ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှ လှိုက်လှဲစွာကြိုဆိုပါ၏။

ဓမ္မမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

၁၀။ လောကသုံးပါးမြင်ပုံ – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 9, 2018)

၁၀။ လောကသုံးပါးမြင်ပုံ – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 9, 2018)

(သြကာသလောက၊ သတ္တလောက၊ သင်္ခါရလောက… လောကသုံးပါးမြင်ပုံ)
အောက်အဆင့်မှာတုန်းကတော့ ရုပ်က ဒုက္ခသစ္စာနော် ပညတ်ရုပ်။ အခု နာမ်အပိုင်းကူးလာတော့ သိမှုဒုက္ခသစ္စာ ဖြစ်လာတယ်။ အရင်က စားရတာ ဒုက၊္ခ အိပ်ရတာ ဒုက္ခ၊ သွားရတာ ဒုက္ခ။ အခု နားနဲ့ အသံနဲ့ကြားလို့ သိမလို့လုပ် ဒုက္ခ၊ နှာခေါင်းနဲ့အနံ့နံတာ သိမလို့လုပ် ဒုက္ခ၊ ဒီသိမှုလေး ဒုက္ခသစ္စာဖြစ်နေတာကို ပြောတာနော်။ အဆင်းကိုသွားသွားသိတဲ့ သိမှုလေးက ဒုက္ခသစ္စာဖြစ်နေတာ။ မျက်စိ နား နှာ လျှာ ကိုယ် မနောမှာ သိမလို့လုပ် ဒုက္ခသစ္စာဖြစ်နေရောဗျာ။ သိမှုဒုက္ခသစ္စာအစစ်က သိမှုဆိုတာ ဒုက္ခပဲလို့ သိတယ်၊ သိမှုဆိုတာလည်း နာမ်ပဲ။ ဒီနာမ်သိမှုလေးက ဒုက္ခသစ္စာဖြစ်တော့ မလွတ်တော့ဘူး။

ဘာနဲ့ဥပမာတူသလဲဆိုတော့ ရှေ့ဆရာတော်တွေဟောတဲ့ ငါးဖမ်းတဲ့လူတယောက် အဲငါးဖမ်းတဲ့ဆောင်းထဲမှာ မိနေတဲ့ဟာကို ငါးမှတ်ပြီး ကိုင်ထားတာ… ကြည့်လိုက်မှ မြွေဟောက်ကြီးမှန်းသိတော့ ဒုက္ခဖြစ်သလို၊ ဟိုသိမှုလေးတွေ့တော့ ငါလွတ်ပြီဟေ့လို့ ဝမ်းမြောက်ဝမ်းသာနဲ့ ထိနေတဲ့အပေါ်မှာ သတိထားလိုက်တော့ သိနေတဲ့အပေါ်မှာ ဒုက္ခသစ္စာဖြစ်နေတာဟာ မြွေဟောက်ကြီးကိုင်မိသလိုဖြစ်နေပြီ။ ပထမတော့ ဆောင်းနဲ့အုပ်သလိုပေါ့ ဒီအသိလေးသိရင်တော့ သံသရာလွတ်ပြီဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာနဲ့ ကြားတဲ့အပေါ်မှာ သေချာ သတိထား မြင်တဲ့အပေါ်မှာသေသေချာချာ သတိထားတယ် ဒီအသိလေးကိုပဲ သတိထားတော့ သိတာက သဘာဝလည်းသိလိုက်ရော သိမှုဒုက္ခသစ္စာဖြစ်နေတယ်။ အဲ့နေရာမှာ မြင်မလို့လုပ် သိပြီးသား ကြားမလို့လုပ် သိပြီးသား နံမလို့လုပ်သိပြီးသား ထိမလို့လုပ်သိပြီးသား သိမှုဒုက္ခသစ္စာဖြစ်လိုက်တာ ဖန်းခနဲ ဖန်းခနဲ ဖဿပစ္စယာဝေဒနာဆိုတာ အဲ့ဒီဖဿ အသံက နားအကြည်ကို ဖဿ လာတိုက်တယ်၊ အဆင်းက မျက်စိအကြည်ကို ဖဿ လာတိုက်တယ်၊ အနံ့က နှာခေါင်းအကြည်ကို ဖဿ လာတိုက်တယ်၊ ဖဿလာတိုက်တာသိပ်ပြင်းတာပဲ လက်သီးနဲ့ထိုးသလိုပဲ ဒီသိမှုကြီးဟာ ဒုက္ခသစ္စာ အကြီးအကျယ်ဖြစ်နေခဲ့တယ်။

