ဓမ္မစာပေတိုများ
၁၅။ တစ်ကျိပ်နှစ်ပါးသောနတ် • ကိုယ်စောင့်နတ် (၁၂) ပါး (Oct 25, 2018)(Oct 25, 2018)
လူတွေမှာ တစ်ကျိပ်နှစ်ပါးသောနတ် စောင့်ရှောက်တယ်ပြောကြတယ်။ တစ်ကျိပ်နှစ်ပါးဆိုတာ ဆယ်နှစ်ပါးပေါ့။ နတ် ၁၂ ပါးစောင့်ရှောက်တယ်လို့ ပြောကြတာပေါ့။
ကောင်းတာလုပ်ရင် ကောင်းတဲ့နတ် စောင့်ရှောက်တယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့နတ် စောင့်ရှောက်တယ်လို့ ပြောကြတယ်။ ဒါမှန်တာပဲ။ ယောဂီတို့ကတော့ မသိနိုင်ဘူးပေါ့။ ယောဂီတို့က နတ်တွေစောင့်ရှောက်တယ်လို့ပြောလိုက်တာနဲ့ အပြင်က အချွန်အတက်တွေနဲ့ နတ်တွေကို ပြောတယ်လို့ထင်လိုက်ကြမှာပဲ။
ဘုန်းဘုန်းတို့ ဒီအကျင့်ပိုင်းရောက်လာကျတော့မှပဲ နတ် ၁၂ ပါးစောင့်ရှောက်တယ်ဆိုတာ သိလာခဲ့တယ်။
၁။ မျက်စိနဲ့အဆင်းတိုက်လို့ မြင်လိုက်တဲ့အပေါ်မှာ အကောင်းမြင်စိတ် ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၂။ မျက်စိနဲ့အဆင်းတိုက်လို့ မြင်လိုက်တဲ့အပေါ်မှာ မကောင်းမြင်စိတ် အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၃။ နားနဲ့အသံဓာတ်တိုက်လို့ ကြားလိုက်တဲ့အသံအပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၄။ နားနဲ့အသံဓာတ်တိုက်လို့ ကြားလိုက်တဲ့အသံအပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၅။ နှားခေါင်းနဲ့အနံ့ဓာတ်တိုက်လို့ ရလိုက်တဲ့အနံ့ပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၆။ နှားခေါင်းနဲ့အနံ့ဓာတ်တိုက်လို့ ရလိုက်တဲ့အနံ့ပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၇။ လျှာနဲ့ရသာဓာတ်တိုက်လို့ ရသာအပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၈။ လျှာနဲ့ရသာဓာတ်တိုက်လို့ ရသာအပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၉။ ကိုယ်နဲ့အတွေ့တိုက်လို့ အတွေ့ပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၁၀။ ကိုယ်နဲ့အတွေ့တိုက်လို့ အတွေ့ပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၁၁။ အတွေးနဲ့ဓမ္မတိုက်လို့ ဓမ္မပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
၁၂။ အတွေးနဲ့ဓမ္မတိုက်လို့ ဓမ္မပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။
အာရုံ ၅ အာရုံ ၆ နဲ့ တိုက်တိုင်းတိုက်တိုင်း ကောင်းတဲ့စိတ်ဖြစ်ရင် ကောင်းတဲ့နတ် စောင့်ရှောက်ပါတယ်။ မကောင်းတဲ့စိတ်ဖြစ်ရင် မကောင်းတဲ့နတ်စောင့်ရှောက်ပါတယ်။ ကောင်းတဲ့နတ် ၆ ပါး၊ မကောင်းတဲ့နတ် ၆ ပါး၊ နတ် ၁၂ ပါးစောင့်ရှောက်ပါတယ်။
ကုသိုလ်စိတ်ဖြစ်လို့ ကောင်းတဲ့ကုသိုလ်ကံ အကျိုးပေးခြင်းဟာ ကောင်းတဲ့နတ် စောင့်ရှောက်တာပေါ့။
အကုသိုလ်စိတ်ဖြစ်လို့ မကောင်းတဲ့အကုသိုလ်ကံအကျိုးပေးခြင်းဟာ မကောင်းတဲ့နတ် စောင့်ရှောက်တာပေါ့ ယောဂီတို့။
ယောဂီတို့ရဲ့ ကုသိုလ်စိတ်၊ အကုသိုလ်တို့စိတ်တို့ဟာ အရိပ်လိုပဲ ယောဂီနောက်မှာ အမြဲကပ်ပါနေပါတယ်။
ကိုယ့်ခံခွက်က အရေးကြီးတယ်။ ကိုယ့်ခံခွက်ကသာ ကောင်းနေရင် သူများမကောင်းပြောလည်း ကိုယ့်မှာကောင်းနေတာပဲ။ ကိုယ့်ဆဲလည်း ကောင်းနေတာပဲ။ လာရိုက်လည်း ကောင်းနေတာပဲ။ ကိုယ့်ကို ကောင်းတဲ့နတ်စောင့်ရှောက်စေချင်ရင် “ယောနိသော မနသိကာရ” ဆိုတဲ့ နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ်၊ ခံခွက်ကောင်းဖို့ အရေးကြီးပါတယ် ယောဂီတို့။
ကိုယ့်ခံခွက်ကသာ မကောင်းလို့ကတော့ ဘာမှလုပ်စရာမလိုဘူး၊ သူများက လေသံလေးနဲ့ နဲနဲလေးပြောလိုက်တာနဲ့ ကိုယ့်စိတ်မှာ တစ်ခါတည်းဆတ်ဆတ်ကို တုန်နေတော့တာပဲ၊ ဒါကြောင့် ခံခွက်ကောင်းဖို့အရေးကြီးပါတယ် ယောဂီတို့။
ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
vizawdaya.myanmar-seo.com
၁၄။ ဦးချစ်စံ နှင့် ဒေါ်နှင်းဥ ဥပမာပေးတရားတော် (Oct 23, 2018)
ဘုန်းဘုန်းတို့ ငယ်စဉ်တုန်းက ဘုန်းဘုန်းရဲ့ဇာတိ ညောင်တုန်းမြို့မှာ ဦးချစ်စံနဲ့ ဒေါ်နှင်းဥ ဆိုတဲ့ လင်မယားနှစ်ယောက်ရှိသတဲ့.. တခါကျတော့ လင်းမယားနှစ်ယောက်ရန်ဖြစ်ကြတဲ့အခါ ဘုန်းဘုန်းတို့က ခလေးတွေဆိုတော့ ဗံဒါသီးကောက်ရင်း ကြည့်နေကြတာ။
ဦးချစ်စံကအပြင်က ဒေါ်နှင်းဥက အထဲခန်းက အပြန်အလှန်စကားများရန်ဖြစ်နေကြတယ်။ ခဏနေ ဒေါ်နှင်းဥက ငရုပ်ကျည်ပွေ့ကိုင်ထွက်လာတော့ ဦးချစ်စံကြီး ထ ရပ်ပြီး ပုဆိုးတိုတိုပြင်ဝတ်လိုက်တယ်.. ဒီတခါတော့ ပွဲကြီးပွဲကောင်းမြင်ရတော့မယ်မှတ်ပြီး ဘုန်းဘုန်းတို့ ခလေးတွေလည်း ရင်တထိတ်ထိတ်နဲ့ အားပေးမလို့ ချောင်းကြည့်နေခဲ့ကြတာပေါ့။
ဦးချစ်စံကြီးက ဒေါ်နှင်းဥ မင်းပြောတာ မရပ်သေးဘူးလား ငါရိုက်တော့မယ်နော် စသဖြင့်၊ ဒေါ်နှင်းဥကလည်း ဦးချစ်စံရှင်သတ္တိရှိရင်လာခဲ့ဆိုပြီး အပြန်အလှန်ပြောဆိုနေကြတုန်း ဦးချစ်စံကြီးက အိမ်ရှေ့ဆင်းလာပြီး ထမ်းပိုးသွားယူတာပေါ့။ ဘုန်းဘုန်းတို့ခလေးတွေက ဟာ..ဦးချစ်စံကြီး ထမ်းပိုးနဲ့ ဒေါ်နှင်းဥကို ရိုက်တော့မယ်ပေါ့လို့ ထင်ခဲ့တာပေါ့။ ဒါနဲ့ ဦးချစ်စံက ဒေါ်နှင်းဥကို မရိုက်ဘဲ ဗံဒါပင်ချည်ထားတဲ့ နွားမကြီး ရိုက်ပါလေရော့.. ဒီလောက်ပြောနေတဲ့မိန်းမဆိုပြီး ဗံဒါပင်မှာချည်ထားတဲ့ နွားမကို ဒေါ်နှင်းဥအမှတ်နဲ့ရိုက်နေတာပေါ့။ ဒေါ်နှင်းဥကလည်း အိမ်ပေါ်က စွေ့စွေ့ခုန်ပြီး ဦးချစ်စံ ရှင်တကယ်ရိုက်ချင်ရင် ကျမလာရိုက် နွားမကြီးသွားမရိုက်နဲ့ အော်.. ဦးချစ်စံကလည်း ဟဲ့ ဒီကောင်မ နင်ပြောပြန်ပြီလားဟေ့ လာစမ်း ဘုံး… နွားမကြီးကျောထမ်းပိုးနဲ့ချ ပွဲကြီးပွဲကောင်းဖြစ်ရော့တဲ့..
ဒေါ်နှင်းဥက ဝဝ ကြီး ဦးချစ်စံဆိုတာက ခါးသေးသေးနဲ့ ပိန်သေးသေး.. ဦးချစ်စံက သူ့မိန်းမကို မလုပ်ရဲတော့ ဗံဒါပင်က နွားမကြီးက ကြားကနေ ခံရရှာတယ်သတဲ့.. နောက်ဆို ဦးချစ်စံတို့လင်မယားရန်ဖြစ်ရင် နွားမကြီးက လန့်နေပြီ အုတ်နီခဲနဲ့ ဝုန်းခနဲသွားပြစ်လိုက်ရင် နွားမကြီးက အစာစားနေရင်းက ခေါင်းထောင်ထောင်ကြည့်သတဲ့။ ဒီတခါလည်း အရိုက်ခံရတော့မလားပေါ့.. တကယ်တော့ ဆရာတော်က အကြောင်းသတ် အကျိုးသတ် ဥပမာပေးထားတာပါ…။
ဒီဇာတ်လမ်းက ယောဂီတွေ ဝေဒနာရှု့နေတာနဲ့ တူပါတယ်။ ယောဂီတို့အခုထိုင် နေတဲ့ ရုပ်ဟာ ဓာတ်ကြီးလေးပါးရုပ် သူက တင်းမယ် တောင့်မယ် ကိုက်မယ် ခဲမယ် ပူမယ် အေးမယ်နဲ့ အမြဲဖောက်ပြန်နေတဲ့ အကျိုးတရား ရုပ်ကြီး။ တင်းတာ တောင့်တာလည်း ပေါ်လာရော စိတ် က လေးက ကိုယ်ထားတဲ့ အာနာပါနနှသီးဖျားနေရာမှာ နေသလား မနေပါဘူး သွားညွတ်တာပဲ။ သွားညွှတ်တော့ မခံစားချင်တာ မခံစားရဘူးလား … ခံစားရတယ်နော်။ အဲဒီမခံစားချင်တာကို ပြန်လှည့်ရှုရမှာ ယောဂီတို့။ ယောဂီတို့က အဲဒီမခံစားချင်တဲ့စိတ်ကို ပြန်လှည့်မရှု့ဘဲ ဒီတင်းတာ တောင့်တာကိုပဲ မဲရှု့နေကြတယ်။ နာမ်က မခံစားချင်တာကို ခံစားနေရတယ်။ အဲဒီခံစားတဲ့သဘော ဝေဒနာကို ရှု့ရမှာ။
ဒီခံစားတတ်တဲ့ သဘောကလည်း တင်းတယ် တောင့်တယ်ဆိုတဲ့တရား ထင်ရှားမှ ဒီစိတ်က ပေါ်မှာ။ တင်းတယ် တောင့်တယ်က ရုပ်တရား၊ သွားခံစားတာက နာမ်တရား။ တင်းတာ တောင့်တာကြီးကိုပဲ လွတ်အောင် ကြံနေကြတယ်။ လွတ်အောင် ကြံနေတာက လွတ်ချင်တဲ့အလို လောဘ။ ပေထား ကပ်ထားတာက မခံစားချင်လို ၊ မခံစားနိုင်တာက ဒေါသ။ အဲဒီ လောဘစိတ်၊ ဒေါသစိတ်တွေကို ပြန် ရှု့ရမှာ။ မခံစားချင်တာက ငါဖြစ်နေကြတယ်။ ဟိုမှာ တင်းတာက သူ့ဟာသူ အသာလေး တင်းပြနေတယ် တောင့်ပြနေတယ်။ ကိုယ့်မှာ မခံနိုင်တာကြီးက ကြီးစိုးနေတာ။
တင်းတာ တောင့်တာကြီးကို ရှု့ရမှာ မဟုတ်ဘူးနော်။ မခံစားချင်တဲ့စိတ်၊လွတ်အောင်ကြံတဲ့စိတ်၊ ဟိုကြံ ဒီကြံ ကြံတဲ့စိတ်၊ ဟိုကပ် ဒီကပ် ကပ်တဲ့စိတ်… အဲဒီစိတ်တွေကို ရှုရမှာ။ အဲဒီစိတ်က ငါဖြစ်နေကြတယ်။ “ငါ” လေး တစ်လုံးက ကွယ်ထားတော့ ယောဂီတို့က မတွေ့ကြဘူးပေါ့။ ဒိဋ္ဌိကိုးဗျ .. အယူကွယ်ထားတယ်။ ငါပဲ ဖြစ်နေတော့တယ်။
တင်းတာ တောင့်တာ ရုပ်ကတင်းနေတာ။ သွားခံစားတာ ဘယ်သူလဲ … နာမ်က ခံစားတာ။ နာမ် အကြောင်းသမုဒယကို ရှု့မှ ရုပ်အကျိုး ဒုက္ခငြိမ်းမှာ။ နာမ်မလိမ်မာလို့ ရုပ်ခွေးဖြစ်ရတာ။ သူ့ဘာသူ နေတာ။ သွားညွတ်တော့ မခံချင်တာ ခံစားတယ်။ မခံချင်တဲ့စိတ်ကို ရှု့၊ သွားညွှတ်တယ် ညွှတ်တဲ့စိတ်ကိုရှု့၊ စိတ်ကို မရှုဘဲနဲ့။
ပေါ်တာရှု့ဆိုတော့ ဘာများပေါ်မလဲလို့ အကဲခတ်တယ်။ အဲအကဲခတ်တဲ့စိတ် ပေါ်နေတာ မသိကြဘူး။ အဲအကဲခတ်တဲ့စိတ်ကို ရှု့။ အဲနားမှာ လည်နေကြတာနော်။ ကပ် ရှုပ်နေတဲ့အတွက် တရားတွေက ကြာနေကြတယ်။
တရားအားထုတ်တယ်ဆိုတာ ခန္ဓာထဲ ဉာဏ်သွင်းပြီးတော့ သတိနဲ့ စောင့်ရှု့တာ။ သူခိုးနောက် စုံထောက်လိုက်သလို လိုက်ရတာ၊ ရှု့ရတာ။ ဝေဒနာတက်လာရင် ဝေဒနာတက်တာကြီးကို တောင့်ခံ၊ ပေခံ၊ ဟိုကြံ ဒီကြံတွေလုပ်နေကြတယ်။ မခံစားချင်တဲ့စိတ်ကို၊ မရှု့ကြဘူး။ တင်းတာ၊ တောင့်တာကြီး၊ သွားသတ်နေတာက၊ အကျိုးသတ်၊ တင်းတဲ့ တောင့်တဲ့ အပေါ်မှာ၊ သွားညွှတ်ပြီးတော့၊ မခံချင်တဲ့ စိတ်၊ လွတ်အောင်ကြံတဲ့ စိတ်ကို ပြန်လှည့်ရှု့တာဟာ အကြောင်းသတ်၊ အကြောင်းသတ်မှ အကျိုးရပ်မယ်။
လောကီမှာလည်း နေ့တဓူဝကျင်လည်နေရတာ ဒီလိုပါပဲ။ ဒေါ်နှင်းဥကို မရိုက်ရဲတော့ ဒေါသက နွားမကြီးဆီမရောက်ပေမယ့် ခလေးတွေဆီရောက် အပြင်မှာအဆင်မပြေရင် အိမ်ရောက်လာ.. တကယ်တော့ ဗံဒါပင်မှာ ချည်ထားတဲ့ နွားမကြီးပဲ ကြားကခါးနာနေရတဲ့ကိန်းတွေအများကြီးပါပဲ သတိထားစရာပါ တကယ်ရိုက်ရမှာက ဒေါ်နှင်းဥ မရိုက်ရဲတော့လည်း နွားမကြီးခမျာ နာရတော့တာပေါ့…။
(ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ထားခြင်းမျိုး မရှိပါ၊ ဥပမာအနေနဲ့သာ ဓမ္မမိတ်ဆွေယောဂီသူတော်ကောင်းများ သဘောပေါက် နားလည်နိုင်စေဖို့အတွက် ရည်ရွယ်ရေးသားရုံသာ)
ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့(စင်္ကာပူ)
www.vizawdayatheinn.com
၁၃။ အကုသိုလ်စိတ်၊ ကုသိုလ်စိတ် (Oct 21, 2018)
ပုထုဇဉ်တွေရဲ့စိတ်နဲ့ အရိယာတွေရဲ့စိတ်က ဆန့်ကျင်ဘက်၊ ပုထုဇဉ်တွေကတော့ ကိုယ့်မကောင်းကြောင်းကို တခြားလူသိမှာ အလွန်စိုးတယ်။ အရိယာတွေကျတော့ သူတို့မကောင်းကြောင်းတွေကို ဒီလိုမကောင်းခဲ့တာပါ၊ ဒီလိုစိတ်တွေ၊ ဒီလိုရှိခဲ့ပါတယ်နဲ့ သူတို့စိတ်ကို သူတို့ဖော်ပြောတယ်။
ဘုန်းဘုန်းတို့တရားကျင့်ခဲ့စဉ်တုန်းက သဲအင်းဂူဆရာတော်ကြီးက သူ့အကြောင်းသူမကွယ်ဝှက်ပဲ ပွင့်ပွင့်လင်းလင်း ဤ၍ဤမျှ အထိဆိုးခဲ့သော်ငြားလည်း စွန်းလွန်းဆရာတော်ဘုရားကြီးအကြောင်းရေးထားတဲ့ စာအုပ်ကိုဖတ်ပြီး သူတောင်ရဟန္တာကြီးဖြစ်သေးတာပဲ ငါဘာလို့မဖြစ်ရမှာလဲဆိုပြီးတော့ အဲ့ဒီနေရာမှာ တစ်ခါတည်းကို ကျုပ်ကကျင့်တော့မယ်ဆိုပြီး။ နောက်ဆုံးအနေနဲ့ လက်ရှိရှိတဲ့မိန်းမနှစ်ယောက် စားလောက်အောင်ထားခဲ့ဖို့ ဓါးပြသွားတိုက်ခဲ့တာ မရပါဘူးဗျာတဲ့။ ဟောဒီမှာကြည့်ဆိုပြီး ပုလ္လင်ကြီးပေါ်ကငုံ့ပြီးတော့ ခေါင်းဘေးစောင်းမှာ ဓါးခုတ်ထားတဲ့ဒဏ်ရာကိုပြတယ်။ ဓါးနဲ့ အခုတ်ခံရပါတယ်တဲ့။ ဒါတောင်မိန်းမလုပ်သူက ကိုအောင်ထွန်းရေ ခေါင်းကပြောင်နေတယ် ဦးထုပ်ယူသွားပါဆိုလို့ ယူသွားလို့တဲ့။ ယူသာမယူရင် ပွဲချင်းပြီးတစ်ခါတည်းသေနိုင်တယ်တဲ့။ ခုတ်ချလိုက်တာဂျိုစောင်းကို တစ်ခါတည်း ကိုယ်ကတော့ ဒုတ်နဲ့ရိုက်တယ် ထင်တာပေါ့တဲ့ နောက်ကျမှ ဓါးခုတ်ခံရမှန်း သိတော့မှ ခပ်သုတ်သုတ် ပြန်ထွက်လာပြီးတော့ခေါင်းကြည့်တော့လဲ သွေးတွေနဲ့ဒဏ်ရာနဲ့ သူ့ကိုယ်ပိုင်ဒေါက်တာဆီသွားပြီး ကြိတ်ပြီးဆေးကုရတာပေါ့တဲ့။ မူလသဲအင်းဂူ ဆရာတော်ကြီးပြောပြတဲ့ သူ့အကြောင်းနားထောင်နေမှ သူကဗိုလ်အောင်ဒင် စတိုင်အတိုင်းပဲ။ ဗိုလ်အောင်ဒင်ကမြို့ မှာနေတယ် သူကကမာရွတ်မှာနေတယ်။ အထက်အရာရှိတွေနဲ့လဲပေါင်းတယ် သူက။ အောက်မှာတပည့်တွေနဲ့လွှတ်ထားတယ်။ တပည့်တွေဓါးပြတိုက်လို့တစ်ခုခုဖြစ်ရင် အထက်ကဖြေရှင်းလိုက်တယ် အောက်မှာလွတ်ရော။ အဲ့ဒီပုံးစံအတိုင်းလုပ်တဲ့အကြောင်းကို ဆရာတော်ကြီးကပြောပြနေတယ်။
