီတစ်ဆယ့်နှစ်ပါးဆိုတဲ့ ဒွါဒသဟိ ဆယ့်နှစ်ပေါ်မှာ တိုက်တိုင်းတိုက်တိုင်း လောဘစိတ်တွေ ဒေါသစိတ်တွေ မောဟစိတ်တွေ ရာဂစိတ်တွေဖြစ်နေရင် မင်္ဂလာရှိပါ့မလား မရှိဘူး။ ဒါတစ်ဆယ့်နှစ်ပေါ်မှာ ရှာနေတာနော်။ ယောဂီတို့က အပြင်တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံးပေါ်မှာ ရှာတယ်ထင်တာ။ ဒီခြောက်ပေါက် ခြောကါဒွါရမှာ တိုက်တိုင်း တိုက်တိုင်းမှာ ဖြစ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ရာဂတွေကို ပယ်ခွာခိုင်းတာပါ။ အဲလိုပယ်ခွာတတ်မှ မင်္ဂလာရှိကြမှာ။
ဗုဒ္ဓဘုရားက မင်္ဂလသုတ်မှာ “အသေဝနာစ ဗာလာနံ” လူမိုက်တွေကို ဝေးစွာရှောင်ရမယ်ဆိုတော့ သမုတိသစ္စာနယ်မှာ သူခိုး ဘိန်းစား အရက်သမား ဖဲသမား ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်က “ဗာလာနံ” လူမိုက်ပေါ့၊ အဲ့ဒီတော့ ဘုန်းဘုန်းက အရက်တွေသောက်မယ်ဆိုရင် လူမိုက်ထဲပါသွားပြီ ဟုတ်တယ်မဟုတ်လား၊ မကောင်းတာလုပ်မယ် ခိုးဆိုးတိုက်ခိုက်မယ်ဆိုရင်လူမိုက် အကုသိုလ်တွေလုပ်မယ်ဆိုရင်လည်းလူမိုက်ထဲပါသွားပြီ။
အဲ့ဒါဆိုရင် ဒါတွေးစရာတွေနော်။ ဘုရားတရားက တွေးစရာတွေအများကြီးရှိတယ်။ ယောဂီတို့ကမတွေးကြဘူး။ လူတွေက သညာနှင့်ပြော သညာနှင့်မှတ်ထား ပြောချင်ရာတွေ လျောက်ပြောတော့တာပဲ။ အတွေးအခေါ်ဉာဏ်ရှိတဲ့သူကျတော့ စဉ်းစားတတ်တယ်။
ဘုရားဟာ မေတ္တာဂရုဏာရှင်တပါးပဲ။ ဘုန်းဘုန်းကအရက်သောက်တယ်ဆိုရင် လူမိုက်ပဲ။ ခင်ဗျားတို့ရှောင်သွားတယ်။ လူမိုက်ကိုရှောင်ရမယ်ဆိုလို့ရှောင်တယ် အဲ့ဒီတော့ ကျုပ်အရက်သမားနှင့်ဒကာကြီးတို့ကိုရန်တိုက်ခဲ့သလိုဖြစ်နေတယ် မဖြစ်ဘူးလားဗျာ၊ ဟိုကဒီလိုပြောတာမဟုတ် ဒါသမုတိသစ္စာမှာသာပြောတာ။
