ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှ လှိုက်လှဲစွာကြိုဆိုပါ၏။

ဓမ္မမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

၇။ လူသေရင်သေ မသေရင်တရားရ – ဆရာကြီး ဒေါ်ဧက (June 3, 2018)

၇။ လူသေရင်သေ မသေရင်တရားရ – ဆရာကြီး ဒေါ်ဧက (June 3, 2018)

( ပြည် ဝိဇ္ဇောဒယသဲအင်းရိပ်သာမှ ဆရာကြီး ဒေါ်ဧက၏ တရားအတွေ့အကြုံများအား သဒ္ဓါတိုးပွါး ကြည်ညိုနိုင်စေရန် ကောက်နှုတ်ပူဇော်ပါသည်။ သဒ္ဓါတိုးပွါးနိုင်ကြပါစေ..) အရိယာသူတော်ကောင်းတွေကနော် သူများအပြစ်တွေမမြင်တော့ဘူး ကိုယ့်စိတ် ကိုယ့်အပြစ်ပဲကိုယ်မြင်တော့တယ်၊ သူတပါးမကောင်းတာမပြောတာ့ဘူး ကိုယ့်စိတ်ကိုယ်ပဲ တချိန်လုံးဆုံးမနေတော့တာ၊ ဒါကြောင့်မို့အရိယာဖြစ်လာပြီဆိုရင် ကိုယ့်အကြောင်းကိုယ်မဖုံးတော့ဘူး၊ ပုထုစဉ်တွေကျတော့မဟုတ်ဘူး သူများမကောင်းတာကျပြော ကိုမကောင်းတာကျဖုံးထားတော့တယ်။ ဆရာလေးတို့လည်းဘုန်းဘုန်းကြီးနဲ့တွေ့တော့ ဘုန်းဘုန်းဆီမှာကျင့်၊ သူတော်ကောင်းတွေနဲ့တွေ့ဘို့ဆိုတာမလွယ်ဘူး ဘုန်းဘုန်းတို့ဆိုလည်းအရိုးပြိုင်းပြိုင်းကျအောင် ကိုယ်တိုင်ကျင့်ခဲ့လို့လည်း ဒီအသိဉာဏ်တွေရ တရားတွေပြနိုင်တာပဲလို့ အရမ်းလည်းကြည်ညိုတယ်။ ဆရာကောင်းနဲ့တွေ့ဘို့ဆိုတာမလွယ်ဘူး အတုတွေရှိလာမယ် သင်တန်းတွေတက်ပြီးပြမယ် ဆရာစစ် ဆရာမှန် တရားမှန်တွေ့ဘို့ဆိုတာမလွယ်ဘူး ။ အဲ့ဒီမှာ ဆရာလေးတို့လည်း ဆရာတော်နဲ့ကျင့် ဘုန်းဘုန်းဦးစန္ဒိမာနဲ့လည်းကျင့် တောထဲမှာ။

ဆရာလေးမှာလည်း စာမေးပွဲလည်းဖြေမယ်ဆိုတော့စိတ်တွေကထွက်လာ၊ မဟာပလ္လင်တွေချိတ် ဝေဒနာတွေတက်တော့စိတ်တွေကထွက်လာ၊ ဝေဒနာတက်တာကသတ်သတ် စိတ်တွေထွက်တာကလည်းသတ်သတ် ဘုန်းဘုန်းကလည်းဘယ်ရောက်နေမှန်းမသိတော့ အဓိဒါန်တင် သစ္စာဆိုတယ် ” ဘုရားတပည့်တော်မသည် ဒီတရားတွေကျင့်လို့ ဒီစိတ်တွေထွက်တာ ဒီတရားတွေအစစ်အမှန်ဆိုရင် ဘုန်းဘုန်းနဲ့ပြန်တွေ့ရပါလို၏ အစစ်အမှန်မဟုတ်ရင် ဘယ်တော့မှပြန်မတွေ့ရပါစေနဲ့လို့” သစ္စာဆိုတယ်။ မတွေ့ရင် ကျိုက်ထီးရိုးမှာရှိတဲ့ဆရာတော်ဆီကိုသွားတော့မယ် အရင်တုန်းကလည်းရင်းနှီးကျင့်ခဲ့ဘူးတော့ အဲ့ကိုသွားတော့မယ်ပေါ့။ ဘုန်းဘုန်းကလည်းဘယ်နေမှန်းမသိ ကျောင်းမှာလည်းမနေ လျောက်သွားနေတာ၊ ဒီတော့သစ္စာဆိုအဓိဒါန်တင်တာ ၃ ရက်အဓိဒါန်ပြည့်တဲ့နေ့ ညနေ ၄ နာရီလောက် ဆရာလေးနေတဲ့တောင်ပေါ်ကို ဘုန်းဘုန်းရောက်လာတာ။ ဆရာလေးကတောင်ပေါ်မှာကျင့်တာ ကျောက်ခလောက်တောင် အံ့သြစရာ ဘုန်းဘုန်းအဲ့တောင်ပေါ်ကိုရောက်လာတာ။

