ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှ လှိုက်လှဲစွာကြိုဆိုပါ၏။

ဓမ္မမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

ဆရာတော်၏အမှာစကား

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ၏ အမှာစကား

အို၊ နာ၊ သေရေး ဒုက္ခဘေးတွေမှ လွတ်မြောက်ရန်အတွက် ဒီတရားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ဘေးတွေက လွတ်မြောက်တယ်လို့ ဗုဒ္ဓမြတ်စွာဘုရားက သတိပဋ္ဌာန်တရားလေးပါး၊ သမ္မပ္ပဓာန် လေးပါး၊ ဣဒ္ဓိပါဒ် လေးပါး၊ ဣန္ဒြေ ငါးပါး၊ ဗိုလ် ငါးပါး၊ ဗောဇ္ဈင် ခုနှစ်ပါး၊ မဂ္ဂင် ရှစ်ပါး ဆိုတဲ့ ဗောဓိပက္ခိယ (၃၇) ပါး တရားတော်တွေမှာ မိန့်ထားခဲ့ပါတယ်။ ဒီလမ်းကို တစိုက်မတ်မတ် လျှောက်မယ်ဆိုရင် အို၊ နာ၊ သေ ရေး ဒုက္ခဘေးက လွတ်ပါတယ်။ အို၊ နာ၊ သေ ဘေးက မလွတ်ခဲ့ရင်တောင်မှ အပယ်လွတ်ရင် တော်ပါပြီ … ရင်းစားပြန်ရတယ်။ ရင်းစရာပြန်ရမှ၊ ရင်းစရာရှိမှ ရင်းစားရမှာ။ ရင်းစရာပြန်မရခဲ့ရင်တော့ အရင်းဆုံးလိမ့်မယ်။ အထင်တလုံးနဲ့ဆိုရင်တော့ ကိုယ့်ရှိတဲ့ အရင်းကလေးတောင် ဆုံးသွားလိမ့်မယ်။ ထင်မနေကြပါနဲ့ … ဥပါဒါန် အထင်ပုံကြီး။ အဲဒီအထင်ရှိသမျှ … အရင်းကတော့ဆုံးမှာပဲ။ အဲဒီတော့ ရင်းစရာရှိတုန်းမှာ ရင်းမှ ရင်းစားပြန်ရမှာ။

ဒါကြောင့် ယောဂီတွေ မိမိတို့ရဲ့ ဒီရုပ်ခန္ဓာကြီးကို ပြန်ကြည့်လိုက်ကြပါ။ ဘယ်နေရာတကွက်များ ကောင်းတာတွေ့ဘူးကြသလဲ။ တယောက်မှ တွေ့မှာမဟုတ်ဘူးနော်။ ဒီရုပ်ခန္ဓာကြီးဟာ ဒုက္ခတွေ ဗလပွနဲ့ ဒုက္ခသစ္စာကြီး။ အဲဒါကို … ငါကောင်၊ သူကောင်၊ ယောက်ျားကောင်၊ မိန်းမကောင် … မထင်နဲ့။ ဒီရုပ်ကြီးမှာ အလိုတွေမပြည့်သမျှတော့ ဒုဗ္ဘိက္ခန္တရကပ်လဲ ရှိနေတယ်။ ဒီရုပ်ကြီးမှာ ရောဂါတွေကလဲ အမြဲထူပြောနေတယ်။ ရောဂါတွေ အမျိုးမျိုး၊ ဝေဒနာတွေ အမျိုးမျိုးနဲ့ … စားရတာလဲ ဝေဒနာ၊ သောက်ရတာလဲ ဝေဒနာ၊ အိပ်ရတာလဲ ဝေဒနာ။ ဒီဝေဒနာတွေကို ဉာဏ်ကနေ မမြင်သေးလို့ပါ။ မြင်ရင် ကြောက်စရာသိပ်ကောင်းတယ်။ ဒါကြောင့်မို့ ဝေဒနာသတိပဋ္ဌာန်မှာ … မြင်တာ ဝေဒနာ၊ ကြားတာ ဝေဒနာ၊ စားတာ ဝေဒနာ၊ သွားတာ ဝေဒနာ၊ နံတာ ဝေဒနာ၊ အိပ်တာ ဝေဒနာ၊ ယိုတာ ဝေဒနာ၊ ပေါက်တာ ဝေဒနာ၊ သောက်တာ ဝေဒနာ … စသဖြင့် အဲဒီဝေဒနာတလုံးနဲ့ မဂ်စိတ်တည်သွားရင်၊ အဲဒီဝေဒနာကို ကြည့်လိုက်တော့မှ ဒီခန္ဓာကြီးဟာ ဝေဒနာတုံး၊ ဝေဒနာခဲ၊ ဒုက္ခသစ္စာကြီးအမှန် ဖြစ်နေတာကြီးကိုတွေ့တော့မှ၊ ကိုယ့်ကိုကိုယ် ကြောက်မက်ဖွယ်ရာ ရုပ်ကြီးအနေနဲ့ မြင်လာတာ။ အဲဒီလိုမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီရုပ်ကြီးဟာ၊ မိန်းမ ယောက်ျားဆိုတာ ပျောက်ပြီး ဒီရုပ်အပေါ်မှာ ငါ့ရုပ်၊ ငါ့ကိုယ်လို့ တွယ်တာ၊ သာယာနေတဲ့ မာနစိတ်ကလေးဟာလည်း တခါတည်းကို ခွေးသေကောင်ပုပ်ကြီး လည်ပင်းမှာ ဆွဲထားလိုက်သလို၊ ဒီရုပ်ကြီးနဲ့ သွားရတာ ဝေဒနာ၊ စားရတာ ဝေဒနာ၊ အိပ်ရတာ ဝေဒနာ … ဝေဒနာတုံး၊ ဝေဒနာခဲကြီး၊ ဒုက္ခသစ္စာကြီးကို မြင်နေရပါတယ်။ ဘုန်းဘုန်းတို့ အဲဒီလိုကို ဖြစ်ခဲ့ရတာ။ ယောဂီတိုင်း ဒီအတိုင်းဖြစ်ရမယ်။ အဲဒီတော့မှ ဒီရုပ်ကြီးပေါ်မှာ မလိုချင်တော့မှာ။ မဟုတ်ရင် ဒီရုပ်ကြီးကို လိုချင်နေကြအုံးမှာ။