အဲ့ဒီလိုနဲ့ တရားကျင့်ချင်စိတ်ပေါ်လာရော မှော်ဘီ သဲကုန်းရွာအနီးမှာ ကျုပ်ဆောက်ထားတဲ့ ဓမ္မာရုံတစ်ခုရှိတဲ့ဆီသွားတယ်တဲ့။ အဲ့ဒီအချိန်မှာ ပရိတ်သတ်ကြားက တရားလက်ထောက်က မေးလိုက်တာသိပ်ကောင်းတယ်။ အောက်ကနေ ဒကာတစ်ယောက်က အရှင်ဘုရားတဲ့ အရှင်ဘုရားက ဓါးပြတွေတိုက်၊ ကြက်တွေတိုက်၊ ဖဲတွေရိုက်ပြီး မကောင်းတဲ့အလုပ်တွေလုပ်နေခဲ့စဉ်တုန်းက သိမ်တွေဆောက် ဓမ္မာရုံကြီးဆောက်နဲ့ စတဲ့အလှူအတန်းတွေ လုပ်တာဟာ ဘယ်ကပိုက်ဆံနဲ့ဆောက်ပါသလဲဘုရားတဲ့၊ ဟ….ဒကာကြီးရ ဓါးပြတိုက်တဲ့ ပုဂ္ဂိုလ်ပါဆိုမှ ဓါးပြတိုက်တဲ့ ပိုက်ဆံနဲ့ဆောက်တာပေါ့တဲ့။ အဲ့ဒီတော့ဘုရားတဲ့ ဒီဓါးပြတိုက်တဲ့ပိုက်ဆံနဲ့ ဆောက်တော့ ကုသိုလ်ရပါ့မလားတဲ့။ ဒါနော် ဒီမေးခွန်းကိုမေးတာက ဓမ္မာစရိယ သုံးကျမ်းပြီးပြီးသား ပုဂ္ဂိုလ်က လူထွက်ပြီးတော့ နေရင်းနဲ့ ဒီတရားတွေရလို့ တခါသူကဆရာတော်ကြီးရဲ့ တရားလက်ထောက်အနေနဲ့ လိုက်ပြီး သာသနာလိုက်ပြုတဲ့ ပုဂ္ဂိုလ်ကြီး။ ဆရာတော်ကြီးက ကကြီးရေးကသတ်ကက်နဲ့ ကျောင်းပြီးထားတဲ့ ပုဂ္ဂိုလ်ဆိုတော့ စကားလုံးတွေမှားမှာစိုးလို့သူက အောက်ကနေထောက်ထောက်ပေးတယ်။ တခုခုမှားသွားရင်အောက်ကနေ သူကစကားပြင်ပေးရင် သူပြင်ပေးတဲ့ စကားလုံးအတိုင်းဆရာတော်ကြီးကလည်း ပြင်ပြင်ပြီးဟောပေးတယ်။ ဆရာတော်ကြီးက လူဆိုးကြီးဆိုတော့ ခပ်ကြမ်းကြမ်းကြီးကိုး။ ပြောရင်ဒဲ့ထိုးကြီးပြောတာ။ တရားနာနေတဲ့ပုဂ္ဂိုလ် နှလုံးသားထဲအထိရောက်အောင် ထိထိမိမိပြောတတ်တယ်သူက။
အဲ့ဒီမှာ ဆရာတော်ကြီးပြောလိုက်တာ ဟ..ဒကာကြီးရာတဲ့ ဓါးပြပဲတဲ့ ဓါးပြတိုက်လို့ရတဲ့ ပိုက်ဆံနဲ့ကျုပ်ဆောက်တာပေါ့တဲ့။ အဲ့ဒီလိုဆို ကုသိုလ်ရပါ့မလားတဲ့ အောက်ကနေလှမ်းမေးတယ်။ သြော်…ဒကာကြီးရယ်တဲ့ ဓါးပြတိုက်ချင်တဲ့စိတ်က ဘာစိတ်တုန်းတဲ့၊ အကုသိုလ်စိတ်ပါဘုရား။ လှူချင်တဲ့စိတ်ကရော ဘာစိတ်လဲ ကုသိုလ်စိတ်ပါ။ အေး အကုသိုလ်စိတ်၊ ကုသိုလ်စိတ်တွေမှာ ဓါးပြတိုက်နေတဲ့အချိန်ဆိုလည်း လုံးဝကုသိုလ်စိတ်မရှိဘူးတဲ့ ကျုပ်သူများအိမ်က ပိုက်ဆံရဖို့စိတ်ပဲ ရှိတယ်တဲ့။ ဘယ်အိမ်မှာပိုက်ဆံဘယ်လောက်ရှိလဲ ကျုပ်ဒါပဲတွက်တယ်တဲ့။ အကုသိုလ်စိတ်ပေါ့တဲ့။ အဲ့ဒါတွေရပ်လိုက်တဲ့ အချိန်ကျတော့လဲ ဟာလှူချင်လိုက်တာ ငါဒီကျောင်းတော့ ဒါလေးလှူဦးမယ်ဆိုတာ ဝင်လာပြန်တော့ ကုသိုလ်စိတ်။ ဓါးပြတိုက်ဖို့ စိတ်လုံးဝမရှိဘူး။ အဲ့ဒီတော့ အကုသိုလ်စိတ်၊ ကုသိုလ်စိတ်တွေက တစ်စိတ်စီပဲတဲ့။ မကောင်းတဲ့စိတ်ကလည်းတစ်စိတ်ဖြစ်ပေါ်လာတာပဲ၊ ကောင်းတဲ့စိတ်ကလည်း သူ့ဟာသူပေါ်ချင်ထပေါ်လာတာပဲ။
အဲ့ဒါကိုနားထောင်ပြီး ဘုန်းဘုန်းလေ သဘောကျသွားခဲ့တယ်။ ဟယ်…ဟုတ်သားပဲ၊ ငါအိမ်မှာနေရာကနေလာတာ ရုပ်ရှင်ရုံသွားမလို့လာတာ အကုသိုလ်စိတ်နဲ့ ဆရာတော်ကြီးပြောတဲ့အတိုင်း ဘုန်းဘုန်းကအောက်ကနေ ကိုယ့်စိတ်ကိုယ်ပြန်တွက်နေရတာ၊ အခုလမ်းတစ်ဝက်မှာ ရဟန္တာဆိုတာတွေ့လို့ ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ငါလာကြည့်တယ်။ အဲ့တော့ရုပ်ရှင်သွားကြည့်ဖို့စိတ်ကပျောက်သွားတယ်။ အခုမှပြန်ပေါ်တယ်။ ခုနကရုပ်ရှင်သွားကြည့်မယ့်စိတ်မရှိတော့ဘူး ။ ဟယ်… ဟုတ်သားပဲ တစ်စိတ်သီပဲ။ အဲ့ဒီ့မှာ သညာနဲ့သဘောပေါက်သွားတယ်။ ဟာဒါဖြစ်နိုင်တယ်။ ငါ့စိတ်တွေက အမြဲဖြစ်နေတယ်မှတ်တာ မဟုတ်ပါလားနဲ့ အဲ့ဒီ့မှာ သညာနဲ့သဘောကျပြီးတော့ ဘုန်းဘုန်းလဲကျင့်ခဲ့တာ ဒီနေ့လိုမျိုးဖြစ်လာခဲ့တော့တာပါပဲ။
ဘာပြောချင်တာလဲဆိုတော့ အရိယာစကား သူတော်ကောင်းစကားဆိုတာ တစ်ချက်လောက် နားဝင်ပြီး သဘောပေါက်သွားရင် အရမ်းကောင်းတယ်။ ဘုန်းဘုန်းသဲအင်းဂူမှာ ခြောက်နှစ်ကျင့်တယ်။ ခြောက်နှစ်ကျော်ကျော် ကျင့်တဲ့အခါကျတော့ ဒီဝေဒနာကို ဆုံးအောင်လိုက်တာ လေးနှစ်၊ ငါးနှစ်လောက်ဆက်တိုက်လိုက်ခဲ့တာ။ ရုံးမှာ လုပ်သက်ခွင့်မပြောနဲ့ လစာမဲ့ခွင့်က များတယ်။ ဘာဖြစ်ဖြစ် အရေးမလုပ်တော့ဘူး တရားရဖို့တစ်ခုသာ အာရုံထားတော့တယ်။ ဘယ်သူ့ပေါင်းထားလဲဆိုတော့ ဋ္ဌာနခွဲမန်နေဂျာကို ပေါင်းထားရတယ်။ သူကလည်းဘုန်းဘုန်းကို လူလည်းလူငယ် တရားသမားလဲ တရားသမားဆိုတော့ တရားသမားလေး၊ တရားသမားလေးနဲ့ ချစ်ခင်စောင့်ရှောက်ပေးတယ်။ အိုဗာတိုင် ဘုန်းဘုန်းဆင်းရမယ့် အလှည့်ရောက်တဲ့အခါမှာ လူစားထည့်ပေးတယ်။ ဘုန်းဘုန်းရဲ့လစာကိုတောင်မဖြတ်တဲ့အပြင် သူကတောင်လမ်းစားရိတ်ပေးသေးတယ်။ အေးကွယ့် ငါ့အတွက်လဲ ကုသိုလ်ရအောင် မင်းေအေးအေးဆေးဆေး တရားထိုင်ပါ လတ်မှတ်ကတော့ ဋ္ဌာနခွဲမန်နေဂျာဆိုတော့ သူကကူညီတာပေါ့။ အဲ့ဒီလိုနဲ့ ဘုန်းဘုန်းတရားကျင့်တာ။
ဒီလောကီဘက်က အလုပ်တွေ၊ ငွေကြေးတွေ၊ ရာထူးတွေကို မမက်နိုင်ဘူး ဘုန်းဘုန်းမှာ အလုပ်မပြုတ်ရင်တော်ပြီ တရားဘက်ကိုသာမဲတာ။ အဲ့ဒီလိုကျင့်ရင်းနဲ့ လေးနှစ်လောက်ကြာတော့ မိုးကောင်းမှာပေါ့ တစ်လုံးတည်းနဲ့ သဘောပေါက်သွားတာ။ မသိရင်တော့ခက်တယ်။ သိရင်လွယ်တယ် တရားဆိုတာက။ မူလသဲအင်းဂူ ဆရာတော်ကြီးရဲ့စခန်းတိုင်းမှာဘုန်းဘုန်းက ရှေ့ဆုံးမထိုင်တာ၊ နောက်မှာဆိုကိုယ့်စိတ်ကို ကိုယ်မနိုင်လို့။ အခုဒကာမကြီးတို့တရားစခန်းမှာသာ နှစ်နာရီ၊ သုံးနာရီရတယ် အိမ်ပြန်သွားကြည့်ဘယ်တော့မှ မရဘူး တစ်နာရီတောင် အနိုင်နိုင်။ ဘယ်တော့မှစိတ်ကို မနိုင်ဘူး။ ကျောင်းမှာကျတော့ ရနေတယ်။ ကိုယ့်စိတ်ဆိုတာ ဆုံးမရခက်တယ်။ သူများသားသမီးဆုံးမတာထက် ကိုယ့်သားသမီး ဆုံးမရတာခက်တယ်။ ကိုယ့်သားသမီးဆုံးမရတာထက် ကိုယ့်ကိုယ်ကို ဆုံးမရတာသာ၍ ခက်တယ်။
ကိုယ့်စိတ်ကို ကိုယ်ဆုံးမရတာ အခက်ဆုံး တခါတလေတော့ သူ့ကိုချော့ခိုင်းရတယ်။ ဘုန်းဘုန်းကတပည့်တွေကို အမြဲဆုံးမတယ် ညဘက်အိပ်ရင်လျော့အိပ်ကြ သိပ်မအိပ်ကြနဲ့၊ အိပ်ရာက ထဆိုပြီး နှိုးပြီး တရားထိုင်ခိုင်းတယ် အေး..မင်းတို့အခုစားနေတဲ့ ဆွမ်းတွေကမင်းတို့အမျိုးညီအစ်ကိုမောင်နှမ တွေရဲ့ဆွမ်းတွေမဟုတ် ဒကာ၊ ဒကာမတွေရဲ့ဆွမ်းတွေ စားပြီးတော့ အသက်တွေကြီးနေတာ အဲ့ဒီတော့ အိပ်မနေကြပါနဲ့ ဒကာ၊ ဒကာမတွေအတွက်အားထုတ်ပါဦးနဲ့ အားထုတ်ဦးမယ်ဟဲ့ ဆိုတဲ့သဒ္ဓါတွေထားပြီး အားထုတ်ကြ။ နာရီဝက်ရရ၊ တစ်နာရီရရ အားထုတ်ကြလို့အမြဲဆုံးမတယ်။ ကိုယ့်အတွက်ကိုယ်ဆိုပြီး အိပ်မနေကြနဲ့ နောက်တော့ ပုပ်ပွအောင် အိပ်ကြရဦးမယ်။ လောက်တွေစားတဲ့အထိ အိပ်ကြရဦးမယ်။ သေသွားရင်ပုပ်ပွသွားမယ် အဲ့ဒီတော့ဒီရုပ်ကြီးကို တို့တတွေ မညှာနဲ့ဆိုပြီး ဘုန်းဘုန်းအမြဲဆုံးမရပါတယ်။
အဲ့ဒီစိတ်ကလည်း ကလန်ကဆန်လုပ်တယ် စိတ်ကလေးက ဘယ်လိုလာတယ်မှတ်လဲ ဘုန်းကြီးပဲတဲ့ လုပ်စရာမရှိဘူး မနက်ဖြန်ခါကျတော့ နေ့ခင်းဖက်အားရင် အားထုတ်လို့ရတာပဲ၊ ညဖက်မအိပ်ရင်မူးမှာပေါ့၊ မောမှာပေါ့ နဲ့စိတ်ကလေးကလုပ်သေးတယ်။ အထဲထဲကနေ အင်မတန် မကောင်းတဲ့ဘက်ကို ဆွဲတယ်။ အကုသိုလ်စိတ်နဲ့ ကုသိုလ်စိတ်က အမြဲတန်းဒွန်တွဲနေတယ်။ မကောင်းတဲ့စိတ်ကများတယ် ကောင်းတဲ့စိတ်ကနည်းတယ်။ အဲ့သလိုကိုယ့်စိတ်ကို ကိုယ်စစ်ကြည့် မကောင်းတာတွေ တွေ့ကြရမယ်။ အခုနေတော့၊ သီလပိုင်း၊ သမာဓိပိုင်း တွေနဲ့ သိပ်ကောင်းနေတာပေါ့ စိတ်ကလေးတွေဖြူစင်နေတယ်။ ဘယ်မှာသွားတွေ့မလဲဆိုတော့ သမာဓိကိုဖျက်ပြီး ပညာပိုင်းကူးပြီဟေ့ လဲဆိုရော ဟိုဘက်မှာလာပြီ နှောင်ချိန်ခန်းတွေ ဇာတ်တွေကဝင်ပြီ လာပါလိမ့်မယ် ကိလေသာတွေ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေပေါ်လာရော။
တချို့ယောဂီတွေ ဘုန်းဘုန်းဆီလာတယ် ဆရာတော့် တပည့်ဆုံးမပါဦးတဲ့ အရင်တုန်းကဒီလောက်မဆိုးဘူးတဲ့ တရားအားထုတ်မှ ဒေါသတွေဖြစ်လိုက်တာ ဆိုပြီးလာပြောကြတယ်။ ဘုန်းဘုန်းသိတာပေါ့၊ အရင်တုန်းက ထိန်းထိန်းသိမ်းသိမ်းနဲ့ ဒေါသကို ထိန်းနိုင်သေးတယ်။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကလေ ဒေါသဖြစ် ဒိုင်းကနဲဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သိကြတယ်။ အဲ့ဒီတော့မှ ဖြစ်လို့ဆိုပြီး တော်ကတရားအားထုတ်တာပဲဒေါသကြီးလှချီလားပြောရင် အမလေး ပိုကြီးသေးတယ်။ ဘာတုန်းတဲ့ တရားထိရင် မခံနိုင်ဘူးသူက။ ဒါပေမယ့် ဖြစ်ကြောကျတော့တိုတယ် ဖြစ်ပြီးသွားရင် မဖြစ်သလိုပဲ။ အဲ့ဒါလေးတော့ ထူးခြားတယ်။ နောက်ကျတော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရတယ်။
ပုထုဇဉ်တိုင်းမှာ ကိလေသာ ၁၀ ပါးရှိကြပါတယ်။ အမျိုးအစားအားဖြင့် (၃)မျိုးပေါ့။
(၁) ဝိတိက္ကမ ကိလေသာ
အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ ဒီကိလေသာကိုတော့ သီလစောင့်ထိန်းပြီး တားဆီးရပါတယ်။
(၂) ပရိယုဋ္ဌာန ကိလေသာ
မနော ဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာပေါ့။ ဒီကိလေသာကိုတော့ သမထ ဘာဝနာ ကျင့်ကြံပြီး တားဆီးရတယ်။
(၃) အနုသယ ကိလေသာ
သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့်သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာပေါ့။ ဒီကိလေသာကိုတော့ ဝိပဿနာဘာဝနာအားထုတ်မှ အမြစ်ကနေပယ်သတ်ရှင်းလင်းနိုင်မယ်။ အနုသယကိလေသာတွေက ခန္ဓာထဲမှာရှိပြီးသား။ ဒါတွေက သီလသမာဓိနဲ့ အုပ်ထားတော့မပေါ်ဘူးပေါ့။ တကယ့် မဂ်လိုပဲ။
ပညာခန်းဆိုတာက အဲ့ဒီ့သမာဓိ ဖြည်ပြီးတော့ လက္ခဏာထဲလဲ ထည့်လိုက်ရော ဒီစိတ်တွေထွက်လာတာပဲ။ ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားတယ်။ မဟုတ်ပါဘူး ငါဒီလောက်တရားတွေကျင့်လာတာ ဒီစိတ်တွေက အရင်ကမပေါ်ပါဘူး ဘာဖြစ်လို့ပေါ်ရသလဲဆိုပြီးတော့နဲ့လေ။ သူများမပြောသာလို့မပြောတာ ကိုယ်ဖြစ်တဲ့စိတ်တွ ကိုယ်ပဲသိတယ်။ ကိုယ့်ကိုယ်ကို ကြိတ်သတ်၊ တရားတွေနင်းထိုင်၊ ခါတိုင်းထက်တိုးထိုင်လေ ပိုပေါ်လာလေပဲ။ မကောင်းတဲ့စိတ်တွေပိုထွက်လာတယ်။ ဟာ.. ဘယ်လိုဖြစ်ပါလဲနဲ့၊ မီးလောင်လို့ ကိုယ့်ကိုယ်ကို တစ်ယောက်တည်းကြိတ်သတ်နေရတယ် လူသိမှာစိုးလို့။ ရာဂစိတ်တွေ၊ လောဘစိတ်တွေ၊ ဒေါသစိတ်တွေဆိုတာ အမလေး ထစ်ခနဲဆို ဒိုင်းကနဲ ဘဝင် ကနေတင်းခနဲဖြစ်လာလိုက်နဲ့ အဲ့ဒီစိတ်တွေပဲ သတ်နေရတာပဲ။ အဲ့ဒီတော့ လူသာမသိ သာ၏ မနည်းပေါ့။ ဟိုဘက်ရောက်လာတော့မှ ပေါ်လာတာ။ အဲ့ဒီနေရာမှာက နားမလည်ရင်တော်တော်ခက်တယ်။
မဟုတ်ပါဘူး ငါတရားတွေဒီလောက်အားထုတ်နေတာ ဒီစိတ်တွေဘာလို့ဖြစ်ရလဲနဲ့ သူများမပြောနဲ့ ကိုယ့်ကိုယ်ကို တောင်မကောင်းတော့ဘူး။ ဒီတရားအားထုတ်တာ သူတော်ကောင်းအလုပ်လုပ်နေတာ ဒီသူယုတ်မာစိတ်တွေ ဖြစ်ရတာလဲနဲ့၊ ဘယ်ဟုတ်မလဲ ကိုယ်ဒီစိတ်တွေကို အကောင်းမှတ်ပြီးသိမ်းလာတာ အခုမှသူ့ကိုမြင်လာတာ။ မြင်လာတော့အဲ့ဒီစိတ်တွေကို ကိုယ်ကပါယ်ရတယ်။ လူအနေနဲ့ကနေ အရိယာလမ်းဘက်ပြောင်းဖို့သမာဓိဖယ်လိုက်ရင် လူထက်ဆိုးတာတွေ တွေ့ရလိမ့်မယ်။ ကိုယ့်စိတ်တွေကိုယ်တွေ့ရလိမ့်မယ် သူများစိတ်တွေမစစ်နိုင်ဘူး။ ကိုယ့်စိတ်တွေကိုယ် မနိုင်မနင်းနဲ့ အရမ်းဆိုးတယ်နော်။ အဲ့ဒါတွေဆိုးတာကို အဲ့ဒါကိုပါယ်မှ။ အင်မတန်မှများတဲ့ ကိလေသာတွေကို သမာဓိက အပေါ်ကနေ အဖုံးဖုံးလိုက်တာ။ ဖုံးလိုက်တော့ ဘာမှမဖြစ်တော့ တကယ်ကိုချမ်းသာတာ။ တရားသိပ်ကောင်းတယ်နဲ့ ပျော်ပြီးတော့ တရားပဲအားထုတ်ချင်တယ်။ ဘယ်မှာသွားပြီး ဒုက္ခဖြစ်လာလဲဆိုတော့ သမာဓိခန်းကနေ ပညာခန်းကိုလဲကူးရော ပေါ်လာပါလိမ့်မယ်ဗျာ စိတ်တွေ။ ကိုယ့်စိတ်တွေဆိုတာ ဘယ်လောက်ညစ်ပတ်သလဲလို့ ဒီခန္ဓာကြီးထဲမှာဆိုတာ တခါတည်းမှကို ဘုန်းကြီးသာဖြစ်တယ် အတွင်းစိတ်တွေဆိုတာလေ တခုမှမကောင်းဘူး။ ကိုယ့်စိတ်တွေကိုယ်သိလာတယ်။ အဲ့ဒီပေါ်တဲ့စိတ်တွေကိုရှု့ရတော့တာပဲ။ မရှု့လို့လဲမရတော့ဘူး။ အိပ်ရမှာတောင်မအိပ်ရဲတော့ဘူး၊ ဒီစိတ်တွေဖြစ်နေတာ ဒီစိတ်ပဲထိုင်ရှု့နေတာ အိပ်ဖို့ဆိုဝေးရော။