ပရမတ္တသစ္စာမှာကျတော့ “ဗာလာနံ” လူမိုက်ဆိုတော့ မျက်စိနှင့်အဆင်းတိုက်လိုက်တဲ့အပေါ်မှာ လောဘ ဒေါသစိတ်တွေဖြစ်ရင် သူတော်ကောင်းလား လူမိုက်လားဗျာ။ ဒါဖြင့်ရင် ဒီရုပ်လား၊ စိတ်လား … စိတ်မှာလာဖြစ်တယ်။ အဲ့ဒီလူမိုက်ဒေါသစိတ်ကို ဘယ်လိုခွါမလည်း မင်္ဂလာဖြစ်အောင်ရှာကြတာ လောဘစိတ် ဒေါသစိတ် ဆယ့်တပါးမီးတွေတောက်လောင်တာ ဒီစိတ်မှာတောက်လောင်တာ။ ၉၆ ပါးရောဂါဝေဒနာတွေဖြစ်တာ ဒီရုပ်မှာဖြစ်တာ ဒါရုပ်ဝေဒနာ နာမ်ဝေဒနာကို နားလည်မှ၊ အဲ့ဒီတော့ ဒီစိတ်အစဉ်မှာ ဘုန်းဘုန်းတို့ မင်္ဂလာလာရှာကြတာ အတိုက်ဓါတ်နှင့် အခံဓါတ်ကိုတွေ့တော့မှ ဒီသဘောတွေကို ကိုယ်တိုင်တွေ့မှ နားလည်လာလိမ့်မယ်၊ ဘုန်းဘုန်းဟောလို့ သဘောတွေဘယ်လောက်ပေါက်ပေါက် မလွတ်ပါဘူး ကိုယ်တိုင်တွေ့ကိုယ်တိုင်သိမှ လွတ်ပါလိမ့်မယ်။ ဒုက္ခသစ္စာကို မြင်မှ သိတဲ့တရားတွေဖြစ်နေတယ်။ ဒီတရားတွေက၊ ဘုန်းဘုန်းဟောလိုက်လို့ သဘောပေါက်ရင် ကုသိုလ်တော့ရတာပေါ့။ ဒါဖြင့်ရင် သဘောပေါက်ရင် ပေါက်သလိုဖြစ်ရဲ့လားဆိုတာ ကိုယ့်စိတ်ကိုယ်စစ် ဆက်ကျင့်။ မျက်စိနဲ့အဆင်းတိုက်လိုက်တဲ့အပေါ်မှာ အရင်က ဒေါသဖြစ်တယ် အခုဒေါသမရှိရင်မင်္ဂလာမဟုတ်ဘူးလားဗျာ၊ ကြားတဲ့အပေါ်မှာ ကြားပြီးရင်းကြားချင်တဲ့ လောဘစိတ်ဖြစ်တယ် ကြားတဲ့အပေါ်မှာ ကြားတဲ့အတိုင်းလေးရှိနေရင် လောဘဖြစ်ပါတော့မလား ဒါမင်္ဂလာပေါ့။ အခုမင်္ဂလာတွေ လာရှာကြတာ၊ လောကလိုတော့ လောကအသိပေါ့။ လောကအသိတွေ ခဏဖယ်လိုက် မိမိတို့က လောကုတ္တရာအသိတွေ သိချင်လို့ လာကျင့်ကြတော့ လောကုတ္တရာလိုသိရမှာပဲ။
အဲ့ဒီတော့ ခုနတုန်းကဘုန်းဘုန်းပြောတဲ့ ဝေဒနာခန်းမှာ ညောင်းရင်လှုပ် ယားရင်ကုတ်တဲ့ အလုပ်တော့ ဘုန်းဘုန်းမကြိုက်ဘူး။ မလုပ်ပါနဲ့။ ပြင်လိုက်ရင် ဣရိယာပုတ်ဖုံးသွားတာပေါ့။ တင်းတလုံး တောင့်တလုံးရဲ့ဖြစ်ပြီးပျက်တာကို ပြင်လိုက်တဲ့ယောဂီ မမြင်လိုက်ရတဲ့အတွက်ကြောင့်မို့ သူဆုံးရှုံးသွားတယ်။ ပေါင်ကြီးကနာတယ် ခါးကြီးက ကိုက်တယ်ဆိုပြီး ပညတ်ကြီးက ခံထားပြီး ပြင်လိုက်တဲ့အတွက် သူဘာမှမရလိုက်တော့ဘူး။ အလကားထိုင်ပြီး အကျိုးရှိရသလောက် မရှိဘဲ ဖြစ်သွားပါလိမ့်မယ်။ မပြင်ကြပါနဲ့လို့ ဘုန်းဘုန်းတိုက်တွန်းပါတယ် ယောဂီတို့။