အဲ့ဒါဆရာတော်ကလေ စခန်းပွဲကိုသွားတော့မှာ၊ ဒေါ်ခေမာ ဘုန်းဘုန်းဦးစန္ဒိမာရဲ့အမ အဲ့ဒီတုန်းကလူဝတ်ပဲရှိသေးတာတရားပြနေတာ၊ ဒေါ်ခေမာတို့ ဦးပညာတို့ ကွမ်းခြံကုန်းကဘုန်းဘုန်းရဲ့တပည့်တွေ သူတို့ကဒေးဒရဲတို့ ဖျာပုံတို့ဘက်မှာစခန်းလုပ်နေတာ၊ ဆရာလေးကသိပေမယ့် လူတွေကြားထဲမလိုက်ချင် တပါးတည်းကျင့်ချင်တာနဲ့ တောထဲမှာတပါးတည်းကျင့်နေတာ၊ ကိုယ့်ဟာကိုယ်ရေဆွမ်းကပ်ပြီးတော့ ဘုရားလိုင်ဂူထဲမှာ တပါးတည်းကျင့်နေတာ၊ အဲ့ဒီကကျောင်းထိုင်ဘုန်းကြီးကတော့သိတယ်။ ၃ ရက်ပြည့်တဲ့နေ့ ၄ နာရီတုံတုံထုတော့ဘုန်းဘုန်းလည်းတောင်ပေါ်ရောက်လာတာ။ အံ့သြစရာ ဆရာလေးရဲ့မောင်လေးက ၇ နှစ်လောက်ရှိတယ်ကိုရင်လေးပေါ့ ခုထိရှိတယ်၊ မောင်လေးက အမကြီး မျက်နှာမှာအပေါက်တွေနဲ့ဘုန်းဘုန်းကြွလာတယ်.. ဆရာတော်ကြွလာပြီ ငါ့ကိုတော့ပြောတော့မှာပဲ နင်တရားတွေဒီလောက်ထိုင်ပြီး ဒီအစွဲတွေမပြုတ်ပါလားပြောတော့မှာပဲ သက်သတ်လွတ်ကလည်းစားသေး ဒီကြားထဲရေဆွမ်းကပ်တယ်ဆိုရင်ပြောတော့မယ် တွေးမိနေတာ၊ နောက်စိတ်တခုက ငါမဟုတ်တာလုပ်တာမှမဟုတ်ပဲ ငါကောင်းတာလုပ်တာပဲ အဲ့လိုပေါ်လာတယ်။ ရေဆွမ်းကပ်နေတော့ ရေချိုင့်လေးတခု ပန်းကန်ပြားလေးအုပ်ပြီးတော့ ရေပဲသောက်နေတာ ဘာလို့မဖြေရဲရမှာလည်းပေါ့ ငါကောင်းတာလုပ်တာပဲ နောက်စိတ်တခုဝင်လာတော့ မကြောက်တော့ဘူး ဘုန်းဘုန်းဆီသွားတာ၊ နင်တရားတွေအဲ့လောက်ကျင့်ပြီးတော့ ဘာလို့ရေဆွမ်းတွေကပ်နေရတာလည်းတဲ့ ထင်တဲ့အတိုင်းပဲ မေးတော့တယ်။ တင်ပါဘုရား တပည့်တော်စိတ်တွေထွက်တာမနိုင်လို့ပါဘုရား တပည့်တော်လည်းအဓိဒါန်တင်ပါတယ်ဘုရားလို့.. ဘာအဓိဒါန်လည်းတဲ့.. တင်ပါဘုရား အဓိဒါန်အောင်သလား မအောင်သလားတော့မသိ ဒီတရားတွေအမှန်အကန်ဆိုရင် ဘုန်းဘုန်းနဲ့ပြန်တွေ့ရပါလို၏ မမှန်ပါက ဘယ်တော့မှပြန်မတွေ့ရပါစေနဲ့လို့ တင်လိုက်ပါတယ်ဘုရား လျောက်တော့.. အဲ့ဒါကြောင့်မို့လို့ ငါဒီကိုရောက်လာရတာတဲ့။ ငါရေဖြူလေးစခန်းပွဲသွားမလို့ ကားခစရံတွေလည်းပေးပြီးသွားပြီ ဆွမ်းတွေလည်းလုပ်ထားပြီးပြီ အဲ့ဒီနေ့သွားခါနီးကျမှ ဆရာတော်က ဟာ ငါအာရုံပျက်သွားပြီ မသွားချင်တော့ဘူး၊ ဒါဖြင့် ငါဘယ်သွားမလည်း အာရုံချကြည့်ဦးမယ်ဆိုပြီး သွားမယ့်စခန်းပွဲတွေဖျက် ကားခတွေအဆုံးခံပြီး ပဲ့ထောင်လေးနဲ့ ဒီကိုရောက်လာတာ။ ညနေ အဓိဒါန်ပြည့်တဲ့အချိန်မှ ကွက်တိရောက်လာတာ။

