ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှ လှိုက်လှဲစွာကြိုဆိုပါ၏။

ဓမ္မမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

၁၂။ ဉာဏ်ခြယ်တဲ့ ဒီဆယ်လှိုင်း (Oct 13, 2018)

၁၂။ ဉာဏ်ခြယ်တဲ့ ဒီဆယ်လှိုင်း (Oct 13, 2018)

ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ဓမ္မကထိက ဆရာတော်တစ်ပါးက အသံနေ အသံထားလေးနဲ့ သင်ပေးခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ ငယ်ငယ်ကတော့ တစ်မူးရလို့ ကျက်ခဲ့ဆိုခဲ့ကြတာပေါ့။ ဒီဘက် တရားအကျင့်နယ်ရောက်တော့မှ ဒါတရားမှန်းသဘောပေါက်ပြီး သိလာခဲ့ရတယ်။

စိတ်တစ်လုံးက လောကကြီးဖြစ်ပုံနော် … မျက်စိပေါက်က စိတ်တစ်လုံး၊ နားပေါက်က စိတ်တစ်လုံး၊ နှာခေါင်းပေါက်က စိတ်တစ်လုံး၊ ပါးစပ်ပေါက်က စိတ်တစ်လုံး၊ ကိုယ်ပေါက်က စိတ်တစ်လုံး၊ မနောပေါက်က စိတ်တစ်လုံး၊ စိတ် (၆) စိတ်ရဲ့ လှည့်စားချက်တွေနော်။ ငယ်ငယ်က ကျက်ခဲ့ရတဲ့ ကဗျာလေးကတော့ …

“ပြည်နိဗ္ဗာန် ဖောင်ကတို့
ဆောင်ပို့မှ ရောက်လိမ့်မယ်
လောင်းလှေငါးဆယ်ဈေးရယ်နဲ့
ပေးရယ်လို့ဝယ်။
မိချောင်းကခြောက်ကောင်တွယ်
ဉာဏ်ခြယ်တဲ့ ဒီဆယ်လှိုင်း
ရှစ်ဆိုင်ကို နိုင်အောင်ဖွင့်နိုင်မှ
တင်သင့်ရင် တင်ပါလိမ့်မယ်ကွယ်
လောင်းရစ်ကျော်ဘုန်း။
(အာဇာနည်ဘုန်းကြီး)

ပြည်နိဗ္ဗာန် ဖောင်ကတို့ ဆောင်ပို့မှ ရောက်လိမ့်မယ် – ဆိုတာက နိဗ္ဗာန်ကိုသွားမယ်ဆိုရင်တော့ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယ ဆိုတဲ့ ဖောင်ကိုစီးကြရမယ်။ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယနဲ့မကြိုးစားရင်တော့ ပြည်နိဗ္ဗာန်ကြီးကို မရောက်နိုင်ကြပါဘူး။

လောင်းလှေငါးဆယ်ဈေးရယ်နဲ့ ပေးရယ်လို့ဝယ် – ဆိုတာက ယောဂီတို့ အခုရထားတဲ့ လူ့ဘ၀ ဒီခန္ဓာကြီးကို ဒါန၊ သီလတွေနဲ့ ဝယ်ခဲ့ကြရတာ။ လူဖြစ်ရပါလို၏ နတ်ဖြစ်ရပါလို၏ ဆုတွေတောင်းခဲ့ကြတော့ အခု ခန္ဓာငါးပါး ရုပ်ကြီးရလာကြပြီ။ အခုထိုင်နေတဲ့ ရုပ်ကြီးက ရူပက္ခန္ဓာပဲ မိန်းမ၊ ယောက်ျားမဟုတ်ဘူးနော်။ ဘုန်းဘုန်းပြောနေတာတွေ ဘာပြောပါလိမ့်လို့မှတ်သားနေတာ သညက္ခန္ဓာ။ ဘုန်းဘုန်းဆီ အာရုံလှမ်းပြုနေတာက သင်္ခါရက္ခန္ဓာ။ ပြောတဲ့အပေါ် လိုက်ခံစားနေတာက ဝေဒနက္ခန္ဓာ။ ဘုန်းဘုန်းဟောတဲ့တရားတွေ သိသိနေတာ ဝိညာဏက္ခန္ဓာခေါ်တယ်။ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိဉာဏ် ဒီခန္ဓာငါးပါးကြီးကို ဒါနတွေနဲ့ဆယ်ထားတာ။