အော် ငါဒီတရားကျင့်မိတာမှားပြီ … ငါဒုက္ခတွေဖြစ်ပါတကော တရားအပေါ်မှာဖြစ်ပုံနော် ဘယ်ပြေးရမှန်းလည်းမသိ ဒီသိမှုနဲ့လွတ်တဲ့နေရာ တခုမှလည်းမရှိ၊ ခုနကပညတ်နိမိတ်ထဲ ပြန်ကြည့်လိုက်တယ်။ ဒီနတ်ရယ် ဗြဟ္မာရယ်လို့ ဖြစ်ပြန်ရင်လည်း ဒီသိမှုရှိရင် ဒုက္ခသစ္စာဖြစ်ပြန်ဦးမယ်၊ ဘယ်ရုပ်နာမ်ရရ ဘယ်သွားသွား ဒီသိမှုဟာ ဒုက္ခသစ္စာဖြစ်မယ်၊ ငါ ဒီသိမှုကြီးရလို့ ဒုက္ခသစ္စာဖြစ်တယ်ဆိုပြီး ကြောက်လာတယ်၊ သုံးလေးရက်ခံလိုက်ရတာ။ တရားက တရားသေကြီးနော်။ ဘုန်းဘုန်းတို့ ကျင့်လို့ခံရတာ။ ရုပ်တုန်းကလည်း ခံခဲ့ရ၊ အခုနာမ်ကျတော့လည်း ခံရ၊ အိပ်လည်း သိမှုကြီးနဲ့မအိပ်နိုင်ဘူး။ ခွေးဝဲစားကြီးလိုနေစရာမရဖြစ်နေတော့ ဒီရုပ်လည်းမလိုချင်တော့ဘူး ဒီသိမှုလည်းမလိုချင်တော့ဘူး၊ အဲ့ဒီတော့ ဒီသိမှုကြီးနဲ့ သေတာပဲကောင်းတော့တယ်။ဒီတခါတော့ ငါတကယ်သေမယ် ဟိုရုပ်တုန်းက မသေခဲ့ဘူး။ အခုနာမ်ကျမှ တကယ်သေရတော့မယ်လို့ မိန်းမလုပ်သူကို သွား ရန်ကုန်မြို့ထဲရုပ်ရှင် ၂ ပွဲသွားကြည့် ခလေးပါခေါ် လမ်းထဲက အဖေါ်ပါခေါ်သွားပါ။ ပြီးရင် သုံးဘီးနဲ့ပြန်လာခဲ့ဆိုတော့ သူလည်းဝမ်းသာပြီးထွက်သွားခဲ့တာ။ ဒီမှာက သူပြန်မလာခင် သေရတော့မှာကော။

သူလည်းထွက်သွားရော ဘယ်ပြောကောင်းမလဲ … တံခါးပိတ် ဘုရားရှိခိုး သီလယူ သရဏဂုံတင်တာပေါ့။ သေမှ သရဏဂုံ အပါးတစ်ထောင်နဲ့တင်လည်း ကိုယ်သိမှာမှမဟုတ်ပဲ။ မသေမှီ ကိုယ့်ဟာကိုယ်တင်တာပေါ့၊ ညောင်တုန်းက မိဘတွေလှမ်းကန်တော့ အပြစ်ကြီးအပြစ်ငယ်ရှိရင် ခွင့်လွှတ်ပါ၊ ကိုယ့်ရဲ့ဆရာသမားတွေ ၃၁ ဘုံမှာရှိတဲ့ ကိုယ့်ထက်ကြီးတဲ့သူတွေ ကန်တော့၊ ပရိကံယူပြီးတော့ ထိုင်တာပေါ့။ ဒီသိမှုဒုက္ခသစ္စာကြီးကို သိတော့ဟာဆိုပြီးတော့ လွှတ်ပေးလိုက်တယ်၊ ဘာပြောကောင်းမလဲ ဗြောင်းဆန်နေတာပေါ့။ ဘာနဲ့တူသလဲ ဆိုတော့ ဘိလိယက်ထိုးသလိုပေါ့ တလုံးထိလိုက်တာ အလုံးပေါင်းမြောက်များစွာထိထွက်သွားသလို၊ သိလိုက်တာ မွနေတာပဲ နံတာသိ ကြားတာသိ မြင်တာသိ သိလိုက်တာဆိုမှ တကိုယ်လုံးအပ်ချစရာမရှိအောင်သိလိုက်တာ၊ သိစမ်းဟာ လွှတ်လိုက်တာ ဒါဘုန်းဘုန်းအသေသတ်နေတာ သေချင်လည်းသေတော့ဟာဆိုပြီး ဒုက္ခသစ္စာကြီးလွှတ်ပေးလိုက်တာ၊ ဒီသိမှုဒုက္ခသစ္စာပေါ်ကနေ ဒီသိမှုတွေငါဘယ်ကရလာသလဲ … စာပေနယ်ထဲက ဝိသုဒ္ဓိနဲ့ဆိုရင် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိလို့ ခေါ်တယ်။ ဒီဒုက္ခသိမှုတွေကြားထဲကနေ သက်သက်ဉာဏ်တခု ခွဲထွက်သွားတာ၊ ဒါမိမိမဟုတ်ဘူးနော်။ ဝိပဿနာသာကျင့် ဝိပဿနာစိတ်၊ ဝိပဿနာဉာဏ်က အလိုလို သူ့ဟာသူသွားတယ်။