အဲ့ဒီမှာသြင်္ကန်ကလည်းကျပြီဆိုတော့ စခန်းပွဲလုပ်မယ်ဆိုပြီး ၉ ရက်စခန်းဖြစ်သွားတာ ဆရာတော်က အခုလိုပဲ စိတ်ကလေးကို ကပ်ပြီးပို့ပေးတာ နဂိုကလည်းကျင့်ထားတဲ့အခံကရှိထားတော့ စိတ်တလုံးသေသွားတာ။ နောက်က ဦးစန္ဒိမာဆက်လိုက်လာတယ် ၉ ရက်လည်းပြည့်တော့ ဘုန်းဘုန်းပြန်သွားတော့ ဦးစန္ဒိမာဆက်ပြတယ်။ ဦးဇင်းက အဲ့တုန်းကသဲအင်းမှာဝါဆိုပြီးတော့ ရဟန်းတပါးပါလာတယ် အဲ့ဒီရဟန်းရော တောထဲမှာရှိတဲ့ ဆရာလေးတွေရော ရဟန်းတွေရောကျင့်ကြတာ။ စခန်းပြီးသွားတော့ စာလည်းကျက်လို့မရတော့ဘူး သညာတွေချုပ်နေတော့တာ ကြည့်တော့ကြည့်နေတယ် ဘာမှလုပ်မရတော့ဘူး အဲ့ဒါ စာမကျက်တော့ဘူး ဒီတရားပဲဆက်လုပ်တော့မယ်ဆုံးဖြတ်ပြီး ဝါလည်းဝင်တော့ ဦးစန္ဒိမာနဲ့လိုက်သွားပြီးကျင့် ငါးဆူတောင်မှာ၊ ဝါကျွတ်တော့ဘုန်းဘုန်းကြီးပြန်လာတော့ ဘုန်းဘုန်းကြီးနဲ့ဆက်ကျင့်။ တဝါတွင်းလုံးဘယ်မှလည်းမသွား ကျင့်နေတော့တာ။ ဗေါင်းတော်ချုပ်တောထဲမှာ ကိုယ့်ဟာကိုယ်လည်းကျင့် ဘုန်းဘုန်းကြီးနဲ့လည်းကျင့်ပေါ့ နောက်တော့ ဘုန်းဘုန်းကြီးနားမှာဆရာလေးတွေများလာတော့ ဘုန်းဘုန်းကိုပြုစုလုပ်ပေးမယ့်သူတွေလည်းရှိလာတော့ ငါခွါမှဖြစ်တော့မယ် မဟုတ်ရင် ဆရာပေါ်မှာသမုဒယတွယ်နေလို့မဖြစ်တော့ဘူး ခွါမှဆိုပြီး ဘုန်းဘုန်းကိုလျောက်ထားပြီး ဆရာပေါ်စွဲတဲ့ ပေါ်လာတဲ့စိတ်တွေသဲအင်းမှာ တဝါတွင်းလုံးသွားသတ်တာ။