ဒါဖြင့်မပြင်ရဘူးဆိုတော့ ငါကျင့်မယ် ဘုရားကလည်း ဟောတယ် ချစ်သားရာဟုလာ တောင့်ပြီးတင်းပြီးတက်လာတဲ့ဓါတ်တလုံးကို အနိစ္စတော ဆုံးတဲ့ထိ ဈာနတော ဈာန်နှင့်ရှု့လိုက်ပါတဲ့၊ ဈာန်နှင့်ရှု့ခိုင်းတယ်။ အနိစ္စတော ဖြစ်ပြီးပျက်သွားတဲ့ထိကို ပဿတော မြင်လိုက်လို့ရှိရင် သက္ကာယဒိဋ္ဌိ ငါလို့စွဲကပ်ထားတဲ့ သက္ကာယ မှားပြီး စွဲထားတဲ့ အယူပါယ်သွားလိမ့်မယ်။ ပျောက်ပျက်သွားပါလိမ့်မယ်တဲ့၊ ဒါဖြင့်ရင်ပြင်ဖို့ ပြောတာမဟုတ်ဘူး။ တက်လာတဲ့ဓါတ်တလုံးကို ဖြစ်ပြီးပျက်သွားတဲ့ထိကို ရှု့ဖို့ပြောတာ။ ကြာကြာထိုင်လိုက်တော့ ဓာတ်တွေက ပေါ်မှာပဲ။ အဲဓာတ်တွေပေါ်ရင် စိတ်တွေထွက်လာလိမ့်မယ်။ အဲ့ဒီထွက်လာတဲ့စိတ်တွေကို ရှု့ရမယ်၊ ယောဂီတို့တတွေဟာ ရှု့ရကောင်းမှန်းမသိဘဲ ဒီစိတ်တွေနဲ့ ပေါင်းလာတာ ဒီရုပ်ကြီးကို ငါ့ရုပ်ကြီးလို့ တွယ်တာခဲ့တာက ဟိုးမွေးခါစ မှတ်တတ်တဲ့အရွယ်ကနေစပြီး အခုတရားနာတဲ့ အချိန်ထိ။
အူဝဲ အူဝဲဆိုမွေးပြီး မှတ်တတ်လို့သိလာကတည်းက စွဲလာခဲ့တော့ စွဲချက်က သိပ်နာထားတယ်။ အဲ့ဒီအစွဲတွေဖြုတ်ရမယ်၊ အစွဲဖြုတ်ဖို့အတွက် အယူကို အရင်ဖြုတ်ရမယ် ငါနာတယ် ငါကျင်တယ် ငါကိုက်တယ်ဆိုတဲ့စိတ်တွေကို သတ်ကြစမ်းပါ၊ တဘဝတခါပဲသေတာ နှစ်ခါမသေပါဘူး။ ယောဂီတို့ရဲ့ ဒီရုပ်ကြီးသာ သေသေသွားကြတယ်။ ဒီစိတ်ကိုတော့ ယောဂီတို့က သေအောင်မသတ်ကြဘူး၊ အခုဘုန်းဘုန်းက ဒီစိတ်တွေကို သေအောင်သတ်ဖို့ လမ်းပြပေးမှာ။ အကုသိုလ်စိတ်တွေ လောဘ ဒေါသစိတ်တွေ ပုထုစဉ်စိတ်တွေ သေသွားရမယ်။ ဒါဆိုရင် သောတာပန်ဖြစ်မှာပဲ၊ ဒီမှာတင်စိတ်ပြောင်းမယ် ဒီတစခန်းနှင့် စိတ်ပြောင်းအောင် ယောဂီတို့က ကျင့်ကြရမှာ။
အဲ့ဒီတော့ ခုနကသညာနှင့်ပြင်လိုက်တဲ့ချုပ်နည်း မလုပ်မိပါစေနဲ့၊ ဝေဒနာတက်လာတယ် တင်းတယ်တောင့်တယ်ဖြစ်လာတော့ ပေတေကပ်ပြီးတော့ မရှူပဲနှင့်အောင့်အီးခံပြီးတော့ အတ္တနဲ့လည်း မချုပ်လိုက်မိပါစေနဲ့၊ ဒါအတ္တချုပ်၊ အဲ့လိုမျိုးတွေမဟုတ်ပဲနဲ့ စိတ်ကလေးက အာရုံတခုနှင့် ပေါင်းပြီးတော့ နေရင်လည်း ချုပ်တယ်။ ကိုယ့်သားရေးသမီးရေး အိမ်အရေး