မိချောင်းကခြောက်ကောင်တွယ် ဉာဏ်ခြယ်တဲ့ ဒီဆယ်လှိုင်း – ဆိုတာက မိမိတို့ရရှိထားတဲ့ ဒီခန္ဓာငါးပါးရုပ်ကြီးမှာ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊မနော ဆိုတဲ့ ဒြွာရ ၆ပေါက်ရှိတယ်။ အဲဒါကို “မိကျောင်း ၆ ကောင်လို့ခေါ်တယ်။ မျက်စိအကြည်ကို အဆင်းကလာတွယ်မယ်။ နားအကြည်ကို အသံကလာတွယ်မယ်။ နှာခေါင်းအကြည်ကို အနံ့ကလာတွယ်မယ်။ လျှာအကြည်ကို အရသာက လာတွယ်မယ်။ ကိုယ်အကြည်ကို တွေ့ထိစရာက လာတွယ်မယ်။ မနောအကြည်ကို ကြံတွေးစရာအတွေးကလာတွယ် ကြမယ်။

အဆင်း၊အသံ၊အနံ့၊အရသာ၊တွေ့ထိစရာ၊ကြံတွေးစရာ ဆိုတဲ့ မိချောင်း၆ကောင် အတိုက်ဓါတ် ၆ပါးကလာတွယ်လိုက်ရင် “ဉာဏ်ချယ်တဲ့ ဒီဆယ်လှိုင်း” အကုသလကမ္မပထတရား (၁၀) ပါးက လှိုင်းများလို ချယ်လှယ်လိုက်တယ်။ နေ့တိုင်း နေ့တိုင်း ကာယကံ၃ပါး၊ ဝစီကံ၄ပါး၊ မနောကံ၃ပါး၊ အကုသိုလ်ဒုစရိုက် ၁၀ ပါး ဖြစ်နေကြတယ်။ ရုပ်နာမ် ခန္ဓာအပေါ်မှာ အသိလေးနဲ့ နေရင်တော့ လွတ်တာပေါ့။ အသိနဲ့ မနေတဲ့သူကတော့ အဲဒီအကုသိုလ်ဒုစရိုက် ၁၀ ပါးက မလွတ်နိုင်ကြဘူး။

ကာယဒုစရိုက် = ကာယကံ (၃) ပါး ကတော့ …
(၁) ပါဏာတိပါတ = သူတပါးအသက်ကိုသတ်ခြင်း၊
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နှတ်တို့ဖြင့် မပေးအပ်သောသူတပါးဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ = သူတပါးသားမယားတို့အား မှားယွင်းစွာဖေါက်ပြန်ကျူးလွန်ခြင်း။

ဝစီဒုစရိုက် = ဝစီကံ (၄) ပါး ကတော့ …
(၁) မုသာဝါဒ = မဟုတ်မမှန်သောအရာကိုဟုတ်မှန်သည့်အနေဖြင့်လိမ်ညာပြောဆိုခြင်း၊
(၂) ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်း။
(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာဆဲရေးတိုင်းထွာပြောဆိုခြင်း၊
(၄) သမ္ဖပလာပ = မိမိသူတပါး နှစ်ဦးသားလုံးဝအကျိုးမရှိသောစကားပြောဆိုခြင်း၊

မနောဒုစရိုက် = မနောကံ (၃) ပါး ကတော့ …
(၁) အဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားယူရန် ကြံစည်ခြင်း။
(၂) ဗျာပါဒ = သူတပါးပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း၊
(၃) မိစ္ဆာဒိဋ္ဌိ = ကံ ကံ၏ အကျိုးကို မယုံကြည်မှု တို့ဖြစ်တယ်။

အဲဒီအကုသိုလ်ဒုစရိုက် ၁၀ ပါးထဲက တစ်နေ့တာ ဘယ်သူလွတ်ကြသလဲ။ ဘယ်သူမှ မလွတ်ကြဘူး။ အောက်အီးအီးအွတ်ဆိုတဲ့ အသံက နားနဲ့တိုက်တဲ့အခါ အသံက ဘဝင် (ဟဒယ) ကိုရောက်သွားရင် ဘဝင်မှာ ကြက်ဖြစ်သွားပြီး ကြက်ပုံ၊ကြက်ရုပ် ပေါ်လာမယ်။ ပေါ်လာရင် ကြားလိုက်တဲ့အသံပေါ်မှာ သာယာရင် ကောင်းတယ်ဆိုပြီး လောဘကုသိုလ်စိတ် ဖြစ်မယ်။ မသာယာရင် ဒေါသ အကုသိုလ်စိတ်ဖြစ်မယ်။ ဒါကြောင့် ကြားတဲ့အသံပေါ်မှာ ကုသိုလ် အကုသိုလ်စိတ်ဆိုပြီး စိတ် ၂ စိတ် ဖြစ်မယ်။