ဒီစိတ်တွေကို နင်းသတ်နေရတယ် ရှု့နေရတယ်။ ပေါ်တဲ့စိတ်တွေကိုသတ်လိုက် အဲ့ဒီစိတ်ကိုကြည့်လိုက်နဲ့ နောက်ကျတော့နားလည်လာတယ်။ ဒီစိတ်တွေကို ငါ ပဒူအုံ ဒုတ်နဲ့ထိုးလိုက်ပါလား။ ပျားအုံကြီး သူ့ဟာသူအုံနေတာကြီးကို တသံသရာလုံးရှိနေတဲ့ပျားအုံကြီး၊ ဟိုဘက်ဘဝကူးလဲ သူပါတဲ့ ကိလေသာပျားအုံကြီးကိုဒုတ်နဲ့ထိုးလိုက်တော့ပွတက်သွားတာပေါ့ အဲ့ဒါကိုရှု့ရတော့တာ။ ဒီပျားအုံကြီးကို မပြုတ်ပြုတ်အောင်ပေါ့။ ဘုန်းဘုန်းအရင်တုန်းက မပြောတတ်ပြောတတ်နဲ့ပေးတဲ့ ဥပမာလိုပေါ့ ဘာလဲဆိုတော့ အပေါက်က တစ်ပေါက်ပဲရှိတယ် အဲ့ဒီ့အပေါက်ထိပ်မှာ ပျားအုံကြီးကတွယ်တယ်ဗျာ။ ပျားအုံကြီးဖြတ်ပြီးတော့ လူတွေသွားတယ် ပျားအုံထဲတကောင်တမြီးက လှမ်းတုတ်လိုက်တယ်။ မလွတ်ဘူးလူတိုင်းမလွတ်ဘူး။ ပြန်လာတာ တစ်ကောင်တုတ်ခံရတယ်၊ နှစ်ကောင်တုတ်ခံရတယ်၊ တချို့သုံးကောင်တုတ်ခံရတယ်။ ဟာဒီနားပျားတုတ်တယ်သာ သိတာ ပျားအုံဘယ်နားမှာမှန်းမသိဘူး။ သွားတဲ့လူတိုင်းတုတ်ခံရတယ်။ အဲ့ဒီတော့သိတဲ့ ပုဂ္ဂိုလ်ကနေ အေး…မင်းပျားတုတ်ခံရတာဟောဒီမှာကွ ဟောဒီမှာ မင်းဒုတ်နဲ့ထိုးကြည့်ဆိုတော့ ပျားအုံမှန်းလဲမသိတော့ ပျားတွေကပွလာပြီးပိုတုတ်တာပေါ့။ အေး… အတုတ်ခံ ပိုထိုး အဲ့ဒီပျားအုံကြီးပြုတ်ကျသွားမှ လွတ်မှာဆိုတော့ ပျားတုတ်ခံပြီး ပိုထိုးရတယ်။ နောက်အဲ့ဒီပျားတွေလဲကုန်ရော ပျားအုံကြီးပြုတ်ကျသွားရော နောက်တစ်သက်လုံးကိုယ့်ပျားမတုတ်တော့ဘူး။ အဲ့ဒီဥပမာလိုပဲ ရာဂ၊ ဒေါသ၊ မောဟ၊ လောဘဆိုတဲ့စိတ်တွေက ခန္ဓာထဲမှာကိန်းပြီးသား လှည်းနဲ့တိုက်လို့မကုန် ကွန်တိန်နာကားကြီးနဲ့ တင်လို့မကုန်နိုင်တဲ့ စိတ်တွေ အဲ့ဒီ့စိတ်တွေကို ကိုယ်ကကုန်အောင်ရှု့ရတာ။ ကိုယ့်စိတ်တွေ ကိုယ်ပဲသိတယ်နော်။ ဟန်ဆောင်ထားကြတာလူတွေက။ ဟန်ဆောင်ပြီးတော့နေကြတာ အတွင်းအစ္ဖ္ဇျတ္တစိတ်တွေက မကောင်းပါဘူး။ အဲ့ဒီစိတ်တွေကို ကိုယ့်စိတ်တွေကိုယ်စစ်လာတော့ သိလာတယ်။
သြော်…လူတွေကဘယ်လိုနေတယ်၊ ဘယ်စိတ်နဲ့နေတယ်။ ဘယ်စိတ်နဲ့ယှဉ်တယ်၊ စကားပြောတာနဲ့ ဘယ်စိတ်နဲ့ပြောနေမှန်း အကုန်လုံးအတတ်သိတယ်။ ကိုယ်ဖြစ်ခဲ့တာကိုး။ ဒီစိတ်ဆိုတာက နာမ်တရားပဲ။ အခု ဒီရုပ်ဆိုတာက ၃၂ကောဋ္ဌာဿ အဖွဲ့အစည်းပဲ။ ယောက်ကျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ် အဖွဲ့အစည်းကြီးပဲ။ အဲ့ဒီ ၃၂ ကောဋ္ဌာသရဲ့ မျက်စိအကြည်၊ နားအကြည်တွေမှာ တိုက်လို့ပေါ်လာတဲ့ စိတ်တွေက ခွေးမြင်တော့ ခွေးစိတ်၊ ကြက်မြင်တော့ ကြက်စိတ်၊ ဝက်သံကြားတော့ ဝက်စိတ် မိန်းမသံကြားတော့ မိန်းမစိတ် အသံကိုမှီမှီပြီး စိတ်တွေက ပေါ်ပေါ်လာတယ် နာမ်တရားက။ ဒီ ၃၂ကောဋ္ဌာသ အကြည်ရုပ်ကြီးကိုမှီပြီး နာမ်တရားပေါ်လာတယ်။ ပေါ်လိုက်တဲ့အခါမှာ ဒီရုပ်ကြီးထဲမှာ ဘာထည့်ထားလဲဆိုတော့ ကိလေသာတွေ ထည့်ထားတယ်။ အဲ့ဒီက ထပေါ်တာပေါ့ ဒီလိုပေါ်တော့မှ အဲ့ဒီ့စိတ်တွေကို ကိုယ်ကခန္ဓာမှာ လှည့်ရှု့ရတယ်။ ကောင်းတဲ့လမ်းတစ်လမ်းမှ မရှိဘူး။ အရိယာတွေသွားတဲ့လမ်း မကောင်းဘူးဗျ။ ဒုက္ခကို ကောင်းကောင်းကြီးကျော်နင်းနေရတယ်။ အဲ့ဒီ့ ဒုက္ခတွေလည်းကုန်ရော ချမ်းသာတာမှ အရမ်းချမ်းသာပါတယ်။
ဘုန်းဘုန်းက သောတ္တပတ္တိမဂ်ကနေ သစ္စာလေးပါးမြင်ပြီး မဂ်ကျပုံတွေလောကသုံးပါးမြင်ပုံတွေကို တက္ကသိုလ်က ပါမောက္ခတစ်ဦးကို ဟောဖူးတော့ ဒကာကြီးရယ်လို့ အဲဒီနေရာမှာ ဒကာကြီးတို့ရဲ့အခုလက်ရှိ စိတ်တွေ အကုန်သေသွားတာလို့ သောတပန်က။ သောတပန်ဖြစ်ရင် ငါသောတပန်ဖြစ်ပြီလားမေးရင် ဒီပုဂ္ဂိုလ်က မဟုတ်သေးဘူးပဲ။ ဘုန်းဘုန်းက ဒါကြောင့်မို့ တရားမစစ်တာပေါ့။ ပြောတာဆိုတာနားထောင်လိုက်၊ သူ့အသံဘာသံလဲ၊ လက္ခဏာသံလား၊ သမာဓိသံလား၊ သီလသံလား၊ လောဘသံလား၊ တချို့လောဘသံဒေါသသံ၊ ရာဂသံ ရှိတယ်။ ဒီအသံထဲမှာကိုပဲ မှီနေတာ။ အဲ့ဒီ့အသံကို နားထောင်လိုက်တာနဲ့ သိတယ်။ ဒီမဂ်ကျသွားတဲ့ ပုဂ္ဂိုလ်က အခုလက်ရှိ ဒကာ၊ ဒကာမတို့ရဲ့ လက်ရှိစိတ်တွေသေသွားတာ။ စိတ်အသစ်ဖြစ်သွားတာ။ အရိယာစိတ် သောတပန်စိတ်ဆိုတာက အင်မတန်ဖြူစင်တယ် ဝန်ပေါ့သွားတယ်။ အပါယ်လေးပါးချမယ့် ဝန်ထုပ်ဝန်ပိုးကြီးချလိုက်သလို ပေါ့သွားတယ်။ အင်မတန် ထမ်းပါများတော့ မလေးဘူးထင်ပြီးထမ်းထားတာ၊ သောတပန်ဖြစ်လာရင် ဝန်ထုပ်ဝန်ပိုးကြီးချလိုက်သလို တစ်ခါတည်းကို ပေါ့ပါးပြီးစိတ်အသစ် ဖြစ်သွားတယ်။
အဲ့ဒီ့စိတ်တွေသာ မဂ်ကမသတ်ရင်လေ အပါယ်လေးပါးသွားမယ့် လောဘတွေ၊ ဒေါသ၊ မောဟ စိတ်တွေနဲ့ လူတစ်သိန်းသေတယ်လတစ်ကုဋေသေတယ် လူတစ်ယောက်ပြန်ဖြစ်ဖို့မလွယ်ဘူးတဲ့။ မှန်တာပေါ့ စိတ်တွေက လောဘနဲ့ယှဉ်တဲ့စိတ် ဒေါသနဲ့ယှဉ်တဲ့စိတ် မောဟတဲ့ယှဉ်တဲ့စိတ်၊ ရာဂနဲ့ယှဉ်တဲ့စိတ်၊ ဒီကြားထဲ ဥပဒါန်တို့ကလည်းပါသေးတယ်။ ဒီစိတ်ကလေးက ပစ္စုပ္ပန်မှာ မရှိဘူး။ ဒါကြောင့်မို့ ပစ္စုပ္ပန် ရှု့ခိုင်းတယ်။ ဘယ်မှာရှိသလဲဆိုတော့ ဒီစိတ်ကလေးကလေ အတိတ်နဲ့ အနာဂတ်မှာပဲ ကူးနေတယ်။ ကိုယ့်တစ်ယောက်တည်းနေကြည့် တွေးနေတယ်။ ဒီတွေးနေတဲ့စိတ်က အခု ပစ္စုပ္ပန်ဘာတွေတွေးနေလဲဖြစ်ပြီးသားကို တွေးနေတယ်။ အတိတ်ကိုတွေးနေတာ။ တခါတလေလဲ မဖြစ်သေးတာကို တွေးနေတယ်။ အနာဂတ်ကိုတွေးနေတယ်။ ဒီစိတ်ကလေးကလေ ဖြစ်ပြီးတာနဲ့ မဖြစ်သေးတာပဲတွေးတတ်တယ်။ ပစ္စုပ္ပန်ဆို သူမတွေးဘူး။ ပစ္စုပ္ပန်ကိုမြင်အောင်ရှု့ခိုင်းတာ ဝိပဿနာ။ အဲ့လိုရှု့တတ်ရင် ဒကာ၊ ဒကာမတို့ ဟောဒီတစ်စခန်းတည်းနဲ့လဲရတယ်။ အခုဘုန်းဘုန်းပြနေတယ်ဆိုတာလဲ ပစ္စုပ္ပန် တင်တင်ပြီးခေါ်ယူသွားတယ်။ အဲ့ဒါလက္ခဏာ သဘောပေါက်သွားရင်တော့ အကွက်သိပ်ကောင်းတယ်။ မသိရင်တော့ ဘာတွေပြောနေမှန်းမသိဘူး။ ငါ့ဘာတွေပြောနေတာလဲ ငါလဲလုပ်နေရဲ့နဲ့ ဘယ်ဥစ္စာလဲနဲ့။ တခါတလေပေါ်တာရှု့ဆိုတော့ အသာလေးငြိမ်နေတယ်။ ပေါ်ရင်ရှု့မယ်ပေါ့ ငြိမ်နေတယ်။ ငြိမ်နေတာလေးပေါ်တာ သူမသိဘူး။ ပေါ်ရင်ရှု့မလို့ ငြိမ်ပြီးတော့ အသာလေးနေနေတယ်။ ရှု့ကွက်ကပေါ်နေပြီ ငြိမ်နေတာလေးပေါ်နေတာ သူမသိပဲရှေ့ သာမဲနေတာ။ နောက်ကိုလှည့်မကြည့်မိဘူး အဲ့ဒါလေးတွေ။ ဒါနော် လက္ခဏာပိုင်း ဉာဏ်ပိုင်းတွေကျတော့ ဒီလိုသွားတာ။
ဥပမာ ဘုန်းဘုန်းပြောပြမယ် ပစ္စုပ္ပန် ရှု့ဆိုတော့ ဒကာ၊ ဒကာမတွေက အသာကလေးသတိထားတယ်။ ပေါ်ရင်ရှု့မလို့တခါတည်း ဘာပေါ်မလဲဆိုတာ သတိလေးနဲ့စောင့်နေတယ် အဲ့ဒါ ပစ္စုပ္ပန် မဟုတ်ဘူးလား၊ ဟုတ်လား။ သတိလေးနဲ့လေ ပေါ်တာရှု့မလို့ အသာလေး စောင့်နေတယ် ပေါ်ရင်ရှု့မလို့ သတိထားနေတယ်ပေါ့ အဲ့ဒါ အတိတ်လား၊ အနာဂတ်လား၊ ပစ္စုပ္ပန်လား။ အေး…အဲ့ဒါအနာဂတ်မျှော် နေတာနော်၊ ယောဂီကတော့ အဲ့ဒီလိုနေတာကို ပစ္စုပ္ပန် ထင်နေတာ။ ပေါ်ရင်ရှု့လိုက်မယ်ဆိုကတည်းက ဘာစိတ်လဲ။ ပေါ်ရင်ရှု့လိုက်မယ်ဆိုပြီးတော့ စောင့်နေတာ အနာဂတ်ကူးနေတာကို ယောဂီကတော့ ပစ္စုပ္ပန်ထင်နေတာ။ ပေါ်ရင်ရှု့မယ်ဆိုပြီး ဝင်လေ၊ ထွက်လေလေး အကဲခတ်နေပေမယ့် ရည်ရွယ်ချက်က အနာဂတ်ကူးနေတာ။ အဲ့ဒါကိုအောက်ခြေမှာတော့ ပစ္စုပ္ပန်ပေါ့။ ဒီ့ထက်အထက်တွေလဲရောက်လာရော မဟုတ်တော့ဘူး။ အတိတ်ရောက်သွားလိုက် အနာဂတ်ကူးသွားလိုက်နဲ့ ဒီစိတ်ကလေးကနော် ငြိမ်နေတာမဟုတ်ဘူး ကြံမိကြံရာလေး ကြံနေတာ။ အဲ့ဒီ့စိတ်ကလေးများတွေ့လာရင် ယောဂီတို့ ဟောဒီ့လူ့ပြည်၊ လူ့ရွာမှာလေ အင်မတန်နေလို့ကောင်းပါတယ်။ ဒါကြီးတွေက ဒီရုပ်ကြီးတွေက ကျုပ်တို့ခဏ ငှားလာတဲ့ အခွံကြီးတွေပါ။ တနေ့ထားခဲ့ရမှာ ခြောက်ပေခေါင်းထားခဲ့ရမှာ။ သူမသွားခင်၊ ဒီရုပ်မထားခင် နင်းသာကျင့်ကြပါ။ ကိုယ်သေချင်တိုင်းသေလို့ရတဲ့ရုပ်မဟုတ်ဘူး။ ဘုန်းဘုန်းတို့ဆို သေကွင်းတွေ အများကြီးကြုံခဲ့ရတယ် ဒါပေမယ့် ဒီတရားပြဖို့တွေက ရှိလာတော့ မသေပါဘူး။ ကိုယ်သေချင်တိုင်းသေလို့မရပါဘူး။
တရားတွေကျင့်တော့ ဝေဒနာတွေနဲ့ တွေ့လာတော့ ငါတော့သေတော့မှာပဲ ဆိုပြီးမပြင်နဲ့ ချ၊ သဒ္ဓါနဲ့သာတွန်းတင်။ ဆုံးအောင်လိုက်၊ သည်းခံ၊ ခွင့်လွှတ်၊ စွန့်လွှတ်ပြီးတော့လိုက် အဲ့သဒ္ဓါကအကျိုးပေးလိမ့်မယ်။ စိတ်ကလေးက သေတော့မှာပဲ၊ ဘာတော့မှာပဲနဲ့ အော်နေတဲ့စိတ်ကလေးက ဘုန်းဘုန်းတို့ ဒီဘက်တွေရောက်မှ သိလာတယ်။ ဒီသေတော့မှာပဲ ဆိုတဲ့စိတ်က မွေးတုန်းကလည်းပါမလာဘူး ငါ့ရုပ်ကြီးပဲ ငါ့ကိုယ်ကြီးပဲလို့ အသိမှား၊ အမှတ်မှား၊ အယူမှားတဲ့စိတ်က မွေးတုန်းကလဲ ပါမလာဘူး။ ဒီဘက်ရောက်မှ နှစ်ခါလည်ရောက်မှ သူ့ကိုယ်သူနာမည်တပ်ပြီးတော့မှတ်လို့သိတဲ့စိတ်၊ ခြေပဲ၊ လက်ပဲလို့သိတဲ့စိတ်က ပိုင်ရှင်မဲ့ကြီးကို သူ့ဟာလို့ယူထားတဲ့စိတ်က သေတော့ မှာပဲအော်နေတာ။ သူ့ဟာလဲ တစ်ခုမှ မပါဘူး။ ပိုင်ရှင်မဲ့ကြီးကို ပိုင်ရှင်လာလုပ်တဲ့ကောင် သေ၊ သေ။ ကိုယ့်စိတ်ကိုကိုယ် ရန်ဖြစ်ပြီးကျင့်နေကြရတာ။ သူများစိတ်မစစ်အားဘူး၊ အဲ့သည်လို ကိုယ့်စိတ်ကိုယ်စစ်ပြီး ကျင့်ရတာပါ ဘုန်းဘုန်းတို့တုန်းက။ ဘုန်းဘုန်းတို့က လက္ခဏာတွေပြင်ပေးရင်လွတ်ပြီး သက်သာလာတယ်။ သဒ္ဓါတွေတင်ပေးရင် သဒ္ဓါတွေတက်ပြီး သက်သာလာတယ်။ ဘုန်းဘုန်းတို့တုန်းကဆို ကိုယ့်ဟာကိုယ်ရုန်းပြီး တက်ခဲ့ရပါတယ်။ ဝေဒနာကို အဲ့ဒီလိုရုန်းပြီးတက်ခဲ့ရတာပါ။ ကဲ…တရားလဲအဆုံးသတ်ရင်း ဒီနေ့လည်း ကြိုးကြိုးစားစားလေးနဲ့ ကျင့်လိုက်ကြပါဦးစို့ ယောဂီတို့။
(ယုသင်းချို ရေးသားပူဇော်ပါသည်)
ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့(စင်္ကာပူ)
www.vizawdayatheinn.com
၁၂။ ဉာဏ်ခြယ်တဲ့ ဒီဆယ်လှိုင်း (Oct 13, 2018)
ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ဓမ္မကထိက ဆရာတော်တစ်ပါးက အသံနေ အသံထားလေးနဲ့ သင်ပေးခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ ငယ်ငယ်ကတော့ တစ်မူးရလို့ ကျက်ခဲ့ဆိုခဲ့ကြတာပေါ့။ ဒီဘက် တရားအကျင့်နယ်ရောက်တော့မှ ဒါတရားမှန်းသဘောပေါက်ပြီး သိလာခဲ့ရတယ်။
စိတ်တစ်လုံးက လောကကြီးဖြစ်ပုံနော် … မျက်စိပေါက်က စိတ်တစ်လုံး၊ နားပေါက်က စိတ်တစ်လုံး၊ နှာခေါင်းပေါက်က စိတ်တစ်လုံး၊ ပါးစပ်ပေါက်က စိတ်တစ်လုံး၊ ကိုယ်ပေါက်က စိတ်တစ်လုံး၊ မနောပေါက်က စိတ်တစ်လုံး၊ စိတ် (၆) စိတ်ရဲ့ လှည့်စားချက်တွေနော်။ ငယ်ငယ်က ကျက်ခဲ့ရတဲ့ ကဗျာလေးကတော့ …
“ပြည်နိဗ္ဗာန် ဖောင်ကတို့
ဆောင်ပို့မှ ရောက်လိမ့်မယ်
လောင်းလှေငါးဆယ်ဈေးရယ်နဲ့
ပေးရယ်လို့ဝယ်။
မိချောင်းကခြောက်ကောင်တွယ်
ဉာဏ်ခြယ်တဲ့ ဒီဆယ်လှိုင်း
ရှစ်ဆိုင်ကို နိုင်အောင်ဖွင့်နိုင်မှ
တင်သင့်ရင် တင်ပါလိမ့်မယ်ကွယ်
လောင်းရစ်ကျော်ဘုန်း။
(အာဇာနည်ဘုန်းကြီး)
ပြည်နိဗ္ဗာန် ဖောင်ကတို့ ဆောင်ပို့မှ ရောက်လိမ့်မယ် – ဆိုတာက နိဗ္ဗာန်ကိုသွားမယ်ဆိုရင်တော့ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယ ဆိုတဲ့ ဖောင်ကိုစီးကြရမယ်။ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယနဲ့မကြိုးစားရင်တော့ ပြည်နိဗ္ဗာန်ကြီးကို မရောက်နိုင်ကြပါဘူး။
လောင်းလှေငါးဆယ်ဈေးရယ်နဲ့ ပေးရယ်လို့ဝယ် – ဆိုတာက ယောဂီတို့ အခုရထားတဲ့ လူ့ဘ၀ ဒီခန္ဓာကြီးကို ဒါန၊ သီလတွေနဲ့ ဝယ်ခဲ့ကြရတာ။ လူဖြစ်ရပါလို၏ နတ်ဖြစ်ရပါလို၏ ဆုတွေတောင်းခဲ့ကြတော့ အခု ခန္ဓာငါးပါး ရုပ်ကြီးရလာကြပြီ။ အခုထိုင်နေတဲ့ ရုပ်ကြီးက ရူပက္ခန္ဓာပဲ မိန်းမ၊ ယောက်ျားမဟုတ်ဘူးနော်။ ဘုန်းဘုန်းပြောနေတာတွေ ဘာပြောပါလိမ့်လို့မှတ်သားနေတာ သညက္ခန္ဓာ။ ဘုန်းဘုန်းဆီ အာရုံလှမ်းပြုနေတာက သင်္ခါရက္ခန္ဓာ။ ပြောတဲ့အပေါ် လိုက်ခံစားနေတာက ဝေဒနက္ခန္ဓာ။ ဘုန်းဘုန်းဟောတဲ့တရားတွေ သိသိနေတာ ဝိညာဏက္ခန္ဓာခေါ်တယ်။ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိဉာဏ် ဒီခန္ဓာငါးပါးကြီးကို ဒါနတွေနဲ့ဆယ်ထားတာ။
မိချောင်းကခြောက်ကောင်တွယ် ဉာဏ်ခြယ်တဲ့ ဒီဆယ်လှိုင်း – ဆိုတာက မိမိတို့ရရှိထားတဲ့ ဒီခန္ဓာငါးပါးရုပ်ကြီးမှာ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊မနော ဆိုတဲ့ ဒြွာရ ၆ပေါက်ရှိတယ်။ အဲဒါကို “မိကျောင်း ၆ ကောင်လို့ခေါ်တယ်။ မျက်စိအကြည်ကို အဆင်းကလာတွယ်မယ်။ နားအကြည်ကို အသံကလာတွယ်မယ်။ နှာခေါင်းအကြည်ကို အနံ့ကလာတွယ်မယ်။ လျှာအကြည်ကို အရသာက လာတွယ်မယ်။ ကိုယ်အကြည်ကို တွေ့ထိစရာက လာတွယ်မယ်။ မနောအကြည်ကို ကြံတွေးစရာအတွေးကလာတွယ် ကြမယ်။
အဆင်း၊အသံ၊အနံ့၊အရသာ၊တွေ့ထိစရာ၊ကြံတွေးစရာ ဆိုတဲ့ မိချောင်း၆ကောင် အတိုက်ဓါတ် ၆ပါးကလာတွယ်လိုက်ရင် “ဉာဏ်ချယ်တဲ့ ဒီဆယ်လှိုင်း” အကုသလကမ္မပထတရား (၁၀) ပါးက လှိုင်းများလို ချယ်လှယ်လိုက်တယ်။ နေ့တိုင်း နေ့တိုင်း ကာယကံ၃ပါး၊ ဝစီကံ၄ပါး၊ မနောကံ၃ပါး၊ အကုသိုလ်ဒုစရိုက် ၁၀ ပါး ဖြစ်နေကြတယ်။ ရုပ်နာမ် ခန္ဓာအပေါ်မှာ အသိလေးနဲ့ နေရင်တော့ လွတ်တာပေါ့။ အသိနဲ့ မနေတဲ့သူကတော့ အဲဒီအကုသိုလ်ဒုစရိုက် ၁၀ ပါးက မလွတ်နိုင်ကြဘူး။
ကာယဒုစရိုက် = ကာယကံ (၃) ပါး ကတော့ …
(၁) ပါဏာတိပါတ = သူတပါးအသက်ကိုသတ်ခြင်း၊