ဝါကျွတ်တော့ဘုန်းဘုန်းကြီးဆီပြန်နေ ဆက်ကျင့်၊ အဲ့ဒီတဝါတွင်းမှာလည်းကျင့်ဆို အသေကျင့်ရတာ စားတာ အိပ်တာ အားလုံးလျော့ ရေတောင်ချိုးမပေးတော့ဘူး အဝတ်လောက်လဲပေး၊ အဓိဒါန်ဝင်နေတဲ့အချိန်ဆိုရင်တရားတခုပဲထားတယ် ကျန်တာအားလုံးလျော့ပစ်လိုက်တာ ဝေဒနာလျော့သွားမှာစိုးလို့ ရုပ်ကိုပြုပြင်ပေးရင် အာရုံလျော့သွားမှာစိုးလို့ အဲ့လိုနဲ့ဘဝကိုဖြတ်သန်းရတာ။ အဲ့ဒီတော့မှလေ စိတ်တွေ ဆရာအားကိုးတဲ့စိတ် မအေအားကိုးတဲ့စိတ် အဲ့ဒီပုံရိပ်တွေအားကြီးပေါ်တော့တာ၊ ဒီပုံတွေမပျက်သမျှ စွဲသမျှ ငါသံသရာလည်တော့မှာပဲလို့ ပုံတွေကိုရအောင်ဖျက်ရတာ ဥပါဒါန်ပုံတွေကော။ အိမ်မက်ထဲပေါ်လာတယ်ဒီပုံတွေ ဒီပုံတွေဖျက်မှခန္ဓာပြတ်တော့မယ်ဆိုပြီးဖျက်တော့တာ ညကျရင်မအိပ်တော့ဘူး အသာလေးသတိလေးနဲ့စောင့်ကြည့်ပြီးတော့ ဘယ်လိုအိပ်မလည်း အိပ်ပျော်သွားရင် အဲ့ပုံတွေနဲ့ပေါင်းသွားတာ အဲ့ဒီမှာသတိထားပြီးတော့ သိလာတာ။ ဒါကြောင့်မို့ တော်ရုံတန်ရုံသဒ္ဓါနဲ့မရနိုင်ဘူးဆိုတာ ရင်းရတယ်တအားရင်းရတာ ဦးစန္ဒိမာရှိတုန်းကဆိုရင် အရိုးပြိုင်းပြိုင်းကျ အရေတွေလန်လို့ကျင့်တာပဲ။ အဲ့ဒီတုန်းက သူလည်းသာသနာမပွင့်သေးဘူး နောက်တော့ အောင်လံသာသနာသွားပြုမယ် လိုက်မလားဆိုတာ မလိုက်ဘူးဘုရားလို့ တပည့်တော်လူကြောက်တယ် သိသွားပြီ ကိုယ့်ဟာကိုယ်ဗေါင်းတော်ချုပ်ပြန်ကျင့်တော့မယ် ဘုန်းဘုန်းကြီးဆီမှာကျင့်တော့မယ်လို့.. ဆရာလေးကိုတော့လိုက်စေချင်တာပေါ့လေ သူပြထားပြီးတော့မလိုက်ဘူးဆိုတော့ စိတ်မကောင်းဘူးပေါ့။ ဆရာလေးကလည်းသိသွားပြီ ကိုယ်လုပ်တဲ့အလုပ်ကိုဆုံးအောင်လုပ်ချင်တာ လူသေရင်သေ မသေရင်တရားရ အဲ့လိုလုပ်ချင်တာ။ ဦးဇင်းနဲ့တဝါသွားကျင့်တော့လည်း ပြသလိုလုပ် သေရင်သေ မသေရင်သာသနာဆက်ပြု အဲ့လိုလုပ်ရတာ။