ဆန်ပြုပ်ကလေးသောက်တုန်း တသိပြီးတသိ သိမှုတွေရခဲ့သလို ဒီမှာလည်းသိမှုတွေ ဒုက္ခသစ္စာရနေတယ်။ မိမိအာရုံလေးကနေ ဒီသိမှုတွေ ဘယ်ကရသလဲလို့ရှာလိုက်တာ ဟိုမှာသိမှုတွေ တသိပြီးတသိကြားထဲမှာ တသိပြီးတသိချုပ်တဲ့ ချုပ်ရာ ချုပ်ရာကြားထဲကို အာရုံပြုမိလိုက်တာ ဟိုမှာချုပ်သလို ဒီမှာလည်းချုပ်နေတာ ကိုယ်မသိလိုက်ဘူး။ ချုပ်လိုက်တာ နာရီဝက်လောက်ကြာတယ်။

နောက်မှသတိရတယ်။ ဟယ် … ငါချုပ်နေပါလားလို့လည်းပြန်သိလိုက်ရော ဒီအသိဟာ စောစောကအသိထက် ဆယ်ပြန်မကသာတယ်၊ ဒုက္ခကိုဖိရိုက်သွားတာ စောစောကတော့ လက်ဝါးနဲ့ ရိုက်သလို အခုတော့ လက်သီးနဲ့ထိုးသလို မျက်စိပေါက်၊ နားပေါက်၊ ကိုယ်ပေါက်၊ နှာခေါင်းပေါက် မချိမဆန့်ခံစားနေရတယ်၊ အဲ့ဒီတော့မှ ဖြစ်ချင်ရာဖြစ်ရော့ဟယ်လို့ လွှတ်ပေးလိုက်တော့ ခုနကလို သိမှုချုပ်တဲ့နေရာလေး ချုပ်ရာ ချုပ်ရာလေးကို လှမ်းမျက်မှောက်ပြုမိပြန်တော့ လွတ်ပြန်ရော၊ ဒီတခါကျတော့ တနာရီလောက်ကြာတယ် လွတ်နေတယ်။

မသိဘူး နောက်မှ ဟယ် ငါလွတ်နေပါလားလို့ ပြန်သိလည်းသိလိုက်ရော့ ဒီတခါအသိကျတော့ဗျာ ဘယ်လောက်ကြောက်ဘွယ်ရာကောင်းလဲဆိုတော့ ဥပမာပြောတာနော်.. အင်မတန်ဗလတောင့်တောင့်လူကြီးတဦးဟာ ဒါးမြှောင်ကြီးကိုင်ပြီး စေ့စေ့ညက်ညက်ကျေအောင် ထိုးသတ်မလို့လာဘိသကဲ့သို့ ပြေးစရာမရှိတော့ဘူး။ သတ်ပါတော့လို့ လည်စင်းခံရတဲ့ ဥပမာလို.. တခါတည်းလာတော့တာပဲ။ သူလာတာကို သိနေတယ်။ ဒီကဘာကိုကာဗာယူရမှန်းမသိဘူး။ ဟိုရှောင်လို့မရ ဒီရှောင်လို့လည်းမရ ဒီသိမှုကိုနော် နောက်ပိတ်ဆုံးကျတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ ဘုန်းဘုန်း ဟိုသိပြီးချုပ်ရာနေရာလေးကို လှမ်းအာရုံပြုထားတယ် အဲ့ဒီမှာမသိတော့ဘူး။