တရားဆိုတာ တကယ်ရှိတဲ့တရား၊ အရှိတရားတွေပေါ့။ ခန္ခာငါးပါး တစ်ကယ်ရှိတယ်။ ဓာတ်ကြီးလေးပါး တကယ်ရှိတယ်။ ဒါပေမယ့် ဘာတွေအနေနဲ့ရှိသလဲ … မမြဲတာတွေအနေနဲ့ ရှိတယ်။ ဆင်းရဲတဲ့ ဒုက္ခအနေနဲ့လဲ ရှိတယ်။ သူ့ရဲ့ သဘာ၀ သူသဘောသူဆောင်နေတဲ့ အနတ္တဆိုတဲ့ သဘောတွေပဲ ရှိတယ်။ ဒါတွေက တကယ်ရှိတဲ့ အရှိတရားတွေပေါ့။ အမှန်တကယ်ရှိတဲ့ ပရမတ် အရှိတရားတွေကို အမှန်တကယ်မရှိတဲ့ ပညတ်တရားတွေက လာပြီး အုပ်ထားလိုက်တော့ ယောဂီတွေ အကုန်လုံး မျက်စိလည်ကြတာပေါ့။ ဒါကြောင့်မို့ ယောဂီတွေက တရားက ကြာတယ် ကြာတယ်လို့ ပြောနေကြတာ … ကြာကြမှာပေါ့ … သမာဒိဋ္ဌိဉာဏ်ဆိုတဲ့ အမှန်ကိုမြင်တတ်တဲ့ ဉာဏ်မှမရှိကြတာကိုး။ အမှန်ကို မြင်တတ်တဲ့ဉာဏ်ရဖို့ အယူအဆက သိပ်အရေးကြီးပါတယ်။ ဘာအယူအဆတွေလဲဆိုတော့ … ကျင့်ပုံ၊ ကျင့်ကွက်၊ ကျင့်နည်း၊ ကျင့်ဟန်တွေက သိပ်အရေးကြီးလာတယ်။ အဲဒီ ကျင့်ပုံ၊ ကျင့်ကွက်၊ ကျင့်နည်း၊ ကျင့်ဟန်တွေရဲ့ အယူအဆ သဘောမပေါက်ရင် ဒီအရှိတရားတွေကို သိဖို့ သိပ်ကြာပါလိမ့်မယ် ယောဂီတို့။