ဒီသဲအင်းမှာတဝါကျင့်တော့လည်း အသေကျင့်ရတာ အသေသတ်ရတဲ့လမ်းတွေ၊ ရုပ်ကိုညှာလို့မရတော့ဘူး စိတ်ကောရုပ်ကော ၂ လလောက်ကြာတော့ မကျင့်နိုင်တော့ဘူး ထိုင်ကိုမထိုင်နိုင်တော့တာ ဘယ်လိုထိုင်ရမှန်းတောင်မသိတော့ဘူး သဒ္ဓါတွေလည်းပျက်ကျ ရုပ်ကလည်းမတည်နိုင်တော့ဘူး၊ အဲ့ဒီမှာအကုန်လုံးလွှတ်ချတာ အဲ့ဒီတော့မှ ဆရာအားကိုးတဲ့စိတ်တွေ မိဘအားကိုးတဲ့စိတ်တွေ နောက်ဆုံးသေခါနီးမှာ ဘယ်အချိန်ဘယ်အခါသေမယ်ဆိုတာ အတတ်သိသွားတယ် ဟာ ငါကျေနပ်သွားပြီ ဒီခန္ဓာကြီးသေမယ့်အချိန်ကိုငါသိနေပြီ ဘယ်အချိန်ဘယ်ရောဂါနဲ့သေရမယ်ဆိုတာ အတတ်သိသွားတာ အဲ့ဒီတော့ကျေနပ်သွားတယ်။ ရုပ်နာမ်တွေမြင်ဘို့ တန်ခိုးကြီးဘို့မလိုဘူး သေခါနီးအသေတတ်ရင်တော်ပြီ တကယ်အသေတတ်နည်းရသွားတော့မကြောက်တော့ဘူး၊ ဒီရုပ်ကြီးအိုချင်တဲ့အချိန်အို သေချင်တဲ့အချိန်သေ အဲ့ဒီထဲလွတ်အောင်သွားထားတာ သူ့ဟာသူဒါကြီးကတလိုင်းကျန်နေခဲ့တယ် ဒီဟာကြီးက အမိဝမ်းတွင်းကနေ ခြောက်ပေခေါင်းသွားနေတဲ့တလိုင်း၊ ဒါကြီးကိုမှီပြီးဖြစ်နေတဲ့စိတ်ကလေးက မကောင်းတာလုပ်ရင်အပါယ်ဆွဲချမယ် ကောင်းတာလုပ်ရင်ကောင်းတဲ့ဆီရောက်မယ် အဲ့ဒါသိသွားတယ်၊ မသေခင်ကတည်းကသူ့ကိုအပြတ်ခွါထားတာ ဒီကမ်းကိုခွါထားတာ။ ဒါကြောင့်ကျင့်ကြ ဒီရုပ်ကိုမညှာနဲ့ ဒါကြီးကတနေ့ သေပြီးပုပ်ပွရဦးမှာ အဲ့ဒါကြီးကိုပဲစိတ်ကစွဲနေတာ ငါ့ရုပ်ငါ့ရုပ်နဲ့ အမလေးငါနာတယ် ငါ့ပေါင်ကြီးနာတယ်နဲ့ အဲ့ဒီစွဲတဲ့ဥပါဒါန်ကြးကိုဖြုတ်ရတာ၊ အဲ့ဒါလည်းဝေဒနာနဲ့တည်ရတယ် ဝေဒနာကိုအစွမ်းကုန်လိုက်ရတာပဲ။ နောက်ဆုံးတော့ဝေဒနာမှမရှိရင်ပေါ့ပျက်ပျက် သူနဲ့ပေါင်းပစ်ရတာ။ ဝေဒနာတက်အောင်ပြန်လုပ် အားလုံးဖျက်ထုတ်ပစ် အစကနေပြန်ယူ ထွက်လေဝင်လေပြန်ရှူ ဘုန်းဘုန်းကလေ ရှူရှူ အဲ့ဒီတော့မှ ဉာဏ်တွေပွင့်လာတာ။ ဒီအရှူလေဈာန်က ဘုရားရဟန္တာတွေတောင်မလွတ်ဘူး၊ ဈာန်ဝင်စားရတယ် အဲ့လိုသဘောပေါက်လာတယ် တရားကသူ့အလိုလိုပြသွားတာ။