မသိလည်းမသိရော့ ပြောင်ပြောင်ကြီး ပြန်အသိပေါ်တာမဟုတ်ပဲ လွတ်နေတယ်၊ သဘောပေါက်လာတယ်။ ဒါမဂ်ဝင်ခန်းလေးတွေနော် … မဂ်ဝင်တယ်ဆိုတာ ကိုယ်လုပ်ယူလို့မရဘူး။ ကြည့်စမ်း ခုနကလွတ်နေတာကို လွတ်တယ်လို့သွားသိချင်တာ သမုဒယသစ္စာပါလား … ဒီသိမှုပြန်ဖြစ် ပြန်သိလာတာ … ဒုက္ခသစ္စာပါလား၊ ဪ ဒါသမုဒယသစ္စာ … ဒါဒုက္ခသစ္စာပါလား သိသွားပြီ အကျိုးတရား အကြောင်းတရားပေါ်က သမုဒယနဲ့ ဒုက္ခတွေ့သွားပြီ၊ သစ္စာလေးချက် လက်တွေ့ရိုက်ပြတာ၊ ဒီတခါလွတ်ရင်တော့ဆိုပြီး လွတ်ပြီးသားကြီးကို မသိဘဲ ေယောင်ယမ်းလွှတ်နေတာ လွတ်အောင်လွှတ်နေတာ အဲ့ဒီနေရာမှာ အနောက်က ဒေါသရှိတော့ ဟေ့ဒီမှာကြည့်ဆိုသလိုပဲ အနောက်ကို ဒေါသဆီကို ပြန်ကြည့်လိုက်တာ ချုပ်သွားတော့ လွတ်သွားတော့တယ်၊ ဟယ် ဒါက လွတ်ပြီးသားကြီးကို လွတ်ချင်တာက သမုဒယသစ္စာ မလွတ်တာက ဒုက္ခသစ္စာ၊ ဟိုဘက်က လွတ်တာကို သိချင်တာက သမုဒယသစ္စာ၊ မလွတ်တော့ သိမှုပြန်ပေါ်လာတာက ဒုက္ခသစ္စာကတပိုင်း။ အကျိုးတရားပေါ်က ဒုက္ခ-သမုဒယတချက်၊ အကြောင်းတရားပေါ်က ဒုက္ခ-သမုဒယတချက်၊ နှစ်ဘက်လာတွေ့နေတယ်။ ဒါကြောင့်မို့ ယောဂီတို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးမှာ ၄ ချက်ပြထားတယ်။ ဒုက္ခ-သမုဒယ အကြောင်းပေါ်ကနှစ်ချက်၊ အကျိုးပေါ်ကနှစ်ချက် ပြလိမ့်မယ်။

အဲ့ဒီလို ဒုက္ခသမုဒယ၊ ဒုက္ခသမုဒယ နှစ်ခုတွေ့တော့မှ သူ့ဟာသူ ပင်ကိုယ်လွတ်နေတာကြီးကို လွတ်ချင်တော့ ဒီမှာဟေ့လို့ နောက်ပြန်လှည့်ပြလိုက်သလို ဘဝင်ကိုပြန်မြင်လိုက်တာ ဟင်းလင်းပြင်ကြီးဖြစ်သွားတယ်။ ဘာနဲ့တူသလည်းဆိုတော့ စောစောတုန်းက ဗဟိဒ္ဓပညတ်လိုမြင်သလို ဒါပေမယ့် အဲ့ကဟာက တမျိုး၊ အခုက ဒီကခန္ဓာကြီးပျောက်ပြီးတော့ မမြင်တော့ဘူး။ ဟင်းလင်းပြင်ကြီးဖြစ်သွားတယ်၊ အကုန်လုံးနော် တောမရှိ တောင်မရှိ ရေမရှိ မြေမရှိ သစ်တစ်ပင်ရှာမရ ပုဂ္ဂိုလ်သတ္တဝါတဦးမှမရှိ ဘာဘုံမှလည်းမရှိဘူး၊ သိမှုလေး အကြည်ဓါတ်ကလေးတော့ ရှိတယ် ကြည်နေတယ် စိတ်အကြည်လေးပေါ့။