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နှတ်တို့ဖြင့် မပေးအပ်သောသူတပါးဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ = သူတပါးသားမယားတို့အား မှားယွင်းစွာဖေါက်ပြန်ကျူးလွန်ခြင်း။
ဝစီဒုစရိုက် = ဝစီကံ (၄) ပါး ကတော့ …
(၁) မုသာဝါဒ = မဟုတ်မမှန်သောအရာကိုဟုတ်မှန်သည့်အနေဖြင့်လိမ်ညာပြောဆိုခြင်း၊
(၂) ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်း။
(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာဆဲရေးတိုင်းထွာပြောဆိုခြင်း၊
(၄) သမ္ဖပလာပ = မိမိသူတပါး နှစ်ဦးသားလုံးဝအကျိုးမရှိသောစကားပြောဆိုခြင်း၊
မနောဒုစရိုက် = မနောကံ (၃) ပါး ကတော့ …
(၁) အဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားယူရန် ကြံစည်ခြင်း။
(၂) ဗျာပါဒ = သူတပါးပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း၊
(၃) မိစ္ဆာဒိဋ္ဌိ = ကံ ကံ၏ အကျိုးကို မယုံကြည်မှု တို့ဖြစ်တယ်။
အဲဒီအကုသိုလ်ဒုစရိုက် ၁၀ ပါးထဲက တစ်နေ့တာ ဘယ်သူလွတ်ကြသလဲ။ ဘယ်သူမှ မလွတ်ကြဘူး။ အောက်အီးအီးအွတ်ဆိုတဲ့ အသံက နားနဲ့တိုက်တဲ့အခါ အသံက ဘဝင် (ဟဒယ) ကိုရောက်သွားရင် ဘဝင်မှာ ကြက်ဖြစ်သွားပြီး ကြက်ပုံ၊ကြက်ရုပ် ပေါ်လာမယ်။ ပေါ်လာရင် ကြားလိုက်တဲ့အသံပေါ်မှာ သာယာရင် ကောင်းတယ်ဆိုပြီး လောဘကုသိုလ်စိတ် ဖြစ်မယ်။ မသာယာရင် ဒေါသ အကုသိုလ်စိတ်ဖြစ်မယ်။ ဒါကြောင့် ကြားတဲ့အသံပေါ်မှာ ကုသိုလ် အကုသိုလ်စိတ်ဆိုပြီး စိတ် ၂ စိတ် ဖြစ်မယ်။
မျက်စိနဲ့အဆင်းနဲ့တိုက်ရင်လဲ အဆင်းပေါ်မှာ မှီပြီး မနောဘဝင်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆင်းဆိုသာယာတဲ့ ကုသိုလ်စိတ်ဖြစ်ပြီး မကြိုက်မနှစ်သက်ခဲ့ရင် မသာယာတဲ့ အကုသိုလ်စိတ်ဆိုပြီး စိတ် ၂ စိတ် ဖြစ်မယ်။
နှာခေါင်းနဲ့အနံ့ ထိတွေရင်လဲ မနောကဘဝင်မှာ မွှေးတယ်လို့ယူရင် ကောင်းတဲ့ကုသိုလ်စိတ်၊ နံတယ်လို့ယူရင် မကောင်းတဲ့အကုသိုလ်စိတ် ၂ စိတ်ဖြစ်မယ်။
ကိုယ်နဲ့တွေ့ထိစရာနဲ့တွေ့ရင်လဲ နူးနူးညံ့ညံ့ဆိုရင် ဘဝင်မှာကြိုက်ပြီး သာယာတဲ့ကုသိုလ်စိတ်၊ မာတယ် စူးတယ် ကြမ်းတယ်ဆိုရင် မသာယာတဲ့ အကုသိုလ်စိတ် ၂ စိတ် ဖြစ်မယ်။
လျှာမှာလဲ ကြိုက်နှစ်သက်တဲ့ အရသာနဲ့ထိတွေ့ရင် သာယာတဲ့ကုသိုလ်စိတ်၊ မကြိုက်နှစ်သက်တဲ့ အရသာနဲ့ထိတွေ့ရင် မသာယာတဲ့ အကုသိုလ်စိတ်ဆိုပြီး စိတ်၂ စိတ် ဖြစ်သွားမယ်။
မနောနဲ့အတွေးနဲ့တွေ့ပြန်ရင်လဲ ကိုယ်ကြိုက်တာလေးတွေးရင် သဘောကျပြီး စိတ်ကူူးယဉ်နေမယ် ကုသိုလ်စိတ်၊ မကြိုက်တာ တွေးမိရင် ဒေါသ အကုသိုလ်စိတ် ၂ စိတ် ဖြစ်သွားမယ်။
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆိုတဲ့ ၅ခုမှာ မြင်တဲ့အပေါ်၊ ကြားတဲ့အပေါ်၊ နံတဲ့အပေါ်၊ စားတဲ့အပေါ်၊ အတွေ့အထိအပေါ်မှာ မနောကကောင်းတယ် မကောင်းဘူး လုပ်ပေးတော့ မျက်စိပေါ်မှာ ၂ စိတ်၊ နားပေါ်မှာ ၂ စိတ်၊ နှာခေါင်းပေါ်မှာ၂ စိတ်၊ လျှာပေါ်မှာ၂စိတ်၊ ကိုယ်ပေါ်မှာ၂ စိတ် အားလုံး ၁၀ စိတ် ဖြစ်သွားမယ်။ မနောက ကောင်းမကောင်းလုပ်ပေးနေရလို့ ဒီနေရမှာ မနောကိုထည့်မစဉ်းစားဘူး။အဲဒီတော့ “ဒွေပဉ္စ ဝိဉာဏ် ၁၀” ဆိုပြီး စာပေမှာခေါ်ကြပါတယ်။ ဒါကြောင့် “ဉာဏ်ချယ်တဲ့ ဒီဆယ်လှိုင်း” ဆိုတာ ကုသိုလ် အကုသိုလ် ၁၀ ခုကို ပြောတယ်ဆိုတာ တွေ့ရတယ်။
ရှစ်ဆိုင်ကို နိုင်အောင်ဖွင့်နိုင်မှ – ဆိုတာကတော့ … ဒါကြောင့် ခုနကပြောတဲ့စိတ် ၁၀ ခုမှ လွတ်အောင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇိ၀ ဆိုတဲ့ သီလမဂ္ဂင် ၃ပါး၊ သမ္မာဝါယာမ၊ သမ္မာသတိ သမ္မာသမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင် ၃ပါး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ ပညာမဂ္ဂင်၂ပါး – မဂ္ဂင် ၈ ပါးနဲ့အနိုင်ကျင့်နိုင်မှ လွတ်ကြမယ်ကို ဆိုလိုတာပါ။
တင်သင့်ရင် တင်ပါလိမ့်မယ်ကွယ် လောင်းရစ်ကျော်ဘုန်း – ဆိုတာကတော့ … ဒီလိုကျင့်ကြံကြပေမယ့်လည်း ဉာဏ်ရည်မပေါ်ရင် တင်ချင်မှ တင်မှာပါ။ တင်သင့်ရင် တင်မှာပေါ။ မတင်နိုင်ကြတာက များသေးတယ်။ ဘဝကို လွတ်အောင်မသွားနိုင်ကြဘူးပေါ့။ ဒီလိုကျင့်ပေမယ့်လည်း ဉာဏ်ရည်မပါရင်တော့ မလွတ်နိုင်ကြဘူး။ ဘဝကို လွတ်အောင်မသွားနိုင်ကြဘဲ လူဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝတွေနဲ့ ကျန်ရစ်နေခဲ့ကြအုံးမှာပေါ့။ ရှေးဆရာတော်တွေ ဟောခဲ့တဲ့ တဘောင်လေးလို …
“ယက်သဲ့ကြား ငါးတင်
တင်တဲ့ငါး ကြောင်စား
ကျန်တဲ့ငါးမှ ဘုရားကယ်မယ်”
ဆိုသလိုမျိုးပေါ့။ ၅ ပါးသီလလုံတဲ့သူတွေ၊ သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေသာ ယက်သဲ့ကြားငါးတင်သလို တင်ကျန်ပြီး အဲအထဲမှာမှ တကယ်ဝိပဿနာဉာဏ်ရည်ထက်မြတ်တဲ့ သူတွေသာ ၃၁ ဘုံကနေ ဘဝလွတ်မြောက်ကြရမှာပေါ့။
ဉာဏ်မျက်စိနဲ့မမြင်ရင်တော့ ဘဝကို မကြောက်ကြဘူး။ ဘဝတွေမလွတ်ရင်တော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တော့ ရနေကြမှာ။ အိုခြင်း၊ နာခြင်း၊ သေခြင်းကနေ လွတ်မှာ မဟုတ်ဘူးနော်။ ဘဝတွေ ထပ်ထပ်ရနေကြအုံးမှာ။ တစ်ဘဝနဲ့ ပြတ်ချင်ရင်တော့ စိတ်တစ်လုံးကို သိစရာအကြွင်းအကျန်မရှိသိအောင် ရှူ့ကြ။ လောကကြီးဆိုတာက ကိုယ့်စိတ်က ဖြစ်တာချည်းဘဲ။ သိမှုဆုံးမှ အေးကြမှာ။ အသိဆုံးတော့ နိဗ္ဗာန်ပေါ့။ ချုပ်တာလေး ငြိမ်တာလေးတောင် မရှိစေနဲ့။ အသိကုန်ရင် ဒီဘဝမှာတင် အိုခြင်း၊ နာခြင်း၊ သေခြင်းက လွတ်ကြမှာပါ။ အခုဒီတရားတွေကျင့်နေတာလဲ အိုခြင်း နာခြင်း သေခြင်းက လွတ်အောင်ကျင့်နေကြတာဘဲ။ ဒီရုပ်ကြီးသေမှ လွတ်တာမဟုတ်ဘူးနော်။ ဒီရုပ်ကြီးရှိလျှက်နဲ့ပဲ ယောဂီတို့ရဲ့ မှားယွင်းနေတဲ့စိတ်တွေကို မဂ်က သတ်သတ်သွားတော့ စိတ်တွေ ပြောင်းပြောင်းသွားကြလိမ့်မယ်။ အင်မတန်ကိုမှ ကျင့်ထိုက် ကျင့်အပ်တဲ့ တရားပါ။ ဒီခန္ဓာကိုယ်ကြီးက တစ်နေ့ သေရမှာ၊ ဒါကြောင့်ခန္ဓာကို မငဲ့ဲညှာဘဲ သဒ္ဓါတင်ပြီး ကျင့်ကြရင် လွတ်မြောက်ကြပြီး လိုချင်တဲ့ပန်းတိုင် ပြည်နိဗ္ဗာန်ကို ရောက်ရှိကြမှာပါ…။
(ဇင်နွယ်ညွန့်ရေးသားပူဇော်၍ ရဲရင့်ရှင်းသန့်မှ ဓမ္မဒါနဖြင့် စာစီစာရိုက်ပေးပါသည်)
ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့(စင်္ကာပူ)
www.vizawdayatheinn.com
၁၁။ မူလသဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဋ္ဌ၏ ဝိပဿနာလက်တွေ့ကျင့်စဉ် (June 9, 2018)
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓ္ဓဿ ။
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓ္ဓဿ ။
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓ္ဓဿ ။
အောက်အဆင့်မှာတုန်းကတော့ ရုပ်က ဒုက္ခသစ္စာနော် ပညတ်ရုပ်။
၂ ။ မြတ်စွာဘုရား ၊ ဘုရားတပည့်တော်တို့သည်
ယခုတရားအားထုတ်ဆဲအခါ၌ မြတ်စွာဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍
တပည့်တော်၏ ရုပ်နာမ်နှစ်ပါး ၊ ခန္ဓာငါးပါးကို လှူဒါန်းပါ၏ ။
ကပ်လှူပါ၏ ။ ပူဇော်ပါ၏ အရှင်ဘုရား ။
ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး လှူဒါန်းပူဇော်ရခြင်း အကျိုးကြောင့်
မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား။
၃ ။ ကမ္မဋ္ဌာန်းဆရာဖြစ်တော်မူသော
သဲအင်းဂူကျောင်း ဆရာတော်အရှင်သူမြတ်ကြီးဘုရား ။
ဘုရားတပည့်တော်တို့သည် ယခုတရားအားထုတ်ဆဲအခါ၌
ဆရာတော်ဘုရားကြီးအား ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို လှူဒါန်းပါ၏ ။
ကပ်လှူပါ၏ ။ ပူဇော်ပါ၏ အရှင်ဘုရား ။ ဤရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး
ကပ်လှူပူဇော်ရခြင်း အကျိုးအားကြောင့် ဆရာတော်ဘုရားကြီးသိအပ်သော
ရုပ်တရား ၊ နာမ်တရား ၊ ဓာတ်တရား ၊ ပရမတ်တရား ၊
သစ္စာတရားတော်မြတ်တို့ကို ဘုရားတပည့်တော်တို့အား ပေးသနားတော်မူပါ အရှင်ဘုရား။
၄ ။ ဘုံ – သုံးဆယ့်တစ် ၊ ရှိရှိသမျှ အနန္တဝယ် ကုန်းမှာနေကိုးကုဋေ ၊
ရေမှာနေဆယ်ကုဋေ ၊ ကုန်းသတ္တဝါ ရေသတ္တဝါ ၊
စကြာဝဠာတံတိုင်း ဖီကာပတ်ကုန်း ၊ ကုန်းမကျန် ၊ ရေမကျန် ၊
အထက်ဘဝဂ် အောက်အဝီစိထိ ၊
သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ
ဒုက္ခိတ သတ္တဝါအပေါင်းတို့အား ကျွန်ုပ်တို့၏ ပြုအပ်သော
ဒါနကုသိုလ် ၊ စောင့်ဆည်းအပ်သော သီလကုသိုလ် ၊
ပွားများအားထုတ်ရသော ဘာဝနာကုသိုလ်တို့၏အဖို့ဘာဂကို
ကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှ ရကြရအောင် အားလုံး
ကြားကြားသမျှ အမျှ – အမျှ – အမျှ ယူတော်မူကြပါကုန်လော့ ။
၅ ။ အရိယာသူတော်ကောင်း ၊ သူတော်မြတ် ၊ သူတော်စင်အားလုံးက
ပို့သသောမေတ္တာ ပေးဝေသောကုသိုလ်အဖို့ဘာဂကိုလည်း
ကျွန်ုပ်တို့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓု – သာဓု – သာဓု ။
အထက်ပါအတိုင်း ဘုရားဝတ်ပြု ၊ ရွတ်ဆို ၊ အမျှဝေ – ပရိကံပြုပြီးသောအခါ
မိမိသက်သာသော အနေအထားဖြင့်ထိုင်ပါ ။
တင်ပျဉ်ခွေဖြစ်စေ ၊ မိန်းမထိုင်ခပ်ကျုံ့ကျုံ့ဖြစ်စေထိုင်နိုင်ပါသည် ။
လက်နှစ်ဖက်ကိုလည်း ထပ်၍ဖြစ်စေ ဖြန့်၍ဖြစ်စေထားနိုင်ပါသည် ။
((( သဲအင်းတရားထိုင်နည်းသည် ဒုက္ခဝေဒနာများကို အစ ၊ အလယ် ၊ အဆုံး
တန်းကုန်အောင် သိရန် အားထုတ်ရသော ကျင့်စဉ်ဖြစ်သဖြင့်
ထိုင်ပြီးသောအခါ အနေအထား ဣရိယာပုတ်ကို လုံးဝမပြင်ရတော့ပါ ။
ယားလည်းမကုတ်ရပါ ။
သွားရည်ကျ ၊ မျက်ရည်ကျလည်းမသုတ်ရပါ ။
နာကျင်ကိုက်ခဲလျှင်လဲမထရပါ ၊ ပိုးမွှားကိုက်လည်းမလှုပ်ရပါ ။
ဤအချက်ကို အထူးသတိပြုပါ )))
ထိုင်ပြီးသောအခါ မိမိရှူရှိက်နေသော ဝင်သက်ထွက်သက်
တိုးဝှေ့တိုက်ခိုက်သွားသော နှာသီးဝ၌အာရုံစိုက်
အသိကပ်ထားပါ ။ အစပထမတွင် အာရုံပြန့်လွင့်နေတတ်ပါသည် ။
ထိုအခါ ဝင်သက်ထွက်သက်ကို ခပ်ဆတ်ဆတ်လေး
ရှူရှိုက်ပါက စိတ်ငြိမ်လာပြီး အာရုံစူးစိုက်လာနိုင်ပေလိမ့်မည် ။
ဝင်လေထွက်လေ နှာသီးဝ၌ထိလျှင်ထိမှန်း အာရုံစိုက်နိုင်လာပြီး
သမာဓိအားကောင်းလာပေမည် ။
တရားထိုင်၍ မိနစ်(၂၀) ခန့်ကြာသောအခါ နာကျင် ၊
တောင့်တင်း ၊ ထုံကျင် ၊ ကိုက်ခဲ စသော ဝေဒနာတစ်ခုခု ပေါ်လာပေလိမ့်မည် ။
တစ်ဦးနှင့်တစ်ဦး မတူညီကြပါ ။ ထိုအခါ နှာသီးဝ၌သိနေသော အသိစိတ်က
ပေါ်လာဝေဒနာကို သူ့သဘောနှင့်သူ သွားပြီးသိလိမ့်မည် ။
တမင်လုပ်မယူရပါ ။ အစိုးမရခြင်း ၊ အနတ္တလက္ခဏာပင်တည်း ။
ဓာတ်လေးပါးအနက် တစ်ပါးပါးက စဖေါက်ပြီဟုလည်း သိရမည် ။
ပညာသိနှင့် သညာသိ ကွဲပြားအောင် အားထုတ်ရမည့် အချိန်ရောက်လာလေပြီ ။
ပေါ်လာသောဝေဒနာများကို နာတယ် ၊ ကျင်တယ် ၊
အောင့်တယ် ၊ ပူတယ် ၊ အေးတယ် အစရှိသဖြင့်
မိရိုးဖလာအတိုင်း အမှတ်မပြုရပါ ။ အားလုံးကို ခံစားတယ်ဟု အမှတ်ပြုပါ ။
(သို့မဟုတ်)
ဝေဒနာနာမ်၏ ခံစားခြင်းသဘော ဟု အမှတ်ပြုပါ ။
(သို့မဟုတ်)
ဝေဒနာဟု အမှတ်ပြုပါ ။
မိမိနှစ်သက်ရာတစ်ခုခုကိုသာ ခြုံ၍အမှတ်ပြုပါ ။
ဝေဒနာပြင်းထန်လာလျှင် ဝင်လေထွက်လေကို ပြင်းပြင်းရှူပါ ။
ဝေဒနာပို၍ ပြင်းထန်လာလျှင် ဝင်လေထွက်လေကို
ပို၍ပြင်းပြင်းရှူပါ ။ နှာသီးဝ၌ အသိမလွတ်ခြင်းသည်
(သမာဓိမြဲခြင်းဖြစ်ပြီး) ဓာတ်လေးပါးဖေါက်ပြန်မှုကို
ဝေဒနာနာမ်၏ ခံစားခြင်း ၊ (သို့မဟုတ်) ဝေဒနာဟု ခြုံ၍
အမှတ်ပြုပြီး သိနေခြင်းသည် (ပညာသိ)ဖြစ်ကြောင်း
ရှေ့တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည် ။
သမာဓိနှင့်ပညာ ဆတူညီတူရှိမှ တရားအရမြန်သည် ။
ဆိုလိုသည်မှာ နှာသီးဝမှာ အာရုံစိုက်၍ သိနေသော
တစ်ချိန်တည်းမှာပင် ပေးလာသောဝေဒနာကိုလဲ
အထက်ဖေါ်ပြပါ အမြင်မှန် ပညာသိနှင့်လည်း သိနေရပါမည် ။
(သမာဓိနှင့်ပညာ) (ဘောင်ချိန်ပေးရမည်) ဟု
ဆရာတော်ဘုရားကြီးက အမိန့်ရှိပါသည် ။
ဆိုလိုသည်မှာ
ဝေဒနာအလွန်ပြင်းထန်ပြီး မခံမရပ်နိုင်အောင်ဖြစ်လာသောအခါ
သမာဓိချိန်ခွင်လျှာဖက်ကို အလေးသာပေးသည့်
အနေနှင့် နှာသီးဝတွင်သာ စိတ်ကို အတင်းကပ်၍လေကို
ယခင်ထက် (၆)ဆပိုပြီး ပြင်းပြင်းရှူပါ ။
ထိုအခါ ဝေဒနာသက်သာသွားပေလိမ့်မည် ။
(ဝေဒနာတစ်ကျပ်သားဆို သမာဓိတစ်ကျပ်သား)
(ဝေဒနာနှစ်ကျပ်သားဆို သမာဓိနှစ်ကျပ်သား) ဟု