တွေးပြီးနေရင်ချုပ်တယ်။ ဝေဒနာတက်လာရင် ဘုန်းဘုန်းတရားဟောလိုက်ပြီ ဆိုက်ကားနင်းတဲ့သူဆိုလည်း ဆိုက်ကားနင်းခိုင်းထားလိုက်တယ် ဒီမှာဝေဒနာလွတ်နေပြီ။ စိတ်ပဲ စိတ်ကိုသညာနဲ့ လှည့်ပေးလိုက်တော့ ၂ နာရီ ၃ နာရီထိုင်နိုင်တယ်။ သူကဆိုက်ကားနင်းလို့ ဒီမှာဝေဒနာတွေတက်လို့ ပြန်လာပြန်တွေ့တာပဲ၊ အဲ့ဟာလည်းအလကားတန်ဖိုးမရှိ အကျိုးမရှိပါဘူး။
ခုနက အာနာပါနဈာန်နဲ့ ချုပ်တာက တန်ဖိုးရှိတယ်။ စိတ်ကလေးဝေဒနာပေါ်ကျသွားရင် နှာသီးဖျားပေါ်မှာပြန်တင်ထားပြီးတော့ ရှူတယ် ဝင်လေထွက်လေလေးအပေါ်မှာ ထိဆဲတိုက်ဆဲလေးကိုသတိထားတယ် သတိလွတ်သွားတယ်ဆိုတာနဲ့ ဟိုညောင်းတယ်ညာတယ်ဆီကို ပြန်ဆင်းတာပဲ၊ ညောင်းတယ်ညာတယ်ဆီစိတ်ကလေးပြန်ရောက်တယ်။ ထပ်ကာထပ်ကာ အဲဒီလို လေ့ကျင့်ဖန်များလာတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ရိပ်မိလာတယ်၊ စိတ်ဆိုတဲ့ ဒီနာမ်ဆိုတာ ညွှတ်တတ်တဲ့သဘော၊ အောက်ဆင်းပြေးပြေးညွှတ်ပါလား သူက လေးဘုံကိုပဲမက်တာကော။ ဒါကြောင့် သေတဲ့ပုဂ္ဂိုလ်များ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အပါယ်လေးပါးမလွတ်ဘူးဆိုတာ ဒါကိုပြောတာ၊ ဒီတော့ ဒီလေးဘုံကို မရောက်အောင်တော့ကြိုးစားရပါလိမ့်မယ်။
အဲ့ဒီတော့ ဈာန်နှင့်တည်အောင်ထားရင်း ကိုယ့်စိတ်ကလေးသွားသွားညွှတ်မှုတွေ ကိုယ့်စိတ်ကလေးညွှတ်တာကို ဉာဏ်ကမြင်လာလိမ့်မယ်။ အဲ့ဒီဈာန်နှင့်ရှုတော့မှ ဉာဏ်ခန်းတွေ ဝင်လာတာ၊ လက္ခဏာခန်းကျတော့ တင်းတယ်တောင့်တယ်အပေါ်မှာ ခံစားတယ် ခံစားတဲ့အပေါ်မှာသာ သွားညွှတ်တဲ့ ခံစားမှုကိုသာ သိတာ။ ဈာန်နှင့်ကျမှ ကိုယ့်စိတ်ကလေးတည်ရာမှာမနေပဲ သွားသွားညွှတ်တာကို ရိပ်မိလာတယ်။ အဲဒါကိုယ့်စိတ်ကလေးကို လာ.. နှာသီဖျားမှာနေဆိုပြီး ဈာန်နဲ့ တင်ထားတော့ လွတ်တာပေါ့။ နိဝရဏတရားတွေလည်း ကင်းပြီးငြိမ်းအေးလို့ ရုပ်ကြီးကလည်း သူ့ဟာသူရှုလို့ ကိုယ်လည်းမဟုတ် အောက်ကြည့်တင်းတာတောင့်တာလည်း ငါလည်းမဟုတ် ရှူရတာလည်း ငါလည်းမဟုတ် သိပ်ဟုတ်နေတာ သိပ်သဘောကျစရာကောင်းပါတယ်။