အဲ့ဒီနေရာမှာ မေးတယ် … သညာကို ပညာကရှင်းတယ်။ ဒါဘာလည်းပေါ့.. ငါဘယ်ရောက်နေလဲ ဘာဖြစ်နေလဲ စဉ်းစားဆင်ခြင်လို့ရတယ်၊ ဘာလဲ လို့ဆင်ခြင်လိုက်တော့ သြကာသလောက လောက ၃ ပါးပွင့်လာပြီ။ ဓမ္မစက္ခုံ ပွင့်လာတာကော။ ဆရာသမားတွေကလည်း ဟောဘူးတယ် သြကာသလောကဆိုတာ သစ်ပင် တောတောင် ရေမြေသမုဒ္ဒရာ ဒါသြကာသလောကပဲ၊ အခုဘယ်မှာလဲ ဟင်းလင်းပြင်ကြီးထဲမှာ ဘယ်လိုလာပြီး သြကာသလောကဖြစ်နိုင်သလဲ ဟိုကသိခဲ့တာက ပညတ်ကော ဒီကပရမတ်ကနေပြနေပြီ ။

လောက (၃) ပါးပွင့်ပြီနော်… သောတာပန်တို့ရဲ့လောက (၃) ပါးလို့ ခါ်ပါတယ်။ ဘယ်မှာလဲ တောတောင်ကြည့်နေရင်းနဲ့ ကလာပ်အမှုံလေးတွေ စောစောတုန်းက တမှုံမှာတသိရှိခဲ့သလို အမှုံလေးတွေ နှင်းမှုံလေးတွေလို ပေါ်လာတယ်၊ အလင်းဓါတ်ကြီးနဲ့ တဖြည်းဖြည်းအမှုံလေးတွေပေါ်လာပြီးတော့ အာပေါဓါတ်က ရေဖြစ်သွားလိုက်၊ ဝါယောဓါတ်က ဟူးဟူးနဲ့ လေတိုက်တာတွေဖြစ်သွားလိုက်၊ ပထဝီဓါတ်က သစ်ပင်တောတောင်မြေကြီးတွေဖြစ်လာလိုက်၊ တေဇောဓါတ်က မီးတွေ ဟုန်းဟုန်းနဲ့တောက်လာလိုက် နေတွေထွက်လာလိုက်၊ ဘုန်းဘုန်းက အံ့သြနေတာ နောက်တခါ လူတွေ ခွေးတွေကြက်တွေလည်း တွေ့လာတယ်၊ လောကကြီးမှာ အကောင်ဗလောင်တွေ အကုန်လုံးတွေ့နေတယ်။

အဲ့ဒီတော့မှ ဒါက ဩကာသလောက။ ခုနကဘာမှမတွေ့ဘူး … အခုဘယ်လိုကြောင့်ပေါ်လာတာလဲ။အမှုံလေးတမှုံကနေ ပေါ်လာလိုက်တာကြည့်စမ်း၊ လောကကြီးအံ့သြစရာပါလား၊ ဒီအထဲမှာ လူတွေလည်းဒီလိုပဲ အမှုံလေးတွေကနေ ဖြစ်လာပြီးတော့ ဒါတွေဟာ သြကာသလောကတွေပါလားသိသွားပြီး စိတ်ထဲမှ သညာကို ပညာရှင်းလိုက်တော့ ရှင်းသွားတာပေါ့၊ အဲ့ဒီမှာဘုန်းဘုန်းရှင်းသွားတယ်။ ဟုတ်ပေသားပဲ ငါအတိတ်က သိခဲ့တဲ့ရုပ်က ဓါတ်ကြီးလေးပါးရုပ်တွေပဲ၊ အပြင်မှာလည်း သစ်ပင်တောတောင်ရေမြေသမုဒ္ဒရာ ဓါတ်ကြီးလေးပါးဆိုတော့ ဒီဓါတ်ကြီးလေးပါးရုပ်တွေက သြကာသလောကပါလား ဟုတ်ပေသားပဲလို့လည်း သိလိုက်ရော အကုန်အားလုံးပြန်ပျောက်သွားပြီး ဟင်းလင်းပြင်ကြီးပြန်ဖြစ်ကျန်နေခဲ့တယ်။

စိတ်ကပြန်မသင်္ကာပြန်ဘူး သတိရလာတယ်၊ ခုနက သြကာသလောကထဲ သစ်ပင်တောတောင်ရေမြေပဲရှိရမယ့်ဟာ ဘယ်လိုလုပ် လူတွေ ခွေးကြက်တွေပါနေရသလဲ ဒါသတ္တလောကပဲ ဘာလို့သြကာသလောကထဲပါရသလဲလို့ထပ်ဆင်ခြင်လိုက်တယ်၊ သတ္တလောကဆိုတာဘယ်လိုလဲ လူတွေခွေးကြက်တွေမတွေ့ဘူး သူကသြကာသလောကထဲပါသွားတယ်ဗျာ မတွေ့ဘူး၊ မဟုတ်သေးဘူး သြကာသလောက သတ္တလောကရှိတယ်လည်းပြောတယ် ဘယ်လိုကြောင့်မတွေ့တာလဲ နောက်ထပ်ဆင်ခြင်လိုက်ရော..၊