ဆရာတော်ဘုရားကြီးက လူတိုင်းနားလည်အောင်
(ဘောင်ချိန်နည်း)ကိုပြပေးတော်မူပါသည် ။
ဝေဒနာခံသာသွားသည်နှင့် စိတ်ကို နှာသီးဝနှင့်
ဝေဒနာပေါ်ပြန်၍ မျှထားလိုက်ရမည် ။
နှာသီးဝ၌သာ အတင်းအာရုံစိုက်၍
ဝင်လေထွက်လေကို မှတ်မနေရပါ ။
ခန္ဓာကိုယ်၌ဖြစ်နေသော ဝေဒနာကိုလဲ
သည်းခံပြီး အမြင်မှန် ပညာသိဖြင့်
ဓာတ်လေးပါးဖေါက်ပြန်သော သဘောပါလားဟု ရှုမှတ်နေရမည် ။
နှာသီးဝ၌သာ အတင်းအာရုံစိုက်နေပြီး ခန္ဓာကိုယ်မှ ဝေဒနာကို
လျစ်လှူရှုနေလျှင် ပညာသိမရနိုင်ဘဲ
သမာဓိသာရှိသဖြင့် သမထဘာဝနာ ဖြစ်သွားပေလိမ့်မည် ။
ဝိပဿနာဘာဝနာဟူသည် သမာဓိနှင့် ပညာ –
ဘောင်ချိန်ပေးပြီး အမြင်မှန် အသိမှန်ရရန်
ကြိုးစားအားထုတ်ရသော ဗုဒ္ဓမြတ်ဘုရားချမှတ်သော ကျင့်စဉ်ဖြစ်ပါသည် ။
တဖန် အသက်ရှူရှိုက်မှုကို ရပ်နားပြီးပေါ်လာသော
ဝေဒနာကိုမှိန်း၍ လိုက်လံရှူပွားခြင်းလည်းမပြုရပါ ။
အသက်ရှူရှိက်မှုကို တရားအားထုတ်ချိန်မှစ၍
လုံးဝမရပ်ဘဲ မပြတ်ရှူရှိုက်နေရပါမည် ။
ဓာတ်လေးပါးဖြစ်သော ရပ်၏ဖေါက်ပြန်မှုနှင့် ခံစားသောနာမ်သည်
အနိစ္စသဘောအရ မမြဲဘဲ တစ်ထပ်တည်း
တစ်ချိန်တည်း ချုပ်ပျောက်သွားရမည်ဟူသော
ဗုဒ္ဓမြတ်စွာဘုရား၏ စကားတော်နှင့် သဲအင်းဂူဆရာတော်ဘုရားကြီး၏
စကားတော်ကို အကြွင်းမဲ့ယုံကြည်မှု ၊
သဒ္ဒါတရားလက်ကိုင်ထား၍ ဆက်လက်ရှုမှတ်သွားပါမည် ။
ဝေဒနာသည် မခံမရပ်နိုင်အောင် အမြင့်ဆုံးအဆင့်သို့ရောက်လာပေလိမ့်မည် ။
ထိုအချိန်တွင် တော်ချင်သောအကုသိုလ်စိတ်ကို
မတော်ချင်သော ကုသိုလ်စိတ်ဖြင့် အနိုင်ယူပြီး ဆက်လက်ရှုမှတ်ပါ ။
(ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင်) ဟု
ဆရာတော်ဘုရားကြီးက အားပေးတော်မူခဲ့ပါသည် ။
(တော်ချင်သောစိတ်က အကုသိုလ်စိတ် ၊ အပါယ်လားမဲ့စိတ် ၊
နောက်စိတ်က ကုသိုလ်စိတ် နိဗ္ဗာန်သွားမဲ့စိတ်) ဟုလည်း
မိန့်ကြားတော်မူပါသည် ။
ဤကဲ့သို့ဘောင်ချိန်ရင်း သည်းခံရင်း ဝင်လေထွက်လေကို
အဆက်မပြတ်ရှူရှိုက်ကာ အားလျော့ဘဲ ဇွဲတင်းပြီး
ရှုမှတ်သွားပါက အနတ္တသဘောအရ သူ့သဘောနှင့်သူ
ဖေါက်ပြန်လေသော ဆင်းရဲဒုက္ခဝေဒနာကြီးသည်
အနိစ္စမမြဲခြင်းသဘောအရ တစ်ဖြည်းဖြည်း
ဒီရေကျသည့်အလား ပြေလျော့ကာ နောက်ဆုံး လုံးဝချုပ်ပျောက်သွားကြောင်း
အံ့သြစွာသိလာပေလိမ့်မည် ။
ရုပ်နှင့်နာမ်တစ်ထပ်တည်းချုပ်ပျောက်သွားခြင်းဖြစ်ပါသည် ။
ဥပမာပြရသော် –
တင်ပျဉ်ခေါထိုင်နေသော ခြေသလုံးနှင့်ပေါင်သည်
နာကျင်ကိုက်ခဲမှု အဆုံးစွန်ရောက်ပြီး သွေးသွား
သွေးလာပြတ်ကာ ပုတ်၍ပြတ်ကျတော့မည့်အလား
ဖြစ်နေရာမှ တစ်ဖြည်းဖြည်းဝေဒနာလျော့ကျကာ
နောက်ဆုံး၌ ဘာမှ မဖြစ်သကဲ့သို့နာကျင်ကိုက်ခဲမှု
ဝေဒနာအားလုံး ပျောက်ကွယ်သွားပေမည် ။
ဖြစ်ပျက်ဖေါက်ပြန်ခဲ့သော ပြင်းထန်သော
ဝေဒနာဆိုးများသည် ဟုတ်မှ ဟုတ်ပါလေစဟု
ယုံမှားသံသယဖြစ်လောက်အောင်
အစအနအငွေ့အသက်များ လုံးဝမကျန်ခဲ့ဘဲ
ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားပြီး
အလွန်ချမ်းသာသော သုခဝေဒနာကိုသာ သင်ကြုံလာရပေမည် ။
ဤကဲ့သို့ဝေဒနာ၏ အစ ၊ အလယ် ၊ အဆုံးကို
ရှုမှတ်သိရှိထားသော သဲအင်းဂူယောဂီသည် အပါယ်လေးဘုံသို့
မလားနိုင်တော့ပါ ။ ရုပ်နာမ်တစ်ထပ်တည်း
ချုပ်ပျောက်သော သဘောဖြစ်သည့်
ဝေဒနာချုပ်သည်အထိ
သည်းခံ ၊ ဇွဲတင်း၍ အားထုတ်ခြင်းဖြင့် တဒင်္ဂမဂ်ကို ရသည်ဟု
ဆရာတော်ဘုရားကြီးကအထင်အရှားအာမခံ အမိန့်ရှိတော်မူပါသည် ။
ဤအဆင့်သို့အားထုတ်ဖူးသောယောဂီသည်
အကြီးမားဆုံးသော အခက်အခဲတစ်ခုကို
ကျော်လွန်နိုင်ခဲ့ပြီဖြစ်သောကြောင့် ငါသည် အပါယ်မလားတော့ဟု
ဝမ်းသာစွာဂုဏ်ယူနိုင်ပါပြီ ။ ထို့အပြင် ငါသည် ယခုဘဝမှာပင်
အရိယာဧကန်ဖြစ်လိမ့်မည်ဟု ယုံကြည်စိတ်ချနိုင်ပါပြီ ။
သို့ဖြစ်ပါ၍ သင့်တော်ရာ သဲအင်းဂူတိုက်ခွဲ ကမ္မဋ္ဌာန်း
(ဋ္ဌာနချုပ်) ကျောင်းတွင်၎င်း ၊ ဆက်လက်၍ ကျင့်ကြံ
အားထုတ်သွားပါလျှင် တဒင်္ဂမဂ်များစွာစုပြီး
မဟာမဂ်ကြီးဆိုက်ကာ အရိယာဖြစ်ပါလိမ့်မည်ဖြစ်ကြောင်း
မေတ္တာ စေတနာနှင့်တိုက်တွန်းလိုက်ရပေသည် ။
(လက်တွေ့ကျင့်စဉ်ပြီး၏)။
အားလုံးသောဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အား ယခုဘဝမှာပင်လျင် တရားထူးများရနိုင်ကြပါစေကြောင်း ဆုတောင်းလျက်….။
Source:
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ပူဇော်ပါသည်။
၁၀။ လောကသုံးပါးမြင်ပုံ – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 9, 2018)
အောက်အဆင့်မှာတုန်းကတော့ ရုပ်က ဒုက္ခသစ္စာနော် ပညတ်ရုပ်။ အခု နာမ်အပိုင်းကူးလာတော့ သိမှုဒုက္ခသစ္စာ ဖြစ်လာတယ်။ အရင်က စားရတာ ဒုက၊္ခ အိပ်ရတာ ဒုက္ခ၊ သွားရတာ ဒုက္ခ။ အခု နားနဲ့ အသံနဲ့ကြားလို့ သိမလို့လုပ် ဒုက္ခ၊ နှာခေါင်းနဲ့အနံ့နံတာ သိမလို့လုပ် ဒုက္ခ၊ ဒီသိမှုလေး ဒုက္ခသစ္စာဖြစ်နေတာကို ပြောတာနော်။ အဆင်းကိုသွားသွားသိတဲ့ သိမှုလေးက ဒုက္ခသစ္စာဖြစ်နေတာ။ မျက်စိ နား နှာ လျှာ ကိုယ် မနောမှာ သိမလို့လုပ် ဒုက္ခသစ္စာဖြစ်နေရောဗျာ။ သိမှုဒုက္ခသစ္စာအစစ်က သိမှုဆိုတာ ဒုက္ခပဲလို့ သိတယ်၊ သိမှုဆိုတာလည်း နာမ်ပဲ။ ဒီနာမ်သိမှုလေးက ဒုက္ခသစ္စာဖြစ်တော့ မလွတ်တော့ဘူး။
ဘာနဲ့ဥပမာတူသလဲဆိုတော့ ရှေ့ဆရာတော်တွေဟောတဲ့ ငါးဖမ်းတဲ့လူတယောက် အဲငါးဖမ်းတဲ့ဆောင်းထဲမှာ မိနေတဲ့ဟာကို ငါးမှတ်ပြီး ကိုင်ထားတာ… ကြည့်လိုက်မှ မြွေဟောက်ကြီးမှန်းသိတော့ ဒုက္ခဖြစ်သလို၊ ဟိုသိမှုလေးတွေ့တော့ ငါလွတ်ပြီဟေ့လို့ ဝမ်းမြောက်ဝမ်းသာနဲ့ ထိနေတဲ့အပေါ်မှာ သတိထားလိုက်တော့ သိနေတဲ့အပေါ်မှာ ဒုက္ခသစ္စာဖြစ်နေတာဟာ မြွေဟောက်ကြီးကိုင်မိသလိုဖြစ်နေပြီ။ ပထမတော့ ဆောင်းနဲ့အုပ်သလိုပေါ့ ဒီအသိလေးသိရင်တော့ သံသရာလွတ်ပြီဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာနဲ့ ကြားတဲ့အပေါ်မှာ သေချာ သတိထား မြင်တဲ့အပေါ်မှာသေသေချာချာ သတိထားတယ် ဒီအသိလေးကိုပဲ သတိထားတော့ သိတာက သဘာဝလည်းသိလိုက်ရော သိမှုဒုက္ခသစ္စာဖြစ်နေတယ်။ အဲ့နေရာမှာ မြင်မလို့လုပ် သိပြီးသား ကြားမလို့လုပ် သိပြီးသား နံမလို့လုပ်သိပြီးသား ထိမလို့လုပ်သိပြီးသား သိမှုဒုက္ခသစ္စာဖြစ်လိုက်တာ ဖန်းခနဲ ဖန်းခနဲ ဖဿပစ္စယာဝေဒနာဆိုတာ အဲ့ဒီဖဿ အသံက နားအကြည်ကို ဖဿ လာတိုက်တယ်၊ အဆင်းက မျက်စိအကြည်ကို ဖဿ လာတိုက်တယ်၊ အနံ့က နှာခေါင်းအကြည်ကို ဖဿ လာတိုက်တယ်၊ ဖဿလာတိုက်တာသိပ်ပြင်းတာပဲ လက်သီးနဲ့ထိုးသလိုပဲ ဒီသိမှုကြီးဟာ ဒုက္ခသစ္စာ အကြီးအကျယ်ဖြစ်နေခဲ့တယ်။
အော် ငါဒီတရားကျင့်မိတာမှားပြီ … ငါဒုက္ခတွေဖြစ်ပါတကော တရားအပေါ်မှာဖြစ်ပုံနော် ဘယ်ပြေးရမှန်းလည်းမသိ ဒီသိမှုနဲ့လွတ်တဲ့နေရာ တခုမှလည်းမရှိ၊ ခုနကပညတ်နိမိတ်ထဲ ပြန်ကြည့်လိုက်တယ်။ ဒီနတ်ရယ် ဗြဟ္မာရယ်လို့ ဖြစ်ပြန်ရင်လည်း ဒီသိမှုရှိရင် ဒုက္ခသစ္စာဖြစ်ပြန်ဦးမယ်၊ ဘယ်ရုပ်နာမ်ရရ ဘယ်သွားသွား ဒီသိမှုဟာ ဒုက္ခသစ္စာဖြစ်မယ်၊ ငါ ဒီသိမှုကြီးရလို့ ဒုက္ခသစ္စာဖြစ်တယ်ဆိုပြီး ကြောက်လာတယ်၊ သုံးလေးရက်ခံလိုက်ရတာ။ တရားက တရားသေကြီးနော်။ ဘုန်းဘုန်းတို့ ကျင့်လို့ခံရတာ။ ရုပ်တုန်းကလည်း ခံခဲ့ရ၊ အခုနာမ်ကျတော့လည်း ခံရ၊ အိပ်လည်း သိမှုကြီးနဲ့မအိပ်နိုင်ဘူး။ ခွေးဝဲစားကြီးလိုနေစရာမရဖြစ်နေတော့ ဒီရုပ်လည်းမလိုချင်တော့ဘူး ဒီသိမှုလည်းမလိုချင်တော့ဘူး၊ အဲ့ဒီတော့ ဒီသိမှုကြီးနဲ့ သေတာပဲကောင်းတော့တယ်။ဒီတခါတော့ ငါတကယ်သေမယ် ဟိုရုပ်တုန်းက မသေခဲ့ဘူး။ အခုနာမ်ကျမှ တကယ်သေရတော့မယ်လို့ မိန်းမလုပ်သူကို သွား ရန်ကုန်မြို့ထဲရုပ်ရှင် ၂ ပွဲသွားကြည့် ခလေးပါခေါ် လမ်းထဲက အဖေါ်ပါခေါ်သွားပါ။ ပြီးရင် သုံးဘီးနဲ့ပြန်လာခဲ့ဆိုတော့ သူလည်းဝမ်းသာပြီးထွက်သွားခဲ့တာ။ ဒီမှာက သူပြန်မလာခင် သေရတော့မှာကော။
သူလည်းထွက်သွားရော ဘယ်ပြောကောင်းမလဲ … တံခါးပိတ် ဘုရားရှိခိုး သီလယူ သရဏဂုံတင်တာပေါ့။ သေမှ သရဏဂုံ အပါးတစ်ထောင်နဲ့တင်လည်း ကိုယ်သိမှာမှမဟုတ်ပဲ။ မသေမှီ ကိုယ့်ဟာကိုယ်တင်တာပေါ့၊ ညောင်တုန်းက မိဘတွေလှမ်းကန်တော့ အပြစ်ကြီးအပြစ်ငယ်ရှိရင် ခွင့်လွှတ်ပါ၊ ကိုယ့်ရဲ့ဆရာသမားတွေ ၃၁ ဘုံမှာရှိတဲ့ ကိုယ့်ထက်ကြီးတဲ့သူတွေ ကန်တော့၊ ပရိကံယူပြီးတော့ ထိုင်တာပေါ့။ ဒီသိမှုဒုက္ခသစ္စာကြီးကို သိတော့ဟာဆိုပြီးတော့ လွှတ်ပေးလိုက်တယ်၊ ဘာပြောကောင်းမလဲ ဗြောင်းဆန်နေတာပေါ့။ ဘာနဲ့တူသလဲ ဆိုတော့ ဘိလိယက်ထိုးသလိုပေါ့ တလုံးထိလိုက်တာ အလုံးပေါင်းမြောက်များစွာထိထွက်သွားသလို၊ သိလိုက်တာ မွနေတာပဲ နံတာသိ ကြားတာသိ မြင်တာသိ သိလိုက်တာဆိုမှ တကိုယ်လုံးအပ်ချစရာမရှိအောင်သိလိုက်တာ၊ သိစမ်းဟာ လွှတ်လိုက်တာ ဒါဘုန်းဘုန်းအသေသတ်နေတာ သေချင်လည်းသေတော့ဟာဆိုပြီး ဒုက္ခသစ္စာကြီးလွှတ်ပေးလိုက်တာ၊ ဒီသိမှုဒုက္ခသစ္စာပေါ်ကနေ ဒီသိမှုတွေငါဘယ်ကရလာသလဲ … စာပေနယ်ထဲက ဝိသုဒ္ဓိနဲ့ဆိုရင် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိလို့ ခေါ်တယ်။ ဒီဒုက္ခသိမှုတွေကြားထဲကနေ သက်သက်ဉာဏ်တခု ခွဲထွက်သွားတာ၊ ဒါမိမိမဟုတ်ဘူးနော်။ ဝိပဿနာသာကျင့် ဝိပဿနာစိတ်၊ ဝိပဿနာဉာဏ်က အလိုလို သူ့ဟာသူသွားတယ်။
ဆန်ပြုပ်ကလေးသောက်တုန်း တသိပြီးတသိ သိမှုတွေရခဲ့သလို ဒီမှာလည်းသိမှုတွေ ဒုက္ခသစ္စာရနေတယ်။ မိမိအာရုံလေးကနေ ဒီသိမှုတွေ ဘယ်ကရသလဲလို့ရှာလိုက်တာ ဟိုမှာသိမှုတွေ တသိပြီးတသိကြားထဲမှာ တသိပြီးတသိချုပ်တဲ့ ချုပ်ရာ ချုပ်ရာကြားထဲကို အာရုံပြုမိလိုက်တာ ဟိုမှာချုပ်သလို ဒီမှာလည်းချုပ်နေတာ ကိုယ်မသိလိုက်ဘူး။ ချုပ်လိုက်တာ နာရီဝက်လောက်ကြာတယ်။
နောက်မှသတိရတယ်။ ဟယ် … ငါချုပ်နေပါလားလို့လည်းပြန်သိလိုက်ရော ဒီအသိဟာ စောစောကအသိထက် ဆယ်ပြန်မကသာတယ်၊ ဒုက္ခကိုဖိရိုက်သွားတာ စောစောကတော့ လက်ဝါးနဲ့ ရိုက်သလို အခုတော့ လက်သီးနဲ့ထိုးသလို မျက်စိပေါက်၊ နားပေါက်၊ ကိုယ်ပေါက်၊ နှာခေါင်းပေါက် မချိမဆန့်ခံစားနေရတယ်၊ အဲ့ဒီတော့မှ ဖြစ်ချင်ရာဖြစ်ရော့ဟယ်လို့ လွှတ်ပေးလိုက်တော့ ခုနကလို သိမှုချုပ်တဲ့နေရာလေး ချုပ်ရာ ချုပ်ရာလေးကို လှမ်းမျက်မှောက်ပြုမိပြန်တော့ လွတ်ပြန်ရော၊ ဒီတခါကျတော့ တနာရီလောက်ကြာတယ် လွတ်နေတယ်။
မသိဘူး နောက်မှ ဟယ် ငါလွတ်နေပါလားလို့ ပြန်သိလည်းသိလိုက်ရော့ ဒီတခါအသိကျတော့ဗျာ ဘယ်လောက်ကြောက်ဘွယ်ရာကောင်းလဲဆိုတော့ ဥပမာပြောတာနော်.. အင်မတန်ဗလတောင့်တောင့်လူကြီးတဦးဟာ ဒါးမြှောင်ကြီးကိုင်ပြီး စေ့စေ့ညက်ညက်ကျေအောင် ထိုးသတ်မလို့လာဘိသကဲ့သို့ ပြေးစရာမရှိတော့ဘူး။ သတ်ပါတော့လို့ လည်စင်းခံရတဲ့ ဥပမာလို.. တခါတည်းလာတော့တာပဲ။ သူလာတာကို သိနေတယ်။ ဒီကဘာကိုကာဗာယူရမှန်းမသိဘူး။ ဟိုရှောင်လို့မရ ဒီရှောင်လို့လည်းမရ ဒီသိမှုကိုနော် နောက်ပိတ်ဆုံးကျတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ ဘုန်းဘုန်း ဟိုသိပြီးချုပ်ရာနေရာလေးကို လှမ်းအာရုံပြုထားတယ် အဲ့ဒီမှာမသိတော့ဘူး။
မသိလည်းမသိရော့ ပြောင်ပြောင်ကြီး ပြန်အသိပေါ်တာမဟုတ်ပဲ လွတ်နေတယ်၊ သဘောပေါက်လာတယ်။ ဒါမဂ်ဝင်ခန်းလေးတွေနော် … မဂ်ဝင်တယ်ဆိုတာ ကိုယ်လုပ်ယူလို့မရဘူး။ ကြည့်စမ်း ခုနကလွတ်နေတာကို လွတ်တယ်လို့သွားသိချင်တာ သမုဒယသစ္စာပါလား … ဒီသိမှုပြန်ဖြစ် ပြန်သိလာတာ … ဒုက္ခသစ္စာပါလား၊ ဪ ဒါသမုဒယသစ္စာ … ဒါဒုက္ခသစ္စာပါလား သိသွားပြီ အကျိုးတရား အကြောင်းတရားပေါ်က သမုဒယနဲ့ ဒုက္ခတွေ့သွားပြီ၊ သစ္စာလေးချက် လက်တွေ့ရိုက်ပြတာ၊ ဒီတခါလွတ်ရင်တော့ဆိုပြီး လွတ်ပြီးသားကြီးကို မသိဘဲ ေယောင်ယမ်းလွှတ်နေတာ လွတ်အောင်လွှတ်နေတာ အဲ့ဒီနေရာမှာ အနောက်က ဒေါသရှိတော့ ဟေ့ဒီမှာကြည့်ဆိုသလိုပဲ အနောက်ကို ဒေါသဆီကို ပြန်ကြည့်လိုက်တာ ချုပ်သွားတော့ လွတ်သွားတော့တယ်၊ ဟယ် ဒါက လွတ်ပြီးသားကြီးကို လွတ်ချင်တာက သမုဒယသစ္စာ မလွတ်တာက ဒုက္ခသစ္စာ၊ ဟိုဘက်က လွတ်တာကို သိချင်တာက သမုဒယသစ္စာ၊ မလွတ်တော့ သိမှုပြန်ပေါ်လာတာက ဒုက္ခသစ္စာကတပိုင်း။ အကျိုးတရားပေါ်က ဒုက္ခ-သမုဒယတချက်၊ အကြောင်းတရားပေါ်က ဒုက္ခ-သမုဒယတချက်၊ နှစ်ဘက်လာတွေ့နေတယ်။ ဒါကြောင့်မို့ ယောဂီတို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးမှာ ၄ ချက်ပြထားတယ်။ ဒုက္ခ-သမုဒယ အကြောင်းပေါ်ကနှစ်ချက်၊ အကျိုးပေါ်ကနှစ်ချက် ပြလိမ့်မယ်။