အဲ့ဒီလိုသွားရင်းကနေပြီးတော့ ဈာန်ခန်းရလာတော့ ဆရာလုပ်သူက လက္ခဏာပြင်ပေးရပြန်တယ်။ ဪ ငါ့ယောဂီကတော့ ဘယ်လောက်ခရီးရလာပြီဆိုပြီးတော့ ဒီဈာန်ကိုဖြုတ်ပေးလိုက်တယ်။ ဖြုတ်လိုက်တော့ ဈာန်အားကိုးတဲ့သူက ဈာန်ပေါ်မှာမနေရတော့ ဝေဒနာပေါ် တင်းတယ်တောင့်တယ်ဓါတ်ကြီးလေးပါးပေါ် ပြုတ်ကျပြန်တယ်၊ ပြုတ်ကျတော့ ဈာန်သမာဓိရထားတော့ တက်ရှူပြန်တယ်။ ဒါပေမယ့် ဆရာလုပ်သူက မရှူခိုင်းတော့ဘူး။ အဲဒီတော့မှ ဉာဏ်ပါလာတယ်။ တင်းတာတောင့်တာတွေပေါ်မှာ အရင်က အတ္တချုပ်နှင့်လည်းတွေ့ခဲ့တယ် သညာချုပ်နှင့်လည်းတွေ့ခဲ့တယ် အခုဈာန်ချုပ်နှင့်လည်းတွေ့ပြန်တယ်။ ချုပ်သလားဆိုတော့လည်း တကယ်မချုပ်သေးဘူး၊ ဘာကြောင့် မချုပ်သလဲ … ဒီတင်းတလုံးတောင့်တလုံးအပေါ်မှာ ဉာဏ်ဦးစီးပြီးတော့ ဉာဏ်သွားနှင့် ရှု့လိုက်တော့မှ မခံချင်တာကို ခံစားနေရတဲ့နာမ်ကို အဲ့ဒီတော့မှ ဉာဏ်ကမြင်ပြီး သမုစ္ဆေဒနဲ့ ဝေဒနာအပြတ် ချုပ်သွားတော့တယ်။
ဝေဒနာချုပ်နည်းတွေအများကြီးရှိတယ် ဘာနှင့်ချုပ်မှန်းမသိပဲနှင့် ချုပ်တယ်လည်းပြောလို့မရဘူး၊ ဒါပေမယ့် အတ္တနှင့်ချုပ်ချုပ် ဈာန်နှင့်ချုပ်ချုပ် အနတ္တနှင့်ပဲချုပ်ချုပ်၊ ခုနကပြောသလို ခံစားတဲ့သဘောနာမ်ကိုလည်း မြင်လိုက်ရော ဉာဏ်ချုပ်ပေါ့၊ ချုပ်တယ်နှင့်တပြိုင်တည်း ဒီရုပ်ကလည်းဖေါက်ပြန်တာပါလား ဒီနာမ်ကလည်းခံစားတာပါလား ဖေါက်ပြန်တာနှင့်ခံစားတာ သူ့သဘာဝ သူ့သဘောဆောင်နေတာပါလားလို့လည်း မြင်လိုက်ရော အတ္တပြုတ်ပြီး အနတ္တမြင်သွားရော၊ ဖေါက်ပြန်တာလည်းငါမဟုတ် ခံစားတာလည်းငါမဟုတ် သူ့သဘောပါလားလို့ ဒီမှာတင်ပဲ ဒိဋ္ဌိတလုံးပြုတ်သွားတယ်။ ကိုယ့်အယူပြုတ်သွားတာပေါ့၊ ဒါသောတာပန် ဝေဒနာချုပ်ရင် အပါယ်လွတ်တယ် သောတာပန်ဆိုတာ အလွယ်လေးပါ။ လမ်းတွေမသိကြလို့ ကြာနေကြတာပါ….။
ဓမ္မမိတ်ဆွေးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ…
Source : (မူရင်း) ကိုသန်းလှိုင်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။