ဘာသွားတွေ့လဲဆိုတော့ အဝိဇ္ဇာကနေ ဝေဒနာထိရေကြည့်ပါတဲ့ … ဒါနော် မနောထဲကနေ လှမ်းပြီးအကြောင်းကြားလိုက်သလိုပဲ ဘုန်းဘုန်းက အတန်းကျောင်းကလာတာ ပဋိစ္စသမုပ္ပါဒ်တွေမသိပါဘူး၊ ဆရာတော်တွေဟောတာ မိဘတွေပြောတာကြားဘူးခဲ့တော့ သုတဝါအရိယာ သာဝကော… ကြားဘူးတာ ဒီမှာလာပေါ်တယ်ဗျာ၊ အဝိဇ္ဇာကနေ ဝေဒနာထိရေကြည့်ဆိုတော့ အဝိဇ္ဇာပြီးတော့ဘာလာသလဲဆိုတော့ ဘဝင်ကနေ ထပြောတယ်ဗျာ သင်္ခါရတဲ့၊ အော် အဝိဇ္ဇာပြီးတော့ သင်္ခါရတဲ့၊ ဘုန်းဘုန်းက မှတ်နေရတယ်။

သင်္ခါရပြီးတော့ ဝိညာဏ်တဲ့၊ ဝိညာဏ်ပြီးတော့ နာမ်ရုပ်တဲ့၊ ဟုတ်ပြီ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် ဒီမှာဘုန်းဘုန်းက ယောဂီတို့ကို ပြောရတာ ကြာတယ်။ ဟိုမှာခဏလေးနော်။ နာမ်ရုပ်ပြီးတော့ သဠာယတနတဲ့၊ ပြီးတော့ ဖဿ၊ ဖဿပြီးတော့ ဝေဒနာတဲ့၊ ဘုန်းဘုန်းက မှတ်ရတဲ့သူဆိုတော့ ထပ်ကာထပ်ကာ မှတ်နေရတာပေါ့။ ဟုတ်ပြီ ဝေဒနာပြီးတော့ မလာတော့ဘူး၊ ထပ်ပြီးတော့ ဝေဒနာပြီးတော့ မလာတော့ဘူးဗျ။ သုံးလေးခါမေးပြီး မလာတော့ ဉာဏ်က အဝိဇ္ဇာဆီပြန်လည်သွားတယ်။ ကဲ အဝိဇ္ဇာပြီးတော့ သင်္ခါရ၊ ပြီးတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ မှတ်မိသွားပြီကော…. ဝေဒနာပြီးတော့ ရပ်နေပြန်ရော။