အဲ့ဒီလို ဒုက္ခသမုဒယ၊ ဒုက္ခသမုဒယ နှစ်ခုတွေ့တော့မှ သူ့ဟာသူ ပင်ကိုယ်လွတ်နေတာကြီးကို လွတ်ချင်တော့ ဒီမှာဟေ့လို့ နောက်ပြန်လှည့်ပြလိုက်သလို ဘဝင်ကိုပြန်မြင်လိုက်တာ ဟင်းလင်းပြင်ကြီးဖြစ်သွားတယ်။ ဘာနဲ့တူသလည်းဆိုတော့ စောစောတုန်းက ဗဟိဒ္ဓပညတ်လိုမြင်သလို ဒါပေမယ့် အဲ့ကဟာက တမျိုး၊ အခုက ဒီကခန္ဓာကြီးပျောက်ပြီးတော့ မမြင်တော့ဘူး။ ဟင်းလင်းပြင်ကြီးဖြစ်သွားတယ်၊ အကုန်လုံးနော် တောမရှိ တောင်မရှိ ရေမရှိ မြေမရှိ သစ်တစ်ပင်ရှာမရ ပုဂ္ဂိုလ်သတ္တဝါတဦးမှမရှိ ဘာဘုံမှလည်းမရှိဘူး၊ သိမှုလေး အကြည်ဓါတ်ကလေးတော့ ရှိတယ် ကြည်နေတယ် စိတ်အကြည်လေးပေါ့။
အဲ့ဒီနေရာမှာ မေးတယ် … သညာကို ပညာကရှင်းတယ်။ ဒါဘာလည်းပေါ့.. ငါဘယ်ရောက်နေလဲ ဘာဖြစ်နေလဲ စဉ်းစားဆင်ခြင်လို့ရတယ်၊ ဘာလဲ လို့ဆင်ခြင်လိုက်တော့ သြကာသလောက လောက ၃ ပါးပွင့်လာပြီ။ ဓမ္မစက္ခုံ ပွင့်လာတာကော။ ဆရာသမားတွေကလည်း ဟောဘူးတယ် သြကာသလောကဆိုတာ သစ်ပင် တောတောင် ရေမြေသမုဒ္ဒရာ ဒါသြကာသလောကပဲ၊ အခုဘယ်မှာလဲ ဟင်းလင်းပြင်ကြီးထဲမှာ ဘယ်လိုလာပြီး သြကာသလောကဖြစ်နိုင်သလဲ ဟိုကသိခဲ့တာက ပညတ်ကော ဒီကပရမတ်ကနေပြနေပြီ ။
လောက (၃) ပါးပွင့်ပြီနော်… သောတာပန်တို့ရဲ့လောက (၃) ပါးလို့ ခါ်ပါတယ်။ ဘယ်မှာလဲ တောတောင်ကြည့်နေရင်းနဲ့ ကလာပ်အမှုံလေးတွေ စောစောတုန်းက တမှုံမှာတသိရှိခဲ့သလို အမှုံလေးတွေ နှင်းမှုံလေးတွေလို ပေါ်လာတယ်၊ အလင်းဓါတ်ကြီးနဲ့ တဖြည်းဖြည်းအမှုံလေးတွေပေါ်လာပြီးတော့ အာပေါဓါတ်က ရေဖြစ်သွားလိုက်၊ ဝါယောဓါတ်က ဟူးဟူးနဲ့ လေတိုက်တာတွေဖြစ်သွားလိုက်၊ ပထဝီဓါတ်က သစ်ပင်တောတောင်မြေကြီးတွေဖြစ်လာလိုက်၊ တေဇောဓါတ်က မီးတွေ ဟုန်းဟုန်းနဲ့တောက်လာလိုက် နေတွေထွက်လာလိုက်၊ ဘုန်းဘုန်းက အံ့သြနေတာ နောက်တခါ လူတွေ ခွေးတွေကြက်တွေလည်း တွေ့လာတယ်၊ လောကကြီးမှာ အကောင်ဗလောင်တွေ အကုန်လုံးတွေ့နေတယ်။
အဲ့ဒီတော့မှ ဒါက ဩကာသလောက။ ခုနကဘာမှမတွေ့ဘူး … အခုဘယ်လိုကြောင့်ပေါ်လာတာလဲ။အမှုံလေးတမှုံကနေ ပေါ်လာလိုက်တာကြည့်စမ်း၊ လောကကြီးအံ့သြစရာပါလား၊ ဒီအထဲမှာ လူတွေလည်းဒီလိုပဲ အမှုံလေးတွေကနေ ဖြစ်လာပြီးတော့ ဒါတွေဟာ သြကာသလောကတွေပါလားသိသွားပြီး စိတ်ထဲမှ သညာကို ပညာရှင်းလိုက်တော့ ရှင်းသွားတာပေါ့၊ အဲ့ဒီမှာဘုန်းဘုန်းရှင်းသွားတယ်။ ဟုတ်ပေသားပဲ ငါအတိတ်က သိခဲ့တဲ့ရုပ်က ဓါတ်ကြီးလေးပါးရုပ်တွေပဲ၊ အပြင်မှာလည်း သစ်ပင်တောတောင်ရေမြေသမုဒ္ဒရာ ဓါတ်ကြီးလေးပါးဆိုတော့ ဒီဓါတ်ကြီးလေးပါးရုပ်တွေက သြကာသလောကပါလား ဟုတ်ပေသားပဲလို့လည်း သိလိုက်ရော အကုန်အားလုံးပြန်ပျောက်သွားပြီး ဟင်းလင်းပြင်ကြီးပြန်ဖြစ်ကျန်နေခဲ့တယ်။
စိတ်ကပြန်မသင်္ကာပြန်ဘူး သတိရလာတယ်၊ ခုနက သြကာသလောကထဲ သစ်ပင်တောတောင်ရေမြေပဲရှိရမယ့်ဟာ ဘယ်လိုလုပ် လူတွေ ခွေးကြက်တွေပါနေရသလဲ ဒါသတ္တလောကပဲ ဘာလို့သြကာသလောကထဲပါရသလဲလို့ထပ်ဆင်ခြင်လိုက်တယ်၊ သတ္တလောကဆိုတာဘယ်လိုလဲ လူတွေခွေးကြက်တွေမတွေ့ဘူး သူကသြကာသလောကထဲပါသွားတယ်ဗျာ မတွေ့ဘူး၊ မဟုတ်သေးဘူး သြကာသလောက သတ္တလောကရှိတယ်လည်းပြောတယ် ဘယ်လိုကြောင့်မတွေ့တာလဲ နောက်ထပ်ဆင်ခြင်လိုက်ရော..၊
ဘာသွားတွေ့လဲဆိုတော့ အဝိဇ္ဇာကနေ ဝေဒနာထိရေကြည့်ပါတဲ့ … ဒါနော် မနောထဲကနေ လှမ်းပြီးအကြောင်းကြားလိုက်သလိုပဲ ဘုန်းဘုန်းက အတန်းကျောင်းကလာတာ ပဋိစ္စသမုပ္ပါဒ်တွေမသိပါဘူး၊ ဆရာတော်တွေဟောတာ မိဘတွေပြောတာကြားဘူးခဲ့တော့ သုတဝါအရိယာ သာဝကော… ကြားဘူးတာ ဒီမှာလာပေါ်တယ်ဗျာ၊ အဝိဇ္ဇာကနေ ဝေဒနာထိရေကြည့်ဆိုတော့ အဝိဇ္ဇာပြီးတော့ဘာလာသလဲဆိုတော့ ဘဝင်ကနေ ထပြောတယ်ဗျာ သင်္ခါရတဲ့၊ အော် အဝိဇ္ဇာပြီးတော့ သင်္ခါရတဲ့၊ ဘုန်းဘုန်းက မှတ်နေရတယ်။
သင်္ခါရပြီးတော့ ဝိညာဏ်တဲ့၊ ဝိညာဏ်ပြီးတော့ နာမ်ရုပ်တဲ့၊ ဟုတ်ပြီ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် ဒီမှာဘုန်းဘုန်းက ယောဂီတို့ကို ပြောရတာ ကြာတယ်။ ဟိုမှာခဏလေးနော်။ နာမ်ရုပ်ပြီးတော့ သဠာယတနတဲ့၊ ပြီးတော့ ဖဿ၊ ဖဿပြီးတော့ ဝေဒနာတဲ့၊ ဘုန်းဘုန်းက မှတ်ရတဲ့သူဆိုတော့ ထပ်ကာထပ်ကာ မှတ်နေရတာပေါ့။ ဟုတ်ပြီ ဝေဒနာပြီးတော့ မလာတော့ဘူး၊ ထပ်ပြီးတော့ ဝေဒနာပြီးတော့ မလာတော့ဘူးဗျ။ သုံးလေးခါမေးပြီး မလာတော့ ဉာဏ်က အဝိဇ္ဇာဆီပြန်လည်သွားတယ်။ ကဲ အဝိဇ္ဇာပြီးတော့ သင်္ခါရ၊ ပြီးတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ မှတ်မိသွားပြီကော…. ဝေဒနာပြီးတော့ ရပ်နေပြန်ရော။
ဘုန်းဘုန်းက သတ္တဝါရှာနေတာနော်။ ဒီပဋိစ္စသမုပ္ပါဒ်ကြီး လာပြီးတော့ပြနေတယ် မသိဘူး၊ မဟုတ်သေးပါဘူး။ ငါကသတ္တဝါရှာနေတာ ဘယ်လိုကြောင့်ဒီပဋိစ္စသမုပ္ပါဒ်ကြီးပြနေရတာလည်း ထပ်ဆိုပြန်တယ် အဝိဇ္ဇာ သင်္ခါရ………ဝေဒနာ၊ ဒါဆိုရင်းနဲ့ ဘုန်းဘုန်းက အတန်းကျောင်းမှာနေခဲ့တော့ သတ္တမတန်းကိုသွားသတိရတယ်၊ မဆီမဆိုင်နော် သတ္တမတန်းဆိုတော့ ၇ တန်းကျောင်းသားပေါ့။ ဒါဖြင့်ရင် သတ္တဝါဆိုတာ သတ္တဆိုတာ ခုနှစ်၊ ဝါ ဆိုတာ ရှိတာဖြစ်ရမယ်၊ ဒီ ၇ ချက်နဲ့နေတာဖြစ်ရမယ်ဆိုပြီး ပြန်ရေကြည့်ပြန်တယ်။ အဝိဇ္ဇာကနေ ဝေဒနာထိ.. ၇ ချက်ဆိုတော့ သတ္တဝါဆိုတာ ဝေဒနာတင်ရပ်ပြီး တဏှာမကူးဘူး။ ဒီတော့သတ္တဝါဆိုတာ ဝေဒနာတင်ရပ်ပြီး ချုပ်သွားတဲ့နေရာတခုပဲ၊ ဒီသိမှုလေးဟာ နားနဲ့အသံကြားလိုက်တာနဲ့ ဝေဒနာတင်ရပ်သွားတယ် တဏှာမကူးဘူး။ ဒီခံစားမှုလေးကို သတ္တဝါလို့ခေါ်တာ၊ ပဋိစ္စသမုပ္ပါဒ်မှာ ဒီခံစားမှုလေးကို သတ္တဝါခေါ်နေပါလား။ ဒါဆိုရင် ပုဂ္ဂိုလ်သတ္တဝါမှမရှိဘဲ… ဘုန်းဘုန်းသိသွားပြီ။ ဒါ ဘာလဲဆိုတော့ သိမှုလေးပေါ့ ၇ ချက်နဲ့နေတယ်။ ခံစားမှုလေးသိပြီးပျက်သွားတယ်။ ဒါ ခန္ဓာတွင်းက ပဋိစ္စသမုပ္ပါဒ်၊ အဲ့ဒီတော့မှ သတ္တဝါဆိုတာ အကောင်အထည်မှမဟုတ်ပဲဆိုတာ သိသွားခဲ့တာ။ ဒီအကောင်ကြီးရုပ်တရားက သြကာသလောကလို့ ခေါ်ပါလား… သိနေတဲ့အသိလေးဟာ သတ္တလောကခေါ်ပါလား… မြင်လိုက်တဲ့အပေါ်မှာ ခွေးရယ်လို့ သိလိုက်တာ ဒီအသိလေးပေါ်မှာ ဥပါဒါန်ရုပ်တွေ ဖြစ်နေပါလား… ကြားလိုက်တဲ့ နံလိုက်တဲ့အပေါ်မှာ ခံစားမှုလေးပေါ်ကနေ ဥပါဒါန်ရုပ်တွေ ခွေးပဲ ကြက်ပဲ မိန်းမ ယောင်္ကျားပဲ ဒီခံစားမှုပေါ်လေးကနေ တဏှာကူးနေပါလား၊ ခံစားတာ ဝေဒနာတင်ရပ်လိုက်ရင် ခွေးသံ ကြက်သံမပါ ပါလား၊ ခံစားပြီးပျက်တယ်လို့ သိလိုက်ရင် တဏှာမကူးပါလား၊ အဲ့ဒီတော့မှ ခန္ဓာရဲ့ပဋိစ္စသမုပ္ပါဒ်ကို နာမ်ပေါ်ကနေ လည်ကြောင်းတွေအကုန်တွေ့လာတော့တယ်၊ ဒါသတ္တလောကပါလားသိသွားပြီ သဘောကျသွားပြီ။
သြကာသလောကလည်းတွေ့ပြီ … သတ္တလောကလည်းတွေ့ပြီ၊ သင်္ခါရလောကဆိုတာ ဘယ်သူတုန်းဟေ့လို့ လှည့်ကြည့်လိုက်တော့ သြကာသလောကဆိုလည်း ပြိုပျက်ပြီးတော့ တဖွါးဖွါး တရွရွ တမွမွ တရိပ်ရိပ် ကလာပ်အမှုံလေးတွေဟာ သူ့သဘောသူဆောင်ပြီး ပြောင်းလဲနေတာက သင်္ခါရ။ သူ့အလုပ်သူလုပ်နေတယ်၊ သူ့သဘာဝရုပ်သင်္ခါရဖြစ်သလို နာမ်ဆိုတဲ့သိမှုလေးကလည်း လိုက်သိတဲ့အပေါ်မှာပျက်နေတယ်။ ရုပ်ပျက်ရင်နာမ်ပျက်တယ်၊ ကြားတာလေးသိရင် ကြားသိလေးပျက်တယ်၊ မြင်တာလေးသိရင် မြင်သိလေးပျက်တယ်၊ နံတာလေးသိရင် နံသိလေးပျက်တယ်၊ ရုပ်နဲ့နာမ် တတွဲတည်းဖြစ် တတွဲတည်းပျက်။ သူ့သင်္ခါရနဲ့သူ ပြောင်းလွဲပြီးတော့ ပြောင်းလဲသမျှ ဝေဒနာနဲ့ပဲရပ်နေကြပါလား၊ ဒီလိုသိသွားတော့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကရယ်လို့ အတွင်းလောက (၃) ပါးပါ မြင်သွားတော့တယ်။
အဲ့ဒီတော့မှဆင်ခြင်ပြီ … ငါ၏ခန္ဓကိုယ်ဟာ အတွင်းလောက သြကာသလောကကြီးပါလား … ခွေးပဲ ဝက်ပဲ ကြက်ပဲ ထွက်သိတာက သတ္တလောကပါလား။ ဒီသြကာသလောက မျက်စိကနေ နှာခေါင်း၊ နား၊ ပါးစပ်၊ ကိုယ် စသည်တို့ ပြောင်းလွဲနေတဲ့သဘောက သင်္ခါရလောကပါလား၊ ရုပ်ကလည်းပဲ ပြောင်းလဲပြီးတော့ ငယ်ရာကနေကြီးလာပြီး ခြောက်ပေခေါင်းကိုသွားမယ့် အစဉ်ပြောင်းလဲနေတာကလည်း ရုပ်၏သင်္ခါရလောကပါလား၊ နာမ်ကလည်း အစဉ်လိုက်ပြီး မျက်စိကနေ နှာခေါင်း ပြောင်းလွဲပြီးသိနေတာကလည်း နာမ်သင်္ခါရလောကပါလားရယ်လို့ အတွင်းလောက (၃) ပါး သိသွားခဲ့တယ်။
အပြင်လောကသုံးပါးကတော့ သစ်ပင်တောတောင်ရေမြေ သမုဒ္ဒရာက သြကာသလောက၊ အခု ယောင်္ကျား၊ မိန်းမ၊ ခွေးကြက်ငှက်တွေက သတ္တလောက၊ သစ်ပင်တောတောင်တွေလည်း ပျက်စီးမီးလောင်လို့ကုန် လူတွေလည်း အိုမင်းလာလို့သေ အဲ့ဒါတွေက သင်္ခါရလောကပါလားရယ်လို့ အပြင်လောကသုံးပါး အတွင်းလောကသုံးပါး သိခဲ့ပါတယ်။ အဲ့ဒီနေရာမှာတင်ပဲ ဘုန်းဘုန်းတို့လည်း စိတ်တွေပြောင်းသွားတယ်။ သောတာပန်ဆိုတာ သူများသွားမမေးနဲ့ ဒကာဒကာမတို့ … မိမိမွေးလာကတည်းကစိတ်တွေ အားလုံးပြောင်းပြီးတော့ ဒီမှာတင်ပဲဒီရုပ်နဲ့ စိတ်သစ်ကြီးဖြစ်သွားတယ်။
စိတ်သစ်ကြီးနဲ့နေရတယ်။ အသစ်စက်စက်ကြီးပေါ့ဗျာ၊ ပညတ်တွေချုပ်ပြီးတော့ လောကမှာနေရတာ အင်မတန်ပျော်တယ်။ သားတွေ မိန်းမတွေနဲ့လည်းပျော်တာပဲ၊ လောကထဲက မထွက်ရပါဘူး။ တရားတွေအားထုတ်လို့ အိုးတွေအိမ်တွေ မစွန့်ရပါဘူး။ အဲ့ဒီလောက်ရောက်ရင် ရှေ့လမ်းလည်းမြင်ပြီ ဆက်တက်ချင်တက် မတက်ပဲ ဒီအတိုင်းနေလည်း ရပါတယ်။ ဘုန်းဘုန်းတို့ကတော့ သဲအင်းဂူဆရာတော်နဲ့ ရှေ့နင်းတက်သွားတာပေါ့။ လိုချင်ခဲ့တာကိုး။ ဒီနေရာတောင် ဒီလောက်ငြိမ်းချမ်းရင် ရှေ့ဘယ်လောက်ကောင်းမလဲလို့ မက်လုံးတွေနဲ့ ဘုန်းဘုန်း ဆက်လိုက်သွားတာပေါ့… ယောဂီတို့။ ဒါကတော့ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့ကျင့်စဉ်ထဲက အပြင်လောက (၃) ပါး၊ အတွင်းလောက (၃) ပါး အကျဉ်းတရားလေးပေါ့။
အားလုံးသောဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အား ယခုဘဝမှာပင်လျင် တရားထူးများရနိုင်ကြပါစေကြောင်း ဆုတောင်းလျက်….။
Source: (မူရင်း) ကိုသန်းလှိုင်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။
၉။ ငထောင်လေးတရား – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 4, 2018)
ဟိုကကောင်တွေကပြန်လာလို့ရောက်တောင်မရောက်သေးဘူး သူကနောက်တခါဝုန်းဆို လိုက်ကြပြန်ရော နာတာတန်းလန်းကြီးနဲ့လိုက်ကြပြန်ရော့ သူတို့ကဘာမှန်းမသိ.. ဘုန်းဘုန်းကြည့်တယ် နိုင်ငံရေးသမားလည်းဒီလိုပဲ သူတို့ကရှေ့ကလုပ်သွား နောက်ကလူထုကဒုက္ခရောက်ကြရော သူကသိပ်လည်တဲ့ကောင်။ ဒီအထဲမှာလည်းရှိတယ် ငထောင် အဲ့လိုပဲ ဟိုနားအကဲခပ်လိုက် ဒီနားအကဲခပ်လိုက် ကြာကြာနေ မငြိမ်ဘူး ဟိုနားအကဲခပ် ဒီနားအကဲခပ် စောင့်ကြည့်နေတယ် အဲ့ဒီ ငထောင်တွေ့ရင်တော့ တရားရပြီသာမှတ်တော့။
အဲ့ဒီ ငထောင်ကြောင့်ဒုက္ခရောက်ကြတာ ဝုန်းဆိုပြေးကြပြန်ပြီ ဟိုကရိုက်လိုက်ရင် ခြေထောက်တွေနာပြီး လာကြပြန်ပြီ ကိန်ကိန်နဲ့၊ ပြန်လာလို့ရောက်တောင်မရောက်သေးဘူး ငထောင်က တဖက်လှည့်လုပ်လိုက်ရင် နာတာကြီးနဲ့လိုက်ကြပြန်ပြီ သူကတော့ဝါးပုံပေါ်မှာ ဝုန်းဝုန်း ဝုန်းဝုန်းနဲ့လုပ်လိုက် ကျန်တဲ့ကောင်တွေကလိုက်လိုက်၊ အတွင်းထဲမှာလည်းဒီလိုပဲ ငထောင်ဆိုတဲ့သင်္ခါရကောင်ရှိတယ်၊ အသံလေးကြားတာသွားညွှတ်တယ် တကူးစခန်းမှာဆို ၂ ချက်ထိုး ၃ ချက်လောက်လာပြီ.. ဆန်လှော်မုန့်ဟင်းခါးပူပူလေးနဲ့.. ဒီမှာကတရားထိုင်ရင်းနဲ့ ဆန်လှော်မုန့်ဟင်းခါးဆီရောက်နေပြီ၊ အသံကြားရာ အသံဆီလိုက်သွားတာပေါ့ ငထောင်က အသံဆီသွားညွှတ်တာ အဲ့ဒီသင်္ခါရကိုရှုကြ။
အတွင်းမှာနော် မျက်စိဆီညွှတ်လိုက် နှာခေါင်းဆီညွှတ်လိုက် နားဆီညွှတ်လိုက် အဲ့ဒါကို အဟုတ်ကြီးမှတ်နေကြတယ် ငထောင်နဲ့ပေါင်းပြီး ကိုယ့်ကိုကိုယ်လူလည်ကြီးလုပ်နေကြတာ ငါသိတယ် ငါမြင်တယ် ငါကြားတယ်နဲ့။
ဟိုနားညွှတ် ဒီနားညွှတ် ဒီတခါတော့သင်္ခါရရှုမယ်ပေါ့ သင်္ခါရလိုက်ရှာနေတာ ဒါကသင်္ခါရပဲ တရားကခက်တယ်နဲ့.. သင်္ခါရလိုက်ရှာရင်းနောက်ကသညာဝင်နေတာမသိလိုက်ဘူး အဲ့ဒါပြန်လှည့်ရှုကြ.. အဲ့ဒါနဲ့ပေါင်းမနေနဲ့ ငြိမ်ပြီး ချုပ်ပြီးမနေနဲ့.. ချုပ်ဆဲသိ ချုပ်ဆဲသိ လုပ်မနေနဲ့ အဲ့ဒါ သညာတွေ အဲ့ဒါပြန်မြင်ရင်တရားပဲ.. ခန္ဓာငါးပါး တပါးမြင်ရင် ကျန်တဲ့လေးပါးအကုန်မြင်တယ်.. တပါးမှမမြင်ရင်တော့ ကျန်တဲ့လေးပါးလည်း တပါးမှမမြင်။ ငထောင်နဲ့ပေါင်းပြီး လုံးမနေကြနဲ့.. အဲ့ဒီ ငထောင်ကိုမြင်အောင်ကြည့်….။