ယောဂီတို့မှာ တရားထိုင်တဲ့ အလေ့အကျင့်တွေ ရှိတာလဲ ကြာလှပြီ။ ရုပ်ကြမ်း၊ နာမ်ကြမ်းဆိုတဲ့ ဝေဒနာကြမ်းတွေအပေါ်မှာလည်း သည်းခံနိုင်တဲ့ သမာဓိလဲ ရထားပြီးပြီ။ အပြင်ကို ပြန့်လွင့်တဲ့ စိတ်တွေလည်း မရှိတော့ဘူး။ အဲဒီတော့ ရုပ်အပေါ်မှာ သည်းခံနိုင်တဲ့ သမာဓိတွေလည်း ရလာပြီဆိုတော့ သမာဒိဋ္ဌိဉာဏ်ဆိုတဲ့ အမှန်ကိုမြင်အောင် ကြည့်တတ်တဲ့ဉာဏ် လိုအပ်လာတယ်။ အဲဒီဉာဏ်ဟာ အရေးကြီးတယ်။ အခု တရားထိုင်ကြတဲ့ ယောဂီတွေအားလုံး ရာဂ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဆိုတဲ့ ဆယ့်တစ်ပါးမီးတွေ တောက်လောင်တာတွေကို ငြိမ်းစေအောင် အိုခြင်း၊ နာခြင်း၊ သေခြင်းတွေက လွတ်ကင်းအောင်၊ အကယ်၍ နိဗ္ဗာန်ကို တိုက်ရိုက် မသွားနိုင်တာတောင်မှ အပါယ်တံခါးပိတ်ဖို့ လာကျင့်ကြတာပဲ။ ဒီတရားတွေက သိရင်လွယ်ပါတယ်။

အခုတရားအားထုတ်နေတာ အနည်းဆုံး နှစ်ဆယ်တွေ၊ သုံးဆယ်တွေ၊ လေးဆယ်ကျော်တွေ၊ ငါးဆယ်ကျော်တွေ၊ ခုနစ်ဆယ်ကျော်တွေကနေ ရှစ်ဆယ်သုံးနှစ်အထိ ရှိတယ်။ အရွယ်အစားအမျိုးမျိုးပေါ့လေ။ ယောဂီတို့ ဒီအသက်အရွယ်အထိမှာ သိလာခဲ့တဲ့ အသိတွေကြောင့် ဆယ့်တစ်ပါးမီးတွေ တောက်လောင်ရတယ်။ ဒီအသိတွေရှိသမျှ ငါတို့တော့ ဒုက္ခပဲ။ ဘယ်တော့မှ အပါယ်နဲ့ ငါမလွတ်ပါလား။ အမှန်ကို ငါမသိရင်တော့ အပါယ်မလွတ်ပါလား။ အပါယ်လွတ်တာမလွတ်တာ လောလောဆယ်မှာ အသာထား။ ဆယ့်တစ်ပါးမီးတွေ တောက်လောင်နေရတာတွေ ငြိမ်းအေးအောင် စိတ်ကလေး ချမ်းသာအောင်လို့ တရားလာအားထုတ်ကြတယ်။ လောကီ သမုတိသစ္စာနယ်က သိလာတဲ့ အသိတွေကို ဖယ်ချင်လို့ တရားလာအားထုတ်ကြတော့ ကြိုးကြိုးစားစားနဲ့ ခန္ဓာမှာဉာဏ်စိုက်ပြီး အားထုတ်ကြပါ။

လူ့ဘဝကို ရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ ဒါကြောင့်မို့ “မနုဿတ္တ ဘာဝဒုလ္လဘ” ဆိုတဲ့ လူ့ဘဝကို ရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါကြောင်း မြတ်စွာဘုရားက ဟောကြားထားခဲ့ပါတယ်။ လူ့ဘဝရပြန်တော့ အင်မတန်ကံကောင်းကြလို့ အခုလို သာသနာတွင်းနဲ့တွေ့ ကြုံရတယ်။ ကာလဝိမုတ္တိယုဂခေတ် အနတ္တ သာသနာ တစ်ပတ်ပြန်လည်လာတုန်း၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်တွေကို ဟောကြားပြသပေးနိုင်တဲ့ ဆရာသမားကောင်းတွေနဲ့ ကြုံကြိုက်တုန်း၊ ဒီရုပ်ခန္ဓာကို ညှာမနေတော့ပဲ သောတာပန်တွေ၊ သကဒါဂါမ်တွေ၊ အနာဂါမ်တွေ၊ ရဟန္တာတွေဖြစ်တဲ့အထိ နိဗ္ဗာန်စခန်းသို့ ရောက်နိုင်အောင် မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်ကြပါ ယောဂီတို့။

ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
ရွှေတံခါးအပိုင်း(၂) ပြည်မြို့။

Loading