ဘုန်းဘုန်းက သတ္တဝါရှာနေတာနော်။ ဒီပဋိစ္စသမုပ္ပါဒ်ကြီး လာပြီးတော့ပြနေတယ် မသိဘူး၊ မဟုတ်သေးပါဘူး။ ငါကသတ္တဝါရှာနေတာ ဘယ်လိုကြောင့်ဒီပဋိစ္စသမုပ္ပါဒ်ကြီးပြနေရတာလည်း ထပ်ဆိုပြန်တယ် အဝိဇ္ဇာ သင်္ခါရ………ဝေဒနာ၊ ဒါဆိုရင်းနဲ့ ဘုန်းဘုန်းက အတန်းကျောင်းမှာနေခဲ့တော့ သတ္တမတန်းကိုသွားသတိရတယ်၊ မဆီမဆိုင်နော် သတ္တမတန်းဆိုတော့ ၇ တန်းကျောင်းသားပေါ့။ ဒါဖြင့်ရင် သတ္တဝါဆိုတာ သတ္တဆိုတာ ခုနှစ်၊ ဝါ ဆိုတာ ရှိတာဖြစ်ရမယ်၊ ဒီ ၇ ချက်နဲ့နေတာဖြစ်ရမယ်ဆိုပြီး ပြန်ရေကြည့်ပြန်တယ်။ အဝိဇ္ဇာကနေ ဝေဒနာထိ.. ၇ ချက်ဆိုတော့ သတ္တဝါဆိုတာ ဝေဒနာတင်ရပ်ပြီး တဏှာမကူးဘူး။ ဒီတော့သတ္တဝါဆိုတာ ဝေဒနာတင်ရပ်ပြီး ချုပ်သွားတဲ့နေရာတခုပဲ၊ ဒီသိမှုလေးဟာ နားနဲ့အသံကြားလိုက်တာနဲ့ ဝေဒနာတင်ရပ်သွားတယ် တဏှာမကူးဘူး။ ဒီခံစားမှုလေးကို သတ္တဝါလို့ခေါ်တာ၊ ပဋိစ္စသမုပ္ပါဒ်မှာ ဒီခံစားမှုလေးကို သတ္တဝါခေါ်နေပါလား။ ဒါဆိုရင် ပုဂ္ဂိုလ်သတ္တဝါမှမရှိဘဲ… ဘုန်းဘုန်းသိသွားပြီ။ ဒါ ဘာလဲဆိုတော့ သိမှုလေးပေါ့ ၇ ချက်နဲ့နေတယ်။ ခံစားမှုလေးသိပြီးပျက်သွားတယ်။ ဒါ ခန္ဓာတွင်းက ပဋိစ္စသမုပ္ပါဒ်၊ အဲ့ဒီတော့မှ သတ္တဝါဆိုတာ အကောင်အထည်မှမဟုတ်ပဲဆိုတာ သိသွားခဲ့တာ။ ဒီအကောင်ကြီးရုပ်တရားက သြကာသလောကလို့ ခေါ်ပါလား… သိနေတဲ့အသိလေးဟာ သတ္တလောကခေါ်ပါလား… မြင်လိုက်တဲ့အပေါ်မှာ ခွေးရယ်လို့ သိလိုက်တာ ဒီအသိလေးပေါ်မှာ ဥပါဒါန်ရုပ်တွေ ဖြစ်နေပါလား… ကြားလိုက်တဲ့ နံလိုက်တဲ့အပေါ်မှာ ခံစားမှုလေးပေါ်ကနေ ဥပါဒါန်ရုပ်တွေ ခွေးပဲ ကြက်ပဲ မိန်းမ ယောင်္ကျားပဲ ဒီခံစားမှုပေါ်လေးကနေ တဏှာကူးနေပါလား၊ ခံစားတာ ဝေဒနာတင်ရပ်လိုက်ရင် ခွေးသံ ကြက်သံမပါ ပါလား၊ ခံစားပြီးပျက်တယ်လို့ သိလိုက်ရင် တဏှာမကူးပါလား၊ အဲ့ဒီတော့မှ ခန္ဓာရဲ့ပဋိစ္စသမုပ္ပါဒ်ကို နာမ်ပေါ်ကနေ လည်ကြောင်းတွေအကုန်တွေ့လာတော့တယ်၊ ဒါသတ္တလောကပါလားသိသွားပြီ သဘောကျသွားပြီ။

သြကာသလောကလည်းတွေ့ပြီ … သတ္တလောကလည်းတွေ့ပြီ၊ သင်္ခါရလောကဆိုတာ ဘယ်သူတုန်းဟေ့လို့ လှည့်ကြည့်လိုက်တော့ သြကာသလောကဆိုလည်း ပြိုပျက်ပြီးတော့ တဖွါးဖွါး တရွရွ တမွမွ တရိပ်ရိပ် ကလာပ်အမှုံလေးတွေဟာ သူ့သဘောသူဆောင်ပြီး ပြောင်းလဲနေတာက သင်္ခါရ။ သူ့အလုပ်သူလုပ်နေတယ်၊ သူ့သဘာဝရုပ်သင်္ခါရဖြစ်သလို နာမ်ဆိုတဲ့သိမှုလေးကလည်း လိုက်သိတဲ့အပေါ်မှာပျက်နေတယ်။ ရုပ်ပျက်ရင်နာမ်ပျက်တယ်၊ ကြားတာလေးသိရင် ကြားသိလေးပျက်တယ်၊ မြင်တာလေးသိရင် မြင်သိလေးပျက်တယ်၊ နံတာလေးသိရင် နံသိလေးပျက်တယ်၊ ရုပ်နဲ့နာမ် တတွဲတည်းဖြစ် တတွဲတည်းပျက်။ သူ့သင်္ခါရနဲ့သူ ပြောင်းလွဲပြီးတော့ ပြောင်းလဲသမျှ ဝေဒနာနဲ့ပဲရပ်နေကြပါလား၊ ဒီလိုသိသွားတော့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကရယ်လို့ အတွင်းလောက (၃) ပါးပါ မြင်သွားတော့တယ်။