ဆရာတော်ကြီး စခန်းတွင်း အလုပ်ပေးတရားများမှ ပြန်လည်ပူဇော်ပါသည်…။
Source: (မူရင်း) ကိုသန်းလှိုင်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။
၈။ တရားသမား နှင့် အရူးလွယ်အိတ် – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 3, 2018)
ဘုန်းဘုန်းတို့တုန်းကလည်း ဒီလိုပဲစွဲခဲ့တာပါပဲ။ သဲအင်းမှ သဲအင်း ဖြစ်ခဲ့ကြတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသဲအင်းပြတဲ့နည်းတွေနဲ့ ဝေဒနာတွေချုပ်တယ်၊ ရုပ် နာမ်တွေမြင်ခဲ့တော့ ဒီသဲအင်းတရားတွေကို ဘုန်းဘုန်းတို့လဲ စွဲခဲ့တာပေါ့။
ယောဂီတို့ အသိဝင်ဆင်ခြင်နိုင်ဖို့အတွက် ဘုန်းဘုန်းရဲ့ အဖြစ်အပျက်တစ်ခုကို ဥပမာပေးဟောပြောပြပေးပါမယ်။ ဘုန်းဘုန်းတို့ ခေတ်တုန်းက ထူးကြီးဆရာတော်က နာမည်ကြီးတယ်။ ဘုန်းဘုန်းက သူ့တရားတွေဆို ကြိုက်တယ်။ သူကပါဠိပါရဂူဆိုတော့ ပါဠိများရွတ်ရင် အရမ်းနားထောင်လို့ကောင်းတာပဲ။ ကိုယ်ကသာ နားမလည်တာ သူရွတ်လိုက်ရင် ဒီပါဠိတွေရွတ်နေတဲ့အသံကလေးကိုက နားထောင်ကောင်းနေတာပဲ။ သူ့တရားပွဲတွေဆို သုတ္တန်တစ်ခုကို ခုနှစ်ရက်လောက်ဟောတာ။ တခါတလေ နာရင်းနဲ့ သဘောမပေါက်တာရှိရင် နောက်နေ့စောစောသွားပြီး recorder သမားကို မနေ့က တရားလေးပြန်ဖွင့်ပေးဖို့၊ ပိုက်ဆံငါးကျပ်ပေးပြီးဖွင့်ခိုင်းရတယ်။ ပြန်နာချင်လို့ပေါ့။ နောက်တော့ဘုန်းဘုန်းကို တရားသမားမှန်းသိတော့ပိုက်ဆံမယူပါဘူး။ သိချင်တဲ့တရားတွေဆို ဖွင့်ဖွင့်ပြတယ်။ ဘုန်းဘုန်းတို့ခေတ်က recorder ခေတ်ကိုး။
ဘုန်းဘုန်းက တရားနာရင် ဟောတာကို နာတာ မဟုတ်ဘူး။ အထဲကအဓိပ္ပါယ်ကို မနောကသဘောပေါက်အောင် နာနေခဲ့တာ။ ဟောတဲ့တရားဇာတ်ဝင်ခန်းတွေက ကိုယ့်ခန္ဓာနဲ့အတိုင်း တူလာတာတွေနားထောင်ရင်း ရိပ်မိလာပြီး အဓိပ္ပါယ်ရဲ့ အနက်သဒ္ဒါကို သဘောပေါက်ပြီး နားလည်လာတော့ နားထောင်ရတာ ကောင်းနေတာပဲ။ ကိုယ့်ဟာကိုပဲ နားလည်နေတာ သူများကိုပြန်ပြောပြပါဆို မပြောပြတတ်ဘူး။ ဘာအရသာနဲ့ မှမတူဘူး။ တရားနာနေရတာ သိပ်ကိုကောင်းနေတယ်။ တစ်နေ့ ဆရာတော်ကြီး ရှေ့တည့်တည့်မှာထိုင်ပြီး တရားနာနေတုန်း ထူးကြီးဆရာတော်ကြီးက ဘာထည့်ဟောလဲဆိုတော့မင်းတို့ စာမတတ်ပဲ မင်းတို့ကျင့်တယ်ဖင်သာဂျွတ်တက်မယ် ဘယ်တော့မှ တရားမရဘူးမှတ် ဒီစာပေမှမတတ်ပဲ ဘယ်လိုလုပ်မလဲတဲ့ ဒီစာပေဟာ အင်မတန် နက်နဲတယ် ဒီသတိပဌာန် တရားလေးပါးဆိုတာ အင်မတန်နက်နဲတဲ့ တရားတွေကို စာမတတ်ပဲ ရမ်းကျင့်ပြီးပြတော့ မင်းတို့ဆရာပေါင်းမှားပြီး အဝီစိကျမယ်ဆိုပြီးဟောတော့ ဘုန်းဘုန်းစိတ်ထဲ မခံမရပ်နိုင်အောင်ဖြစ်သွားခဲ့တယ်။ အောင်မာ ဒါသဲအင်းကိုပြောတာဆိုပြီး ဒေါသတွေဖြစ်လိုက်တာ။ ရှေ့ဆုံးကထိုင်ပြီး ဒါငါတို့ သဲအင်းဂူကိုပြောတာ၊ ငါတို့ကိုပြောတာဆိုပြီးဖြစ်နေတာ။
ဘုန်းဘုန်းတို့ မူလသဲအင်းဂူဆရာတော်ကြီးကလဲ ဖဿော၊ ဖဿတွေလုပ်မနေနဲ့ ဝေဒနာနိယောဓေါတွေ လုပ်မနေနဲ့ ကျင့်သာကျင့်ဆိုတော့ သဘောတွေကျလိုက်တာဆိုတာများ ပြောမနေနဲ့တော့။ အခုထူးကြီးဆရာတော်က ဒီလိုပြောလာတာဆိုတော့ ဟုတ်တယ် ဒါငါတို့သဲအင်းကို ပြောတာဆိုပြီး ကိုယ့်တစ်ယောက်တည်း စိတ်ထဲမှာ ဘုန်းကြီးချင်းရန်တိုက်နေတာ တရားနာရင်းနဲ့ကိုယ့်တစ်ယောက်တည်းဖြစ်နေတာနော် တရားသမားရဲ့ဖြစ်တတ်တဲ့ စိတ်ကိုပြောတာနော်။ ဟိုဘုန်းကြီးတရားကဟိုလို ဒီဘုန်းကြီးတရားကဒီလိုနဲ့ တရားနာနေရင်းနဲ့ မိမိတို့ရဲ့ အတွင်းအဇ္ဇျတ္တမှာ အကုသိုလ်စိတ်ဖြစ်နေတာလေးတွေကို သိစေချင်လို့ ဘုန်းဘုန်းပြောပြတာပါ။
တရားအားထုတ်ရင်းနဲ့ တရားသာနာနေတာ အဲ့ဒီစိတ်ကလေးတွေရှိနေတာက အကုသိုလ်ပါပဲ။ အရိယာတွေပေါ်မှာသွားပြီး ကိုယ်က မဟုတ်ဘူး၊ ဟုတ်တယ် သွားဝေဖန်မိနေတာနော်။ ဘုန်းဘုန်းလည်း နောက်မှဒါတွေကို သဘောပေါက်လာတာပါ။ အဲ့ဒီတုန်းကတော့ ထူးကြီးတရားနာနေရင်းနဲ့ ကိုယ့်သဲအင်းကို ပြောတာဆိုပြီး ဘယ်လိုမှဆက်မနာချင်တော့ဘူး။ စာမတတ်၊ ပေမတတ်ပဲကျင့်ပြီး အကုန်လုံး အဝီစိကျကုန်မယ် ဆိုတော့ ဘယ်လိုမှမကြိုက်ဘူး။
သဲအင်းဂူဆရာတော်ကြီးကလဲ တောင်းစားတဲ့သူအရွတ်ပဲရမယ် ယဿာနုဘာဝတောဆရာတွေနဲ့ တွေ့ရင် ကိုယ်ကျိုးနဲရောလဲပြောရော အမယ် သဘောတွေကျလိုက်တာဆိုတာ။ ကိုယ်ကသဲအင်းကိုကြိုက်တာဆိုတော့ သဘောကျတာပေါ့။
ကိုယ်ကြိုက်တဲ့ ဆရာနဲ့တွေ့တော့ဖြစ်နေတဲ့ စိတ်ကို ပြောနေတာပါ။ နောက်မှကိုယ့်ရဲ့ မူမမှန်တဲ့ စိတ်ကလေးကို ရိပ်မိလာခဲ့တယ်။ ငါဟာ ငါကိုယ်ကြိုက်တဲ့ဆရာဆိုရင်တစ်မျိုး၊ မကြိုက်တဲ့ဆရာဆိုရင်တစ်မျိုးနဲ့ ကိုယ့်စိတ်လေးမူမမှန်တာကို သိလာခဲ့တယ်။
တရားနာနေရင်း ခန္ဓာနဲ့ဉာဏ်ကပ်ပြီးနာတော့ ကောင်းတဲ့နေရာကနေ ဒီလိုစကားလုံးတွေပါလာရင် ပုဂ္ဂိုလ်ရေးတွေပါတယ်ဆိုပြီး ဖြစ်နေရော။ အမှန်မှာက ဟောတဲ့ဆရာက ပုဂ္ဂိုလ်ရေးပါတာမဟုတ်ဘူး ကိုယ်ကပါနေတာ။ အဲ့ဒီကိုယ်ဖြစ်နေတဲ့စိတ်ကလေးကို သိလာရော ကြည့်စမ်း ငါတရားနာနေတယ် ဒါပေမယ့် ဒီစိတ်ကလေးက လျှောက်ပြီးပြဿနာရှာနေတယ်ဆိုတာသိလာခဲ့တယ်။
သေချာပြန်ကြည့်ရင် ထူးကြီးဆရာတော်တို့ဆိုတာ စာပေပရိပတ္တိတတ်ကျွမ်းတော့ သူတို့က စိတ္တသတိပဋ္ဌာန်၊ ဓမ္မာသတိပဋ္ဌာန်တို့က စပြတာ။ မိုးကုတ်လည်း ဒီလိုပဲ စာပေကတတ်လာတာဆိုတော့ စိတ္တသတိပဋ္ဌာန်က စပြတာ။ စာတတ်ပေတတ်၊ ငယ်ဖြူရဟန်းတွေက သူတို့ဟာ ငယ်ငယ်လေးကတည်းက ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းပြီးနေလာခဲ့တော့ ဘုန်းဘုန်းတိုလို့ တရားထိုင်ရင် ဣန္ဒြေကို အထူးထိန်းနေစရာမလိုဘူး။ သူတို့မှာ ဣန္ဒြေသိက္ခာတော်တွေက သာမန်လူတွေထက်စာရင် ရှိနေပြီးသား။
ဘုန်းဘုန်းတို့လိုစာမတတ်တဲ့ ပုဂ္ဂိုလ်တွေက ကာယသတိပဋ္ဌာန်၊ ဝေဒနာသတိပဋ္ဌာန်ကနေ စရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီခန္ဓာကြီးရဲ့ အတုံးအခဲကြီးဖြိုခွဲရသေးတယ်၊ ဓါတ်ကြီးလေးပါးကို အရင်ဖြိုခွဲရတယ်။ ဝေဒနာတွေနဲ့ အကြမ်းတွေကို ဒလကြမ်းအရင်ရှု့တယ်။ အခုယောဂီတွေဆိုလဲ ဝေဒနာကြမ်းတွေကို ရှှု့ပြီး တင်းခံ၊ တောင့်ခံ၊ ပေခံ၊ ကြိတ်ခံ၊ မှတ်ခံရင်းနဲ့လာခဲ့တဲ့ လမ်းတွေကနေ တက်လာကြတာပါ။ ကိုယ်လာခဲ့တဲ့ လမ်းတွေကိုပြန်ကြည့်စမ်း။ ဉာဏ်မပါပဲ အဲ့ဒီလိုလာရင်းနဲ့ အခုဒီလက္ခဏာစခန်းတွေအထိ ရောက်လာတာပါ။
ဒါပေမယ့် စာပေသမားတွေကျတော့မတူဘူး။ စာပေသမားတွေကတာ့ ဓါတ်တွေနဲ့ ရုပ်ကိုထောက်ပြီး သရုပ်ခွဲပါတယ်။ ဖြစ်လာတဲ့ ဝေဒနာပေါ်မှာ ကုသိုလ်နဲ့ယှဉ်တဲ့စိတ်၊ အကုသိုလ်နဲ့ ယှဉ်တဲ့စိတ် စသည်ဖြင့် ဖြစ်တဲ့စိတ်ကို ထောက်ပြီး ဆင်ခြင်ကြတာပါ။
အဲ့ဒီတော့ ဘုန်းဘုန်းတို့ ယောဂီတွေကို ဆုံးမချင်တာကတရားသမားဆိုတာ အရူးလွယ်အိတ်လိုနေရပါတယ်။ အရူးတွေကတွေ့သမျှ ကိုယ့်အိတ်ထဲ အကုန်ကောက်ထည့်သလို တရားသမားကလဲ တွေ့တဲ့တရားနာယူမှတ်သားပြီး ကိုယ်လက်သင့်ခံတာယူပြီး၊ လက်သင့်မခံနိုင်တဲ့ဟာ မယူပါနဲ့၊ ထုတ်မသုံးပါနဲ့။ တရားနာရင်း တရားသဘောတစ်လုံးလောက်လဲသဘောပေါက်လည်း မနည်းပါဘူး။ ဘယ်ဆရာတော်တရားပဲဖြစ်ဖြစ် နာကြပါ၊ အရူးလွယ်အိတ်လို သင့်တာကိုယူပြီး မသင့်တာကိုမယူနဲ့ပေါ့။
အရိယာတွေပေါ်မှာ ဝေဖန်စိတ်တွေရှိခဲ့ရင်လဲ မိမိတို့စိတ် မိမိတို့ကိုယ်တိုင်စမ်းစစ်ပြီး အကုသိုလ်ဖြစ်စေမည့် အကြောင်းတရားတွေပေါ်မှာ လွတ်မြောက်အောင် နေကြပါလို့ ဘုန်းဘုန်းကမှာကြားလိုပါတယ်။
ကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
ရွှေတံခါးအပိုင်း(၂) ပြည်မြို့။
Source : (မူရင်း) ယုသင်းချို
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။
၇။ လူသေရင်သေ မသေရင်တရားရ – ဆရာကြီး ဒေါ်ဧက (June 3, 2018)
ဆရာလေးမှာလည်း စာမေးပွဲလည်းဖြေမယ်ဆိုတော့စိတ်တွေကထွက်လာ၊ မဟာပလ္လင်တွေချိတ် ဝေဒနာတွေတက်တော့စိတ်တွေကထွက်လာ၊ ဝေဒနာတက်တာကသတ်သတ် စိတ်တွေထွက်တာကလည်းသတ်သတ် ဘုန်းဘုန်းကလည်းဘယ်ရောက်နေမှန်းမသိတော့ အဓိဒါန်တင် သစ္စာဆိုတယ် ” ဘုရားတပည့်တော်မသည် ဒီတရားတွေကျင့်လို့ ဒီစိတ်တွေထွက်တာ ဒီတရားတွေအစစ်အမှန်ဆိုရင် ဘုန်းဘုန်းနဲ့ပြန်တွေ့ရပါလို၏ အစစ်အမှန်မဟုတ်ရင် ဘယ်တော့မှပြန်မတွေ့ရပါစေနဲ့လို့” သစ္စာဆိုတယ်။ မတွေ့ရင် ကျိုက်ထီးရိုးမှာရှိတဲ့ဆရာတော်ဆီကိုသွားတော့မယ် အရင်တုန်းကလည်းရင်းနှီးကျင့်ခဲ့ဘူးတော့ အဲ့ကိုသွားတော့မယ်ပေါ့။ ဘုန်းဘုန်းကလည်းဘယ်နေမှန်းမသိ ကျောင်းမှာလည်းမနေ လျောက်သွားနေတာ၊ ဒီတော့သစ္စာဆိုအဓိဒါန်တင်တာ ၃ ရက်အဓိဒါန်ပြည့်တဲ့နေ့ ညနေ ၄ နာရီလောက် ဆရာလေးနေတဲ့တောင်ပေါ်ကို ဘုန်းဘုန်းရောက်လာတာ။ ဆရာလေးကတောင်ပေါ်မှာကျင့်တာ ကျောက်ခလောက်တောင် အံ့သြစရာ ဘုန်းဘုန်းအဲ့တောင်ပေါ်ကိုရောက်လာတာ။
အဲ့ဒါဆရာတော်ကလေ စခန်းပွဲကိုသွားတော့မှာ၊ ဒေါ်ခေမာ ဘုန်းဘုန်းဦးစန္ဒိမာရဲ့အမ အဲ့ဒီတုန်းကလူဝတ်ပဲရှိသေးတာတရားပြနေတာ၊ ဒေါ်ခေမာတို့ ဦးပညာတို့ ကွမ်းခြံကုန်းကဘုန်းဘုန်းရဲ့တပည့်တွေ သူတို့ကဒေးဒရဲတို့ ဖျာပုံတို့ဘက်မှာစခန်းလုပ်နေတာ၊ ဆရာလေးကသိပေမယ့် လူတွေကြားထဲမလိုက်ချင် တပါးတည်းကျင့်ချင်တာနဲ့ တောထဲမှာတပါးတည်းကျင့်နေတာ၊ ကိုယ့်ဟာကိုယ်ရေဆွမ်းကပ်ပြီးတော့ ဘုရားလိုင်ဂူထဲမှာ တပါးတည်းကျင့်နေတာ၊ အဲ့ဒီကကျောင်းထိုင်ဘုန်းကြီးကတော့သိတယ်။ ၃ ရက်ပြည့်တဲ့နေ့ ၄ နာရီတုံတုံထုတော့ဘုန်းဘုန်းလည်းတောင်ပေါ်ရောက်လာတာ။ အံ့သြစရာ ဆရာလေးရဲ့မောင်လေးက ၇ နှစ်လောက်ရှိတယ်ကိုရင်လေးပေါ့ ခုထိရှိတယ်၊ မောင်လေးက အမကြီး မျက်နှာမှာအပေါက်တွေနဲ့ဘုန်းဘုန်းကြွလာတယ်.. ဆရာတော်ကြွလာပြီ ငါ့ကိုတော့ပြောတော့မှာပဲ နင်တရားတွေဒီလောက်ထိုင်ပြီး ဒီအစွဲတွေမပြုတ်ပါလားပြောတော့မှာပဲ သက်သတ်လွတ်ကလည်းစားသေး ဒီကြားထဲရေဆွမ်းကပ်တယ်ဆိုရင်ပြောတော့မယ် တွေးမိနေတာ၊ နောက်စိတ်တခုက ငါမဟုတ်တာလုပ်တာမှမဟုတ်ပဲ ငါကောင်းတာလုပ်တာပဲ အဲ့လိုပေါ်လာတယ်။ ရေဆွမ်းကပ်နေတော့ ရေချိုင့်လေးတခု ပန်းကန်ပြားလေးအုပ်ပြီးတော့ ရေပဲသောက်နေတာ ဘာလို့မဖြေရဲရမှာလည်းပေါ့ ငါကောင်းတာလုပ်တာပဲ နောက်စိတ်တခုဝင်လာတော့ မကြောက်တော့ဘူး ဘုန်းဘုန်းဆီသွားတာ၊ နင်တရားတွေအဲ့လောက်ကျင့်ပြီးတော့ ဘာလို့ရေဆွမ်းတွေကပ်နေရတာလည်းတဲ့ ထင်တဲ့အတိုင်းပဲ မေးတော့တယ်။ တင်ပါဘုရား တပည့်တော်စိတ်တွေထွက်တာမနိုင်လို့ပါဘုရား တပည့်တော်လည်းအဓိဒါန်တင်ပါတယ်ဘုရားလို့.. ဘာအဓိဒါန်လည်းတဲ့.. တင်ပါဘုရား အဓိဒါန်အောင်သလား မအောင်သလားတော့မသိ ဒီတရားတွေအမှန်အကန်ဆိုရင် ဘုန်းဘုန်းနဲ့ပြန်တွေ့ရပါလို၏ မမှန်ပါက ဘယ်တော့မှပြန်မတွေ့ရပါစေနဲ့လို့ တင်လိုက်ပါတယ်ဘုရား လျောက်တော့.. အဲ့ဒါကြောင့်မို့လို့ ငါဒီကိုရောက်လာရတာတဲ့။ ငါရေဖြူလေးစခန်းပွဲသွားမလို့ ကားခစရံတွေလည်းပေးပြီးသွားပြီ ဆွမ်းတွေလည်းလုပ်ထားပြီးပြီ အဲ့ဒီနေ့သွားခါနီးကျမှ ဆရာတော်က ဟာ ငါအာရုံပျက်သွားပြီ မသွားချင်တော့ဘူး၊ ဒါဖြင့် ငါဘယ်သွားမလည်း အာရုံချကြည့်ဦးမယ်ဆိုပြီး သွားမယ့်စခန်းပွဲတွေဖျက် ကားခတွေအဆုံးခံပြီး ပဲ့ထောင်လေးနဲ့ ဒီကိုရောက်လာတာ။ ညနေ အဓိဒါန်ပြည့်တဲ့အချိန်မှ ကွက်တိရောက်လာတာ။
အဲ့ဒီမှာသြင်္ကန်ကလည်းကျပြီဆိုတော့ စခန်းပွဲလုပ်မယ်ဆိုပြီး ၉ ရက်စခန်းဖြစ်သွားတာ ဆရာတော်က အခုလိုပဲ စိတ်ကလေးကို ကပ်ပြီးပို့ပေးတာ နဂိုကလည်းကျင့်ထားတဲ့အခံကရှိထားတော့ စိတ်တလုံးသေသွားတာ။ နောက်က ဦးစန္ဒိမာဆက်လိုက်လာတယ် ၉ ရက်လည်းပြည့်တော့ ဘုန်းဘုန်းပြန်သွားတော့ ဦးစန္ဒိမာဆက်ပြတယ်။ ဦးဇင်းက အဲ့တုန်းကသဲအင်းမှာဝါဆိုပြီးတော့ ရဟန်းတပါးပါလာတယ် အဲ့ဒီရဟန်းရော တောထဲမှာရှိတဲ့ ဆရာလေးတွေရော ရဟန်းတွေရောကျင့်ကြတာ။ စခန်းပြီးသွားတော့ စာလည်းကျက်လို့မရတော့ဘူး သညာတွေချုပ်နေတော့တာ ကြည့်တော့ကြည့်နေတယ် ဘာမှလုပ်မရတော့ဘူး အဲ့ဒါ စာမကျက်တော့ဘူး ဒီတရားပဲဆက်လုပ်တော့မယ်ဆုံးဖြတ်ပြီး ဝါလည်းဝင်တော့ ဦးစန္ဒိမာနဲ့လိုက်သွားပြီးကျင့် ငါးဆူတောင်မှာ၊ ဝါကျွတ်တော့ဘုန်းဘုန်းကြီးပြန်လာတော့ ဘုန်းဘုန်းကြီးနဲ့ဆက်ကျင့်။ တဝါတွင်းလုံးဘယ်မှလည်းမသွား ကျင့်နေတော့တာ။ ဗေါင်းတော်ချုပ်တောထဲမှာ ကိုယ့်ဟာကိုယ်လည်းကျင့် ဘုန်းဘုန်းကြီးနဲ့လည်းကျင့်ပေါ့ နောက်တော့ ဘုန်းဘုန်းကြီးနားမှာဆရာလေးတွေများလာတော့ ဘုန်းဘုန်းကိုပြုစုလုပ်ပေးမယ့်သူတွေလည်းရှိလာတော့ ငါခွါမှဖြစ်တော့မယ် မဟုတ်ရင် ဆရာပေါ်မှာသမုဒယတွယ်နေလို့မဖြစ်တော့ဘူး ခွါမှဆိုပြီး ဘုန်းဘုန်းကိုလျောက်ထားပြီး ဆရာပေါ်စွဲတဲ့ ပေါ်လာတဲ့စိတ်တွေသဲအင်းမှာ တဝါတွင်းလုံးသွားသတ်တာ။