ဘုန်းဘုန်းဦးစန္ဒိမာနဲ့ကျင့်တုန်းကလည်း တဝါတွင်းလုံးကျင့်လာတယ် တရားလည်းတလုံးမှမပြောဘူး တခါမှလည်းမမေးဘူး သညာဝင်မှာစိုးလို့တရားမပြောတာ။ တခါတော့ တလကျော်ကျော်လောက်မှာတရားစစ်တယ်၊ နင့်ကိုငါတရားစစ်မယ်ဆိုတော့ ဦးဇင်းအနားသွားတော့ အရှိအတိုင်း အမှန်ကိုအမှန်အတိုင်းဖြေဆိုပြီးတော့ ဟိုတုန်းကကက်စက်ပေါ့ တိတ်ခွေထည့်ပြီး မာမာအေးတိတ်ခွေဖွင့်ပြတယ် ကြားလားတဲ့.. အရှိ အရှိအတိုင်းဖြေဆိုတော့ ငါလည်းရှိတဲ့အတိုင်းဖြေမယ်ပေါ့ ကြားလားဆိုတော့ ကြားတယ်ဘုရားဆိုတော့.. နောက်တခါထပ်ချဲ့ပြတယ် ကြားလားမေးတော့ ကြားတယ်ဘုရားဆိုတော့.. သွားနင်ဘာတရားမှမရသေးဘူးဆိုတော့.. ဦးဇင်းအဲ့လိုပြောလိုက်တာ ရင်ဘတ်ကိုခြေနဲ့ ကန်ခံလိုက်ရသလိုခံစားရတာ ငါ့မှာကျင့်လိုက်ရတာ တလကျော်ဒီတရားတွေကို၊ တရားလည်းမရ ကိုယ့်ကိုအပြစ်တင်သွားတာ ဒီလောက်ကျင့်လာတာ သူမေးတာမဖြေနိုင်ဘူး ငါ့လောက်ဉာဏ်တုံးတာမရှိတော့ဘူး ငါအသုံးမကျပါလား။ ဒီတော့တောင်ပေါ်မှာမွေးထားတဲ့ခွေးတွေသတိသွားရတယ် အဲဒီမှာဒေါ်ပြုံးဆိုတာရှိတယ် သူကခွေးတွေမွေးထားတာ အဲ့ခွေးတွေကခေါ်ရင်နားလည်တယ် သိတယ်၊ ငါဒီခွေးတွေလောက်တောင်တန်ဘိုးမရှိပါလား သေဘို့သာကောင်းတော့တယ် သေရင်ဒီချောက်ထဲသာဆွဲချလိုက်ပါတော့ဒေါ်ပြုံးရယ်ဆိုပြီး ဒီတရားကိုမသိရင် သေရင်လည်းသေပါစေတော့အဓိဒါန်တင်ပြီး ဓမ္မာရုံထဲကနေမထွက်တော့ဘူးကျင့်တော့တာ။ ဦးဇင်းကလည်းမထွက်လေကြိုက်လေပဲ ဒါနဲ့ ဆယ်ရက်လောက်လည်းကြာရော ဦးဇင်းရဲ့ရဟန်းအမ ဒေါ်မြင့်ဆိုတာရှိတယ် သူကတက်လာပြီး.. ဆရာလေးအတော်ကျသွားပါလားအရိုးပြိုင်းပြိုင်းကျလို့ တော်ကြာ ဆရာတော်ဦးသီရိကြွလာရင်ပြောဦးမယ် ငါ့ဆရာလေးကိုစောင့်ရှောက်ပါမှာထားတာ တပည့်တော်တော့အပြောခံရဦးမယ် အိမ်ကိုလိုက်ခဲ့ပါ ဆေးလေးဘာလေးထိုးရအောင်ဆိုပြီး ဦးဇင်းကိုလျောက်ပြီး ခေါ်တာနဲ့လိုက်သွားတာ မိုးကလည်းရွာနေတာ အဲ့ဒီမှာ ရုပ်နာမ်ကွဲသွားတာ။