အဲ့ဒီတော့မှဆင်ခြင်ပြီ … ငါ၏ခန္ဓကိုယ်ဟာ အတွင်းလောက သြကာသလောကကြီးပါလား … ခွေးပဲ ဝက်ပဲ ကြက်ပဲ ထွက်သိတာက သတ္တလောကပါလား။ ဒီသြကာသလောက မျက်စိကနေ နှာခေါင်း၊ နား၊ ပါးစပ်၊ ကိုယ် စသည်တို့ ပြောင်းလွဲနေတဲ့သဘောက သင်္ခါရလောကပါလား၊ ရုပ်ကလည်းပဲ ပြောင်းလဲပြီးတော့ ငယ်ရာကနေကြီးလာပြီး ခြောက်ပေခေါင်းကိုသွားမယ့် အစဉ်ပြောင်းလဲနေတာကလည်း ရုပ်၏သင်္ခါရလောကပါလား၊ နာမ်ကလည်း အစဉ်လိုက်ပြီး မျက်စိကနေ နှာခေါင်း ပြောင်းလွဲပြီးသိနေတာကလည်း နာမ်သင်္ခါရလောကပါလားရယ်လို့ အတွင်းလောက (၃) ပါး သိသွားခဲ့တယ်။

အပြင်လောကသုံးပါးကတော့ သစ်ပင်တောတောင်ရေမြေ သမုဒ္ဒရာက သြကာသလောက၊ အခု ယောင်္ကျား၊ မိန်းမ၊ ခွေးကြက်ငှက်တွေက သတ္တလောက၊ သစ်ပင်တောတောင်တွေလည်း ပျက်စီးမီးလောင်လို့ကုန် လူတွေလည်း အိုမင်းလာလို့သေ အဲ့ဒါတွေက သင်္ခါရလောကပါလားရယ်လို့ အပြင်လောကသုံးပါး အတွင်းလောကသုံးပါး သိခဲ့ပါတယ်။ အဲ့ဒီနေရာမှာတင်ပဲ ဘုန်းဘုန်းတို့လည်း စိတ်တွေပြောင်းသွားတယ်။ သောတာပန်ဆိုတာ သူများသွားမမေးနဲ့ ဒကာဒကာမတို့ … မိမိမွေးလာကတည်းကစိတ်တွေ အားလုံးပြောင်းပြီးတော့ ဒီမှာတင်ပဲဒီရုပ်နဲ့ စိတ်သစ်ကြီးဖြစ်သွားတယ်။

စိတ်သစ်ကြီးနဲ့နေရတယ်။ အသစ်စက်စက်ကြီးပေါ့ဗျာ၊ ပညတ်တွေချုပ်ပြီးတော့ လောကမှာနေရတာ အင်မတန်ပျော်တယ်။ သားတွေ မိန်းမတွေနဲ့လည်းပျော်တာပဲ၊ လောကထဲက မထွက်ရပါဘူး။ တရားတွေအားထုတ်လို့ အိုးတွေအိမ်တွေ မစွန့်ရပါဘူး။ အဲ့ဒီလောက်ရောက်ရင် ရှေ့လမ်းလည်းမြင်ပြီ ဆက်တက်ချင်တက် မတက်ပဲ ဒီအတိုင်းနေလည်း ရပါတယ်။ ဘုန်းဘုန်းတို့ကတော့ သဲအင်းဂူဆရာတော်နဲ့ ရှေ့နင်းတက်သွားတာပေါ့။ လိုချင်ခဲ့တာကိုး။ ဒီနေရာတောင် ဒီလောက်ငြိမ်းချမ်းရင် ရှေ့ဘယ်လောက်ကောင်းမလဲလို့ မက်လုံးတွေနဲ့ ဘုန်းဘုန်း ဆက်လိုက်သွားတာပေါ့… ယောဂီတို့။ ဒါကတော့ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့ကျင့်စဉ်ထဲက အပြင်လောက (၃) ပါး၊ အတွင်းလောက (၃) ပါး အကျဉ်းတရားလေးပေါ့။

အားလုံးသောဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အား ယခုဘဝမှာပင်လျင် တရားထူးများရနိုင်ကြပါစေကြောင်း ဆုတောင်းလျက်….။

Source: (မူရင်း) ကိုသန်းလှိုင်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။