ဝါကျွတ်တော့ဘုန်းဘုန်းကြီးဆီပြန်နေ ဆက်ကျင့်၊ အဲ့ဒီတဝါတွင်းမှာလည်းကျင့်ဆို အသေကျင့်ရတာ စားတာ အိပ်တာ အားလုံးလျော့ ရေတောင်ချိုးမပေးတော့ဘူး အဝတ်လောက်လဲပေး၊ အဓိဒါန်ဝင်နေတဲ့အချိန်ဆိုရင်တရားတခုပဲထားတယ် ကျန်တာအားလုံးလျော့ပစ်လိုက်တာ ဝေဒနာလျော့သွားမှာစိုးလို့ ရုပ်ကိုပြုပြင်ပေးရင် အာရုံလျော့သွားမှာစိုးလို့ အဲ့လိုနဲ့ဘဝကိုဖြတ်သန်းရတာ။ အဲ့ဒီတော့မှလေ စိတ်တွေ ဆရာအားကိုးတဲ့စိတ် မအေအားကိုးတဲ့စိတ် အဲ့ဒီပုံရိပ်တွေအားကြီးပေါ်တော့တာ၊ ဒီပုံတွေမပျက်သမျှ စွဲသမျှ ငါသံသရာလည်တော့မှာပဲလို့ ပုံတွေကိုရအောင်ဖျက်ရတာ ဥပါဒါန်ပုံတွေကော။ အိမ်မက်ထဲပေါ်လာတယ်ဒီပုံတွေ ဒီပုံတွေဖျက်မှခန္ဓာပြတ်တော့မယ်ဆိုပြီးဖျက်တော့တာ ညကျရင်မအိပ်တော့ဘူး အသာလေးသတိလေးနဲ့စောင့်ကြည့်ပြီးတော့ ဘယ်လိုအိပ်မလည်း အိပ်ပျော်သွားရင် အဲ့ပုံတွေနဲ့ပေါင်းသွားတာ အဲ့ဒီမှာသတိထားပြီးတော့ သိလာတာ။ ဒါကြောင့်မို့ တော်ရုံတန်ရုံသဒ္ဓါနဲ့မရနိုင်ဘူးဆိုတာ ရင်းရတယ်တအားရင်းရတာ ဦးစန္ဒိမာရှိတုန်းကဆိုရင် အရိုးပြိုင်းပြိုင်းကျ အရေတွေလန်လို့ကျင့်တာပဲ။ အဲ့ဒီတုန်းက သူလည်းသာသနာမပွင့်သေးဘူး နောက်တော့ အောင်လံသာသနာသွားပြုမယ် လိုက်မလားဆိုတာ မလိုက်ဘူးဘုရားလို့ တပည့်တော်လူကြောက်တယ် သိသွားပြီ ကိုယ့်ဟာကိုယ်ဗေါင်းတော်ချုပ်ပြန်ကျင့်တော့မယ် ဘုန်းဘုန်းကြီးဆီမှာကျင့်တော့မယ်လို့.. ဆရာလေးကိုတော့လိုက်စေချင်တာပေါ့လေ သူပြထားပြီးတော့မလိုက်ဘူးဆိုတော့ စိတ်မကောင်းဘူးပေါ့။ ဆရာလေးကလည်းသိသွားပြီ ကိုယ်လုပ်တဲ့အလုပ်ကိုဆုံးအောင်လုပ်ချင်တာ လူသေရင်သေ မသေရင်တရားရ အဲ့လိုလုပ်ချင်တာ။ ဦးဇင်းနဲ့တဝါသွားကျင့်တော့လည်း ပြသလိုလုပ် သေရင်သေ မသေရင်သာသနာဆက်ပြု အဲ့လိုလုပ်ရတာ။
ဒီသဲအင်းမှာတဝါကျင့်တော့လည်း အသေကျင့်ရတာ အသေသတ်ရတဲ့လမ်းတွေ၊ ရုပ်ကိုညှာလို့မရတော့ဘူး စိတ်ကောရုပ်ကော ၂ လလောက်ကြာတော့ မကျင့်နိုင်တော့ဘူး ထိုင်ကိုမထိုင်နိုင်တော့တာ ဘယ်လိုထိုင်ရမှန်းတောင်မသိတော့ဘူး သဒ္ဓါတွေလည်းပျက်ကျ ရုပ်ကလည်းမတည်နိုင်တော့ဘူး၊ အဲ့ဒီမှာအကုန်လုံးလွှတ်ချတာ အဲ့ဒီတော့မှ ဆရာအားကိုးတဲ့စိတ်တွေ မိဘအားကိုးတဲ့စိတ်တွေ နောက်ဆုံးသေခါနီးမှာ ဘယ်အချိန်ဘယ်အခါသေမယ်ဆိုတာ အတတ်သိသွားတယ် ဟာ ငါကျေနပ်သွားပြီ ဒီခန္ဓာကြီးသေမယ့်အချိန်ကိုငါသိနေပြီ ဘယ်အချိန်ဘယ်ရောဂါနဲ့သေရမယ်ဆိုတာ အတတ်သိသွားတာ အဲ့ဒီတော့ကျေနပ်သွားတယ်။ ရုပ်နာမ်တွေမြင်ဘို့ တန်ခိုးကြီးဘို့မလိုဘူး သေခါနီးအသေတတ်ရင်တော်ပြီ တကယ်အသေတတ်နည်းရသွားတော့မကြောက်တော့ဘူး၊ ဒီရုပ်ကြီးအိုချင်တဲ့အချိန်အို သေချင်တဲ့အချိန်သေ အဲ့ဒီထဲလွတ်အောင်သွားထားတာ သူ့ဟာသူဒါကြီးကတလိုင်းကျန်နေခဲ့တယ် ဒီဟာကြီးက အမိဝမ်းတွင်းကနေ ခြောက်ပေခေါင်းသွားနေတဲ့တလိုင်း၊ ဒါကြီးကိုမှီပြီးဖြစ်နေတဲ့စိတ်ကလေးက မကောင်းတာလုပ်ရင်အပါယ်ဆွဲချမယ် ကောင်းတာလုပ်ရင်ကောင်းတဲ့ဆီရောက်မယ် အဲ့ဒါသိသွားတယ်၊ မသေခင်ကတည်းကသူ့ကိုအပြတ်ခွါထားတာ ဒီကမ်းကိုခွါထားတာ။ ဒါကြောင့်ကျင့်ကြ ဒီရုပ်ကိုမညှာနဲ့ ဒါကြီးကတနေ့ သေပြီးပုပ်ပွရဦးမှာ အဲ့ဒါကြီးကိုပဲစိတ်ကစွဲနေတာ ငါ့ရုပ်ငါ့ရုပ်နဲ့ အမလေးငါနာတယ် ငါ့ပေါင်ကြီးနာတယ်နဲ့ အဲ့ဒီစွဲတဲ့ဥပါဒါန်ကြးကိုဖြုတ်ရတာ၊ အဲ့ဒါလည်းဝေဒနာနဲ့တည်ရတယ် ဝေဒနာကိုအစွမ်းကုန်လိုက်ရတာပဲ။ နောက်ဆုံးတော့ဝေဒနာမှမရှိရင်ပေါ့ပျက်ပျက် သူနဲ့ပေါင်းပစ်ရတာ။ ဝေဒနာတက်အောင်ပြန်လုပ် အားလုံးဖျက်ထုတ်ပစ် အစကနေပြန်ယူ ထွက်လေဝင်လေပြန်ရှူ ဘုန်းဘုန်းကလေ ရှူရှူ အဲ့ဒီတော့မှ ဉာဏ်တွေပွင့်လာတာ။ ဒီအရှူလေဈာန်က ဘုရားရဟန္တာတွေတောင်မလွတ်ဘူး၊ ဈာန်ဝင်စားရတယ် အဲ့လိုသဘောပေါက်လာတယ် တရားကသူ့အလိုလိုပြသွားတာ။
ဘုန်းဘုန်းဦးစန္ဒိမာနဲ့ကျင့်တုန်းကလည်း တဝါတွင်းလုံးကျင့်လာတယ် တရားလည်းတလုံးမှမပြောဘူး တခါမှလည်းမမေးဘူး သညာဝင်မှာစိုးလို့တရားမပြောတာ။ တခါတော့ တလကျော်ကျော်လောက်မှာတရားစစ်တယ်၊ နင့်ကိုငါတရားစစ်မယ်ဆိုတော့ ဦးဇင်းအနားသွားတော့ အရှိအတိုင်း အမှန်ကိုအမှန်အတိုင်းဖြေဆိုပြီးတော့ ဟိုတုန်းကကက်စက်ပေါ့ တိတ်ခွေထည့်ပြီး မာမာအေးတိတ်ခွေဖွင့်ပြတယ် ကြားလားတဲ့.. အရှိ အရှိအတိုင်းဖြေဆိုတော့ ငါလည်းရှိတဲ့အတိုင်းဖြေမယ်ပေါ့ ကြားလားဆိုတော့ ကြားတယ်ဘုရားဆိုတော့.. နောက်တခါထပ်ချဲ့ပြတယ် ကြားလားမေးတော့ ကြားတယ်ဘုရားဆိုတော့.. သွားနင်ဘာတရားမှမရသေးဘူးဆိုတော့.. ဦးဇင်းအဲ့လိုပြောလိုက်တာ ရင်ဘတ်ကိုခြေနဲ့ ကန်ခံလိုက်ရသလိုခံစားရတာ ငါ့မှာကျင့်လိုက်ရတာ တလကျော်ဒီတရားတွေကို၊ တရားလည်းမရ ကိုယ့်ကိုအပြစ်တင်သွားတာ ဒီလောက်ကျင့်လာတာ သူမေးတာမဖြေနိုင်ဘူး ငါ့လောက်ဉာဏ်တုံးတာမရှိတော့ဘူး ငါအသုံးမကျပါလား။ ဒီတော့တောင်ပေါ်မှာမွေးထားတဲ့ခွေးတွေသတိသွားရတယ် အဲဒီမှာဒေါ်ပြုံးဆိုတာရှိတယ် သူကခွေးတွေမွေးထားတာ အဲ့ခွေးတွေကခေါ်ရင်နားလည်တယ် သိတယ်၊ ငါဒီခွေးတွေလောက်တောင်တန်ဘိုးမရှိပါလား သေဘို့သာကောင်းတော့တယ် သေရင်ဒီချောက်ထဲသာဆွဲချလိုက်ပါတော့ဒေါ်ပြုံးရယ်ဆိုပြီး ဒီတရားကိုမသိရင် သေရင်လည်းသေပါစေတော့အဓိဒါန်တင်ပြီး ဓမ္မာရုံထဲကနေမထွက်တော့ဘူးကျင့်တော့တာ။ ဦးဇင်းကလည်းမထွက်လေကြိုက်လေပဲ ဒါနဲ့ ဆယ်ရက်လောက်လည်းကြာရော ဦးဇင်းရဲ့ရဟန်းအမ ဒေါ်မြင့်ဆိုတာရှိတယ် သူကတက်လာပြီး.. ဆရာလေးအတော်ကျသွားပါလားအရိုးပြိုင်းပြိုင်းကျလို့ တော်ကြာ ဆရာတော်ဦးသီရိကြွလာရင်ပြောဦးမယ် ငါ့ဆရာလေးကိုစောင့်ရှောက်ပါမှာထားတာ တပည့်တော်တော့အပြောခံရဦးမယ် အိမ်ကိုလိုက်ခဲ့ပါ ဆေးလေးဘာလေးထိုးရအောင်ဆိုပြီး ဦးဇင်းကိုလျောက်ပြီး ခေါ်တာနဲ့လိုက်သွားတာ မိုးကလည်းရွာနေတာ အဲ့ဒီမှာ ရုပ်နာမ်ကွဲသွားတာ။
မိုးတွေရွာလေတွေတိုက်တော့ ဒီမိုးမိရင်တော့ဖျားတော့မယ် အသိလေးကပ်လိုက်တော့ ဘာသတိထားမိလိုက်သလည်းဆိုတော့ ဒီသစ်ပင်ကြီးဟာ သူ့ကိုယ်သူသစ်ပင်လို့လည်းမသိဘူး နေပူတယ် မိုးရွာတယ်လို့လည်းမသိဘူး အဲ့ဒီသစ်ပင်ကြီးကိုဉာဏ်ကမြင်ပြီးတော့ အဲ့ဉာဏ်က ခန္ဓာဘက်လည်းလှည့်လာရော့ ဟာ ဒီရုပ်ကြီးက သူ့ကိုယ်သူရုပ်လို့လည်းမသိဘူး ပူတယ် အေးတယ် မိုးရွာတယ်လို့လည်းမသိဘူးပေါ့ အဲ့ဒီဉာဏ်လည်းဝင်သွားရော အဲ့ဒီမှာပြတ်ထွက်သွားရော။ အဲ့ဒါနဲ့ အိမ်လည်းရောက်သွားရော ဆရာလေးဆေးခန်းသွားမယ် ဘာသွားလုပ်မှာလည်းဆေးခန်းကိုမေးတော့ နေမကောင်းဘူးလေ အော်နေမကောင်းဘူးလား.. ဆရာလေးရယ် နေမကောင်းလို့ အားနည်းလို့ပြောဆိုရင် နေမကောင်းလို့ အားနည်းလို့ လိုက်မှတ်နေရတာ.. မှတ်စိတ်မရှိတော့မှတ်နေရတာ သညာအားလုံးပြုတ်ထွက်သွားတာ.. ဆေးခန်းရောက်တော့ ဆရာဝန်ကရှူရှူဆိုတော့ရှူတယ် လက်ကိုင်တော့ လက်လို့မသိဘူး ဒုတ်ကြီးကိုင်ထားသလို၊ လက်မရှိတော့ဘူး လွတ်ထွက်သွားတာ အဲ့ဒီမှာအသိလည်းပေါ်ရော့ တနေ့ကဦးဇင်းမေးတာ ငါသိသွားပြီ ဉာဏ်ပွင့်သွားတာ။
ပြန်တော့မယ်ကျောင်းကိုဆိုပြီး ဆေး ၃ ရက်စာထိုးရမှာယူသွားပြီး ပြန်သွားတာ၊ ကျောင်းရောက်တော့ ဦးဇင်းလို့ ဦးဇင်းမေးတာတပည့်တော်သိသွားပြီလို့.. ခပ်တည်တည်နဲ့ဘာမှမပြောထိုင်နေပြီး ဖွင့်ပြတယ် ကြားလားတဲ့ မကြားဘူးဘုရားလို့ တရားကိုနော်တလုံးမှမပြောခဲ့ဘူး နောက်ထပ် ထက်ကျယ်ပြန်ပြီး ပိုလို့မကြားဘူးလို့ပြောလိုက်တယ်။ ဦးဇင်းက ဘယ်လိုမကြားတာလည်း မေးမလို့လည်းကြံရော့ ဆရာလေးကကောက်ဖြေလိုက်တာ ဘေးနားမှာရှိတဲ့ကျွန်းတိုင်ကြီးပေါ့ ဒီတိုင်ကြီးကဘုရား သူကိုယ်သူတိုင်လို့မသိဘူးဘုရားလို့ အဲ့ခါမှ သာဓု သာဓု သာဓု နင့်ကိုငါစိတ်ချသွားပြီ အဲ့ဒါဆိုရင် နင်စိတ္တသတိပဌါန်ကိုရောက်သွားပြီတဲ့။ ဆရာလေးကတော့ စိတ္တသတိပဌါန်လည်းမသိ ဘာလည်းမသိ ဒါပေမယ့် ဦးဇင်းမေးတာတော့ဖြေတတ်သွားတယ် ဆရာလေးကအဲ့လိုလိုက်ခဲ့ရတာ။ ဦးဇင်းကလည်း နင်မကျင့်လည်းရပြီတဲ့ ဘယ်နေနိုင်တော့မလည်း ကျင့်တော့တာပေါ့ အရင်ထက်ကိုအားတွေက နှစ်ဆလောက်ပြည့်လာပြီးကျင့်တော့တာပေါ့။ သိသွားပြီ ကိုယ့်ဟာကိုယ်ကျင့်တတ်သွားပြီ။
နောက်ဘုန်းဘုန်းကြီးနဲ့ပြန်ကျင့်တော့ ဟာ ဒီကောင်မလေးကသမာဓိတွေကောင်းလာတာပဲ ဦးစန္ဒိမာဘယ်လောက်တောင်ရိုက်ထားလည်းမသိဘူးတဲ့ နားစည်ကိုပေါက်သွားတာ နှာခေါင်းကလေမထွက်တော့ပဲ နားကကန်ထွက်သွားတာ၊ ဘယ်လောက်ထိခန္ဓာကိုယ်က အရည်စစ်ကျသွားလည်းဆိုရင် အုန်းသီးအရည်ညှစ်လိုက်သလို စစ်ကျသွားတာ။ မဟာပလ္လင်နဲ့လည်းချိတ်တာပဲ အူတွေပြတ်ထွက်သွားမလောက်ထိခံစားရတာပဲ ဒါပေမယ့်မရုန်းဘူး မကြောက်ဘူး ဘယ်နှစ်နာရီထိုင်ဆိုရင်ထိုင်တာပဲ မလှုပ်ဘူး မယိုင်ဘူး အသေစွန့်တာပဲ မခံနိုင်မှသာသူ့ဟာသူမျက်ရည်တောက်တောက်ကျခံတော့တာပဲ။ နောက်ဘုန်းဘုန်းနဲ့ပြန်ကျင့် ဘုန်းဘုန်းပြတော့မှ ဉာဏ်တွေပွင့်လာတယ်၊ ပညတ်တွေကွာပြီး လမ်းလျောက်ရင် ခြေထောက်မပါတော့ဘူး ရေချိုးရင်ရေမပါတော့ဘူး အဲ့ဒီမှာ ဓါတ်သဘောတွေသိသွားတယ်။ အဲ့ဒီမှာ ဘုန်းဘုန်းကြီးကတခါ အဲ့ဟာတွေပြန်ဖြုတ်ပြန်ရော ဒါတွေတရားမဟုတ်ဘူး အဲ့အသိတွေပြန်ဖြုတ်၊ ငါ့မှာဒီလောက်ကျင့်လာပြီးတော့ ဒါတွေတရားမဟုတ်ဘူးဆိုတော့ ဘာဆက်လုပ်ရမှာလည်း ဘုန်းဘုန်းကဉာဏ်တွေတအားပြေးတာနော အဲ့အသိတွေပြန်ဖြုတ်ပြစ်တာ မဟုတ်ရင်အဲ့အထဲမှာ အထင်တွေကြီးနေမယ် ဆရာတော်ကအဲ့အသိတွေပြန်ဖြုတ်တော့ ငုပ်တုတ်ကြီးကျန်နေရော၊ ပြန်ကျပြန်ရော ဒီရုပ်ပေါ်မှာ ဒီတခါတော့ပိုဆိုးတယ် အသိဉာဏ်နဲ့လိုက်ရတယ်။
သဒ္ဓါအရေးကြီးတယ် ပါရမီချင်းကလည်းမတူတော့ အဲ့လိုကျင့်လာခဲ့ရတာ ဆရာတော်က ပယ်ချ ပယ်ချနဲ့ ကျင့်လာခဲ့ရတာ နောက်ဆုံးတော့ဘာဖြစ်လည်း ဘာမှမရှိတော့ဘူး ပညတ်တွေရှင်းပြီး မြင်တာပဲရှိတယ် ကြားတာပဲရှိတယ်။ မျက်စိအကြည်ပေါ်ကမြင်တာပဲရှိတယ် ဘယ်သူဘယ်ဝါရယ်လို့ ထွက်မလိုက်တော့ဘူး ကြားတာပဲရှိတယ် ဘာပဲညာပဲလို့ထွက်မလိုက်တော့ဘူး။ မြင်ရင်ဘယ်သူပဲလို့ဒီကပုံရှိရင်ထွက်တာပဲ ဒီကပုံဖျက်လိုက်တော့ ပုံမရှိတော့ဘူး အရိပ်ပဲရှိတော့တယ်။ ရုပ်ပေါ်မှာလာကျတဲ့ရုပ်ရိပ် သိတာကလည်းနာမ်ရိပ် အဲ့ဒီတော့အရိပ်တွေပဲရှိတော့တယ် အကောင်မပါတော့ဘူး အဲ့ဒီတော့မှစိတ်တွေပြောင်းပြီးတော့ လွတ်သွားတာ။ အဲ့ဒါကြောင့်ကျင့်ကြလို့ ကိုယ်လည်းလုပ်ရင်ရတာပါပဲ…..။
ဆရာကြီးဒေါ်ဧက၏ သဒ္ဓါ ဝီရိယအား အားကျကြည်ညိုလျက်….။
Source : (မူရင်း)
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ မှ ဓမ္မဒါန
ရေးသားပူဇော်ပါသည်။
၆။ ဝေဒနာချုပ်တယ်ဆိုတာ – ဆရာတော် ဦးကေလာသ (June 3, 2018)
ဝေဒနာလို့ ဆိုတာက ပညတ်။
ခံစားတဲ့သဘောက ပရမတ်။ဝေဒနာရှု့တယ်ဆိုတာ
ခံစားတဲ့သဘောကို ရှု့တာ။
ခံစားတဲ့သဘောကို ပြန်မြင်ရင်
ဝေဒနာ လွတ်တယ်။
အဲဒီအခါ ခံစားတဲ့သဘောနဲ့
ဝေဒနာ ကွဲသွားတယ်။
ဆက်ကျင့်တဲ့အခါ မလွတ်တော့ပြန်ဘူး။
စိတ်ကခံစားချင်လို့ ခံစားတာမဟုတ်။
မခံစားချင်ပံနဲ့ ခံစားနေရတာ။
ခံစားတာက သဘာဝ၊
မခံစားနိုင်တာက “ငါ”
စိတ်ရဲ့အနောက်က
မခံစားနိုင်တဲ့ “ငါ” ကိုမြင်မှ
ဝေဒနာချုပ်တယ်။
ဝေဒနာချုပ်တယ်ဆိုတာ ဘာလဲ…
ဝေဒနာချုပ်တယ်ဆိုတာ
ခံစားတဲ့သဘာဝအနောက်က
မခံစားနိုင်တဲ့ “ငါ” ဆိုတဲ့
အယူပြုတ်သွားတာပါ။
ဖောက်ပြန်တဲ့သဘောက ရုပ်တရား
ခံစားတဲ့သဘောက နာမ်တရား
ရုပ်သဘာဝ နာမ်သဘာဝက
သူ့ဘာသူရှိပြီးသား
ဘယ်တော့မှ ပါယ်လို့မရဘူး။
ပါယ်ရမှာက မခံစားချင်တဲ့ “ငါ”။
(ဆရာတော် ဦးကေလာသ၏ စခန်းတွင်းဟောကြားထားသော လက္ခဏာစခန်းရှု့ကွက်မှကောက်နှုတ်ပူဇော်ပါသည်)
Source : (မူရင်း) ကိုလင်းထင်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ မှ ဓမ္မဒါန
ရေးသားပူဇော်ပါသည်။