မျက်စိနဲ့အဆင်းနဲ့တိုက်ရင်လဲ အဆင်းပေါ်မှာ မှီပြီး မနောဘဝင်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆင်းဆိုသာယာတဲ့ ကုသိုလ်စိတ်ဖြစ်ပြီး မကြိုက်မနှစ်သက်ခဲ့ရင် မသာယာတဲ့ အကုသိုလ်စိတ်ဆိုပြီး စိတ် ၂ စိတ် ဖြစ်မယ်။

နှာခေါင်းနဲ့အနံ့ ထိတွေရင်လဲ မနောကဘဝင်မှာ မွှေးတယ်လို့ယူရင် ကောင်းတဲ့ကုသိုလ်စိတ်၊ နံတယ်လို့ယူရင် မကောင်းတဲ့အကုသိုလ်စိတ် ၂ စိတ်ဖြစ်မယ်။

ကိုယ်နဲ့တွေ့ထိစရာနဲ့တွေ့ရင်လဲ နူးနူးညံ့ညံ့ဆိုရင် ဘဝင်မှာကြိုက်ပြီး သာယာတဲ့ကုသိုလ်စိတ်၊ မာတယ် စူးတယ် ကြမ်းတယ်ဆိုရင် မသာယာတဲ့ အကုသိုလ်စိတ် ၂ စိတ် ဖြစ်မယ်။

လျှာမှာလဲ ကြိုက်နှစ်သက်တဲ့ အရသာနဲ့ထိတွေ့ရင် သာယာတဲ့ကုသိုလ်စိတ်၊ မကြိုက်နှစ်သက်တဲ့ အရသာနဲ့ထိတွေ့ရင် မသာယာတဲ့ အကုသိုလ်စိတ်ဆိုပြီး စိတ်၂ စိတ် ဖြစ်သွားမယ်။

မနောနဲ့အတွေးနဲ့တွေ့ပြန်ရင်လဲ ကိုယ်ကြိုက်တာလေးတွေးရင် သဘောကျပြီး စိတ်ကူူးယဉ်နေမယ် ကုသိုလ်စိတ်၊ မကြိုက်တာ တွေးမိရင် ဒေါသ အကုသိုလ်စိတ် ၂ စိတ် ဖြစ်သွားမယ်။

မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆိုတဲ့ ၅ခုမှာ မြင်တဲ့အပေါ်၊ ကြားတဲ့အပေါ်၊ နံတဲ့အပေါ်၊ စားတဲ့အပေါ်၊ အတွေ့အထိအပေါ်မှာ မနောကကောင်းတယ် မကောင်းဘူး လုပ်ပေးတော့ မျက်စိပေါ်မှာ ၂ စိတ်၊ နားပေါ်မှာ ၂ စိတ်၊ နှာခေါင်းပေါ်မှာ၂ စိတ်၊ လျှာပေါ်မှာ၂စိတ်၊ ကိုယ်ပေါ်မှာ၂ စိတ် အားလုံး ၁၀ စိတ် ဖြစ်သွားမယ်။ မနောက ကောင်းမကောင်းလုပ်ပေးနေရလို့ ဒီနေရမှာ မနောကိုထည့်မစဉ်းစားဘူး။အဲဒီတော့ “ဒွေပဉ္စ ဝိဉာဏ် ၁၀” ဆိုပြီး စာပေမှာခေါ်ကြပါတယ်။ ဒါကြောင့် “ဉာဏ်ချယ်တဲ့ ဒီဆယ်လှိုင်း” ဆိုတာ ကုသိုလ် အကုသိုလ် ၁၀ ခုကို ပြောတယ်ဆိုတာ တွေ့ရတယ်။

ရှစ်ဆိုင်ကို နိုင်အောင်ဖွင့်နိုင်မှ – ဆိုတာကတော့ … ဒါကြောင့် ခုနကပြောတဲ့စိတ် ၁၀ ခုမှ လွတ်အောင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇိ၀ ဆိုတဲ့ သီလမဂ္ဂင် ၃ပါး၊ သမ္မာဝါယာမ၊ သမ္မာသတိ သမ္မာသမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင် ၃ပါး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ ပညာမဂ္ဂင်၂ပါး – မဂ္ဂင် ၈ ပါးနဲ့အနိုင်ကျင့်နိုင်မှ လွတ်ကြမယ်ကို ဆိုလိုတာပါ။