မိုးတွေရွာလေတွေတိုက်တော့ ဒီမိုးမိရင်တော့ဖျားတော့မယ် အသိလေးကပ်လိုက်တော့ ဘာသတိထားမိလိုက်သလည်းဆိုတော့ ဒီသစ်ပင်ကြီးဟာ သူ့ကိုယ်သူသစ်ပင်လို့လည်းမသိဘူး နေပူတယ် မိုးရွာတယ်လို့လည်းမသိဘူး အဲ့ဒီသစ်ပင်ကြီးကိုဉာဏ်ကမြင်ပြီးတော့ အဲ့ဉာဏ်က ခန္ဓာဘက်လည်းလှည့်လာရော့ ဟာ ဒီရုပ်ကြီးက သူ့ကိုယ်သူရုပ်လို့လည်းမသိဘူး ပူတယ် အေးတယ် မိုးရွာတယ်လို့လည်းမသိဘူးပေါ့ အဲ့ဒီဉာဏ်လည်းဝင်သွားရော အဲ့ဒီမှာပြတ်ထွက်သွားရော။ အဲ့ဒါနဲ့ အိမ်လည်းရောက်သွားရော ဆရာလေးဆေးခန်းသွားမယ် ဘာသွားလုပ်မှာလည်းဆေးခန်းကိုမေးတော့ နေမကောင်းဘူးလေ အော်နေမကောင်းဘူးလား.. ဆရာလေးရယ် နေမကောင်းလို့ အားနည်းလို့ပြောဆိုရင် နေမကောင်းလို့ အားနည်းလို့ လိုက်မှတ်နေရတာ.. မှတ်စိတ်မရှိတော့မှတ်နေရတာ သညာအားလုံးပြုတ်ထွက်သွားတာ.. ဆေးခန်းရောက်တော့ ဆရာဝန်ကရှူရှူဆိုတော့ရှူတယ် လက်ကိုင်တော့ လက်လို့မသိဘူး ဒုတ်ကြီးကိုင်ထားသလို၊ လက်မရှိတော့ဘူး လွတ်ထွက်သွားတာ အဲ့ဒီမှာအသိလည်းပေါ်ရော့ တနေ့ကဦးဇင်းမေးတာ ငါသိသွားပြီ ဉာဏ်ပွင့်သွားတာ။

ပြန်တော့မယ်ကျောင်းကိုဆိုပြီး ဆေး ၃ ရက်စာထိုးရမှာယူသွားပြီး ပြန်သွားတာ၊ ကျောင်းရောက်တော့ ဦးဇင်းလို့ ဦးဇင်းမေးတာတပည့်တော်သိသွားပြီလို့.. ခပ်တည်တည်နဲ့ဘာမှမပြောထိုင်နေပြီး ဖွင့်ပြတယ် ကြားလားတဲ့ မကြားဘူးဘုရားလို့ တရားကိုနော်တလုံးမှမပြောခဲ့ဘူး နောက်ထပ် ထက်ကျယ်ပြန်ပြီး ပိုလို့မကြားဘူးလို့ပြောလိုက်တယ်။ ဦးဇင်းက ဘယ်လိုမကြားတာလည်း မေးမလို့လည်းကြံရော့ ဆရာလေးကကောက်ဖြေလိုက်တာ ဘေးနားမှာရှိတဲ့ကျွန်းတိုင်ကြီးပေါ့ ဒီတိုင်ကြီးကဘုရား သူကိုယ်သူတိုင်လို့မသိဘူးဘုရားလို့ အဲ့ခါမှ သာဓု သာဓု သာဓု နင့်ကိုငါစိတ်ချသွားပြီ အဲ့ဒါဆိုရင် နင်စိတ္တသတိပဌါန်ကိုရောက်သွားပြီတဲ့။ ဆရာလေးကတော့ စိတ္တသတိပဌါန်လည်းမသိ ဘာလည်းမသိ ဒါပေမယ့် ဦးဇင်းမေးတာတော့ဖြေတတ်သွားတယ် ဆရာလေးကအဲ့လိုလိုက်ခဲ့ရတာ။ ဦးဇင်းကလည်း နင်မကျင့်လည်းရပြီတဲ့ ဘယ်နေနိုင်တော့မလည်း ကျင့်တော့တာပေါ့ အရင်ထက်ကိုအားတွေက နှစ်ဆလောက်ပြည့်လာပြီးကျင့်တော့တာပေါ့။ သိသွားပြီ ကိုယ့်ဟာကိုယ်ကျင့်တတ်သွားပြီ။

နောက်ဘုန်းဘုန်းကြီးနဲ့ပြန်ကျင့်တော့ ဟာ ဒီကောင်မလေးကသမာဓိတွေကောင်းလာတာပဲ ဦးစန္ဒိမာဘယ်လောက်တောင်ရိုက်ထားလည်းမသိဘူးတဲ့ နားစည်ကိုပေါက်သွားတာ နှာခေါင်းကလေမထွက်တော့ပဲ နားကကန်ထွက်သွားတာ၊ ဘယ်လောက်ထိခန္ဓာကိုယ်က အရည်စစ်ကျသွားလည်းဆိုရင် အုန်းသီးအရည်ညှစ်လိုက်သလို စစ်ကျသွားတာ။ မဟာပလ္လင်နဲ့လည်းချိတ်တာပဲ အူတွေပြတ်ထွက်သွားမလောက်ထိခံစားရတာပဲ ဒါပေမယ့်မရုန်းဘူး မကြောက်ဘူး ဘယ်နှစ်နာရီထိုင်ဆိုရင်ထိုင်တာပဲ မလှုပ်ဘူး မယိုင်ဘူး အသေစွန့်တာပဲ မခံနိုင်မှသာသူ့ဟာသူမျက်ရည်တောက်တောက်ကျခံတော့တာပဲ။ နောက်ဘုန်းဘုန်းနဲ့ပြန်ကျင့် ဘုန်းဘုန်းပြတော့မှ ဉာဏ်တွေပွင့်လာတယ်၊ ပညတ်တွေကွာပြီး လမ်းလျောက်ရင် ခြေထောက်မပါတော့ဘူး ရေချိုးရင်ရေမပါတော့ဘူး အဲ့ဒီမှာ ဓါတ်သဘောတွေသိသွားတယ်။ အဲ့ဒီမှာ ဘုန်းဘုန်းကြီးကတခါ အဲ့ဟာတွေပြန်ဖြုတ်ပြန်ရော ဒါတွေတရားမဟုတ်ဘူး အဲ့အသိတွေပြန်ဖြုတ်၊ ငါ့မှာဒီလောက်ကျင့်လာပြီးတော့ ဒါတွေတရားမဟုတ်ဘူးဆိုတော့ ဘာဆက်လုပ်ရမှာလည်း ဘုန်းဘုန်းကဉာဏ်တွေတအားပြေးတာနော အဲ့အသိတွေပြန်ဖြုတ်ပြစ်တာ မဟုတ်ရင်အဲ့အထဲမှာ အထင်တွေကြီးနေမယ် ဆရာတော်ကအဲ့အသိတွေပြန်ဖြုတ်တော့ ငုပ်တုတ်ကြီးကျန်နေရော၊ ပြန်ကျပြန်ရော ဒီရုပ်ပေါ်မှာ ဒီတခါတော့ပိုဆိုးတယ် အသိဉာဏ်နဲ့လိုက်ရတယ်။

သဒ္ဓါအရေးကြီးတယ် ပါရမီချင်းကလည်းမတူတော့ အဲ့လိုကျင့်လာခဲ့ရတာ ဆရာတော်က ပယ်ချ ပယ်ချနဲ့ ကျင့်လာခဲ့ရတာ နောက်ဆုံးတော့ဘာဖြစ်လည်း ဘာမှမရှိတော့ဘူး ပညတ်တွေရှင်းပြီး မြင်တာပဲရှိတယ် ကြားတာပဲရှိတယ်။ မျက်စိအကြည်ပေါ်ကမြင်တာပဲရှိတယ် ဘယ်သူဘယ်ဝါရယ်လို့ ထွက်မလိုက်တော့ဘူး ကြားတာပဲရှိတယ် ဘာပဲညာပဲလို့ထွက်မလိုက်တော့ဘူး။ မြင်ရင်ဘယ်သူပဲလို့ဒီကပုံရှိရင်ထွက်တာပဲ ဒီကပုံဖျက်လိုက်တော့ ပုံမရှိတော့ဘူး အရိပ်ပဲရှိတော့တယ်။ ရုပ်ပေါ်မှာလာကျတဲ့ရုပ်ရိပ် သိတာကလည်းနာမ်ရိပ် အဲ့ဒီတော့အရိပ်တွေပဲရှိတော့တယ် အကောင်မပါတော့ဘူး အဲ့ဒီတော့မှစိတ်တွေပြောင်းပြီးတော့ လွတ်သွားတာ။ အဲ့ဒါကြောင့်ကျင့်ကြလို့ ကိုယ်လည်းလုပ်ရင်ရတာပါပဲ…..။

ဆရာကြီးဒေါ်ဧက၏ သဒ္ဓါ ဝီရိယအား အားကျကြည်ညိုလျက်….။

Source : (မူရင်း)
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ မှ ဓမ္မဒါန
ရေးသားပူဇော်ပါသည်။