တင်သင့်ရင် တင်ပါလိမ့်မယ်ကွယ် လောင်းရစ်ကျော်ဘုန်း – ဆိုတာကတော့ … ဒီလိုကျင့်ကြံကြပေမယ့်လည်း ဉာဏ်ရည်မပေါ်ရင် တင်ချင်မှ တင်မှာပါ။ တင်သင့်ရင် တင်မှာပေါ။ မတင်နိုင်ကြတာက များသေးတယ်။ ဘဝကို လွတ်အောင်မသွားနိုင်ကြဘူးပေါ့။ ဒီလိုကျင့်ပေမယ့်လည်း ဉာဏ်ရည်မပါရင်တော့ မလွတ်နိုင်ကြဘူး။ ဘဝကို လွတ်အောင်မသွားနိုင်ကြဘဲ လူဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝတွေနဲ့ ကျန်ရစ်နေခဲ့ကြအုံးမှာပေါ့။ ရှေးဆရာတော်တွေ ဟောခဲ့တဲ့ တဘောင်လေးလို …

“ယက်သဲ့ကြား ငါးတင်
တင်တဲ့ငါး ကြောင်စား
ကျန်တဲ့ငါးမှ ဘုရားကယ်မယ်”

ဆိုသလိုမျိုးပေါ့။ ၅ ပါးသီလလုံတဲ့သူတွေ၊ သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေသာ ယက်သဲ့ကြားငါးတင်သလို တင်ကျန်ပြီး အဲအထဲမှာမှ တကယ်ဝိပဿနာဉာဏ်ရည်ထက်မြတ်တဲ့ သူတွေသာ ၃၁ ဘုံကနေ ဘဝလွတ်မြောက်ကြရမှာပေါ့။

ဉာဏ်မျက်စိနဲ့မမြင်ရင်တော့ ဘဝကို မကြောက်ကြဘူး။ ဘဝတွေမလွတ်ရင်တော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တော့ ရနေကြမှာ။ အိုခြင်း၊ နာခြင်း၊ သေခြင်းကနေ လွတ်မှာ မဟုတ်ဘူးနော်။ ဘဝတွေ ထပ်ထပ်ရနေကြအုံးမှာ။ တစ်ဘဝနဲ့ ပြတ်ချင်ရင်တော့ စိတ်တစ်လုံးကို သိစရာအကြွင်းအကျန်မရှိသိအောင် ရှူ့ကြ။ လောကကြီးဆိုတာက ကိုယ့်စိတ်က ဖြစ်တာချည်းဘဲ။ သိမှုဆုံးမှ အေးကြမှာ။ အသိဆုံးတော့ နိဗ္ဗာန်ပေါ့။ ချုပ်တာလေး ငြိမ်တာလေးတောင် မရှိစေနဲ့။ အသိကုန်ရင် ဒီဘဝမှာတင် အိုခြင်း၊ နာခြင်း၊ သေခြင်းက လွတ်ကြမှာပါ။ အခုဒီတရားတွေကျင့်နေတာလဲ အိုခြင်း နာခြင်း သေခြင်းက လွတ်အောင်ကျင့်နေကြတာဘဲ။ ဒီရုပ်ကြီးသေမှ လွတ်တာမဟုတ်ဘူးနော်။ ဒီရုပ်ကြီးရှိလျှက်နဲ့ပဲ ယောဂီတို့ရဲ့ မှားယွင်းနေတဲ့စိတ်တွေကို မဂ်က သတ်သတ်သွားတော့ စိတ်တွေ ပြောင်းပြောင်းသွားကြလိမ့်မယ်။ အင်မတန်ကိုမှ ကျင့်ထိုက် ကျင့်အပ်တဲ့ တရားပါ။ ဒီခန္ဓာကိုယ်ကြီးက တစ်နေ့ သေရမှာ၊ ဒါကြောင့်ခန္ဓာကို မငဲ့ဲညှာဘဲ သဒ္ဓါတင်ပြီး ကျင့်ကြရင် လွတ်မြောက်ကြပြီး လိုချင်တဲ့ပန်းတိုင် ပြည်နိဗ္ဗာန်ကို ရောက်ရှိကြမှာပါ…။

(ဇင်နွယ်ညွန့်ရေးသားပူဇော်၍ ရဲရင့်ရှင်းသန့်မှ ဓမ္မဒါနဖြင့် စာစီစာရိုက်ပေးပါသည်)

ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့(စင်္ကာပူ)
www.vizawdayatheinn.com